လူငယ် ဗီဇနှင့် ပတ်ဝန်းကျင် တို့၏ အညမည

နေ့လူငယ် နောင်ဝယ် လူကြီးဆိုသည့် စကားအတိုင်း လူငယ် ဆိုသည်မှာ တိုင်းပြည်၏ အနာဂတ် ခေါင်းဆောင် လောင်းလျာများ ဖြစ်သည်ကို အားလုံး လက်ခံသိရှိပြီး ဖြစ်ကြသည်။ သို့သော် လူငယ်တိုင်း လူကြီး ဖြစ်လာကြမည်မှာ မလွဲဧကန် ဖြစ်သော်လည်း လူငယ်တိုင်း အနာဂတ်၏ ခေါင်းဆောင်ကောင်း၊ ပညာရှင်ကောင်း၊ လုပ်သားကောင်းများ ဖြစ်လာနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့် နည်းဆိုရပါမူ လူငယ်တို့ ရှင်သန်ကျက်စားရာ ပတ်ဝန်းကျင် များနှင့် သက်ဆိုင် နေသောကြောင့် ဖြစ်သည်။

လူသည် ဗီဇနှင့် ပတ်ဝန်းကျင်တို့ အညမည ဖြစ်ကာ ကြီးပြင်း လာရသဖြင့် ဗီဇက တစ်ဝက်၊ ပတ်ဝန်းကျင်က တစ်ဝက် လူကို လွှမ်းမိုးလေ့ ရှိသည်။ ပီပြင်သော သာဓက တစ်ခုဖြင့် ပြဆိုပါမည်။ ဘုရား ဟောနိပါတ်တော်လာ ကျေးညီနောင်တို့၏ ပုံသာဓက ဖြစ်သည်။ ဗီဇစိတ်မှာ ကျေးငှက်ဟူသော အဟိတ် တိရစ္ဆာန် ဖြစ်ပြီး လေပြင်း မုန်တိုင်းကြောင့် လွင့်ပါ၍ ညီနောင်နှစ်ဦး ကွဲကွာကာ ကျရောက်ရာ အရပ်မှ ပုဂ္ဂိုလ်တို့၏ အလေ့အထကို အတုယူ ကြီးပြင်း ရသဖြင့် ခိုးသားဓားပြ လက်သို့ ရောက်ရှိသော ကျေးမှာ ရိုင်းပျ ကြမ်းတမ်း သွားရသည်။ သူတော်ကောင်း ရသေ့ရဟန်းတို့ လက်သို့ ကျရောက်သွားသော ကျေးမှာ လိမ္မာယဉ်ကျေး သွားရသည်။ ဤသည်ကို ထောက်ရှု၍ အသိအမြင် အတွေ့အကြုံ နုနယ်သော လူငယ်တို့ကို ပတ်ဝန်းကျင်က ထက်ဝက်မျှ လွှမ်းမိုးကြောင်း သိသာ ထင်ရှား လှပေသည်။မြန်မာစကား၌ လက်ဦးဆရာ မည်ထိုက်စွာသား ပုဗ္ဗစရိယမိနှင့် ဖဟူ၍ ရှိသည်။

ပုဗ္ဗ ရှေးကဖြစ်သော စရိယ ဆရာသည် မိခင်နှင့် ဖခင်တို့ဖြစ်ကြောင်း ဆိုကြသည်။ မှန်ပေသည်။ လူ့ဘဝသို့ ချဉ်းနင်း ဝင်ရောက်လာသူတိုင်း တွေ့ကြုံ ဆုံစည်းရမည့် ပထမဆုံးသော ပတ်ဝန်းကျင်မှာ မိနှင့်ဖဖြစ်သည်။ လူမှန်း မသိမီကပင် မိဘတို့၏ အပြောအဆို၊ အပြုအမူတို့ကို အတုယူ တတ်ကြသည်။ လူမှန်းသိကြသောအခါ မိဘတို့၏ အပြုအမူ၊ အပြောအဆို၊ အနေအထိုင် တို့ကို ပို၍ အတုယူ လာကြသည်။ ဤအခြေအနေသည် ကျေးညီနောင်၏ အခြေအနေနှင့် ထပ်တူထပ်မျှ ဖြစ်သော ဗီဇစိတ်နှင့် ပတ်ဝန်းကျင်ကို စတင် ပေါင်းစပ်သော ကာလဟု ဆိုချင်သည်။

ကလေးတို့၏ မိဘနှစ်ပါးမှာ ခိုးသားဓားပြနှယ် မဆိုးမမိုက် ကြသော်လည်း စည်းကမ်း ကလနား မရှိသော မိဘ၊ နှုတ်ကြမ်းသော မိဘ၊ လောဘကြီးသော မိဘ၊ ဒေါသကြီး သောမိဘ၊ အစားကြူးသောမိဘ၊ အအိပ်ကြီးသောမိဘ၊ လုံ့လနည်းသော မိဘ၊ ဘာသာတရား ကိုင်းရှိုင်းမှု မရှိသော မိဘ စသည်ဖြင့် သားသမီးအတွက် ကောင်းမွေ မပေးနိုင်သော မိဘဖြစ်ငြားအံ့။ ထိုကလေး၏ အနာဂတ်မှာ ခိုးသားဓားပြ လက်သို့ကျသော ကျေးနှယ် ရင်လေးဖွယ် ဖြစ်ချေသည်။

ထို့အတူ ထိုအပြုအမူ စရိုက်များနှင့် ဆန့်ကျင်ဘက် ဖြစ်သော မိဘတို့၏ အရိပ်ကို ခိုရသည့် သားသမီး တို့သည် သူတော်ကောင်း ရသေ့တို့၏ လက်သို့ ရောက်သော ကျေးသားနှယ် ထိုလူငယ်တို့၏ အနာဂတ်မှာ ထွန်းလင်း တောက်ပ လျက်ရှိသည်။ ပျက်အစဉ် ပြင်ခဏ ဆိုသည့် စကားကဲ့သို့ အပျို၊ လူပျို လွတ်လပ်သော အချိန်က မည်သို့နေထိုင် စားသောက်နေခဲ့ စေကာမူ အိမ်ထောင်သည်ဘဝ၊ သားသမီးများ ရရှိသော အချိန်တွင် အကျင့်ဆိုးများကို ပယ်ရှား၍ အကျင့်ကောင်းများကို မွေးမြူကာ မိမိတို့၏ သားသမီး များအား အနာဂတ်၏ လူချွန်လူကောင်းများ ဖြစ်စေရန် ပြုစုပျိုး ထောင်ရမည့် တာဝန်ရှိကြောင်း စဉ်းစား တွေးခေါ် တတ်သည့် မိဘတိုင်း သတိချပ် သင့်လှပေသည်။ ဤကဲ့သို့ မိမိတို့၏ သားသမီးများကို စိတ်ပိုင်းဆိုင်ရာ၌ သာမက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရန် လက်ဦးဆရာ ဖြစ်သော မိဘများ၌ ကြီးမား လေးလံသော တာဝန်ကြီးများလည်း ရှိပေသေးသည်။

စောစောအိပ်ထ ပြုကျင့်က တွင်းပ ကိုယ်ခန္ဓာ။ ရောဂါခပ်သိမ်း၊ ရှောင်ခွာတိမ်း၊ ကင်းငြိမ်း လွန်ချမ်းသာ ဟူသော သံပေါက် ကဗျာလေး၏ အဓိပ္ပာယ်ကဲ့သို့ အိပ်ရာဝင် အိပ်ရာထမှအစ၊ မူးယစ်ဆေးဝါးကြောင့် ရသည့်ရောဂါနှင့် ဆိုးကျိုး၊ လောင်းကစား လုပ်ခြင်း၏ အကျိုးအပြစ် စသည်တို့ကို အကျိုးအကြောင်း ရှင်းပြ ဆုံးမရမည့် အပြင် မိမိ၏ သားသမီးများ ခန္ဓာကိုယ် ဖွံ့ဖြိုးစေမည့် အစားအစာ များဖြင့် ကျွေးမွေး ပျိုးထောင်ခြင်း၊ အားကစား လိုက်စားစေခြင်း၊ စာဖတ်သည့် အလေ့အကျင့် ပြုလုပ်ပေးခြင်း စသည့် လက်ဦးဆရာတို့၏ တာဝန်ကို မလစ်ဟင်း စေရန် အရေးကြီးသည်။ လစ်ဟင်းပါက မည်မျှပင် လူတော်လူကောင်းလေး ဖြစ်စေလို၍ ရိုက်နှက် ဆုံးမစေကာမူ အရိုးရင့်လာလျှင် မိုးလွန်မှ ထွန်ချဟူသော စကားကဲ့သို့ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

ထိုမှတစ်ဆင့် တက်၍ ကလေးသူငယ်တို့ စာသင်ကျောင်းရောက် ရပြန်သည်။ စာသင်ကျောင်း၌ ပညာရေးစနစ်အရ သင်ကြားနည်း၊ ပျိုးထောင်နည်း များအတိုင်း ကလေးတို့ စာသင်ကြရသည်။ စာသင်ကျောင်းသည် ကလေးတို့၏ ဒုတိယပတ် ဝန်းကျင်ဖြစ်သည်။ ထိုစာသင်ကျောင်း များ၌လည်း မိဘတို့၏ သင်ကြားမှု အဆက်အစပ်များ ရောလျက် ပါဝင်လာသည်။ ပြည်သူ့နီတိ တည်းဟူသော ပြည်သူတစ်ဦးချင်းစီ၏ လိုက်နာကျင့်ကြံ အပ်သည့် လူမှုကျင့်ဝတ်များ၊ လူမှုစည်းကမ်းများ၊ ခြိုးခြံချွေတာခြင်း၊ လုံ့လ ဝီရိယရှိခြင်း၊ အချိန်ကို တန်ဖိုး ထားတတ်ခြင်း၊ အရွယ်ကို အသုံးချတတ်ခြင်း၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ တိုင်းရေးပြည်ရေး စသည့် ဥပဒေသဘော မသက်ရောက် သေးသော်လည်း စည်းကမ်း၊ နည်းလမ်းများကို ဒုတိယ ပတ်ဝန်းကျင် ဖြစ်သော စာသင်ကျောင်းများ၌ ဆရာ၊ ဆရာမ တို့၏ အကူအညီဖြင့် ဆည်းပူး လေ့လာကြရသည်။ ထိုပတ်ဝန်းကျင်မှ လူ့လောက ခရီးရှည်ကြီး လျှောက်လှမ်းရန် ရင့်ကျက်မှုများကို ရစေသည်။

တတိယ ပတ်ဝန်းကျင်သည် အိမ်နှင့် ကျောင်းတို့၏ ပြင်ပဖြစ်သော မိတ်ဆွေ အပေါင်းအသင်းတို့ပင် ဖြစ်သည်။ မိတ်ဆွေ အပေါင်းအသင်းဟု ဆိုရာတွင် ကျောင်းနေဖက် သူငယ်ချင်း မိတ်ဆွေများ အပါအဝင် ရပ်ကွက်နေ သူငယ်ချင်း မိတ်ဆွေများလည်း ပါဝင်သည်။ ထိုမျှမက ထိုသူငယ်ချင်း တို့နှင့် ဆက်နွှယ်၍ သိကျွမ်း ခင်မင်ရသော ရပ်ဝေးနေ သူငယ် ချင်းများလည်း ပါသည်။ သူငယ်ချင်းများကို ယေဘုယျ အားဖြင့် ခွဲခြားကြည့်လျှင် ပေါင်းအပ်သော သူငယ်ချင်းနှင့် မပေါင်းအပ်သော သူငယ်ချင်းဟူ၍ နှစ်မျိုးရှိသည်။ ထိုသူငယ်ချင်း နှစ်မျိုးကို အကျင့်တည်းဟူသော ပေတံဖြင့်တိုင်း၍ ပေါင်းသင့်၊ ခွာသင့် ဆုံးဖြတ်ရမည် ဖြစ်သည်။

ဥပမာ - မူးယစ်ဆေးဝါး အသုံးပြုလျှင် မကောင်းမှန်း သိသကဲ့သို့ ရှောင်ကြဉ်သူကို လူကောင်းဖြစ်ကြောင်း သိကြသည်။

ထို့အတူ ရာဇဝတ်မှုပြုသူ၊ သူတစ်ပါးအား ပျက်စီးရာ ပျက်စီးကြောင်းပြုသူ၊ စိတ်ထား မကောင်းသူ၊ အလုပ်မလုပ်ဘဲ လေလွင့်နေသူ၊ ဒေါသကြီးသူ၊ လောဘကြီးသူ စသည်ဖြင့် အကောင်းအဆိုးကို ခွဲခြားရန် လွယ်သည။် ထိုဥာဉ်ဆိုး၊ အဇ္ဈတ္တဆိုး ရှိသူကို ရှောင်ကြဉ်လျှင် ရှောင်ကြဉ်နိုင်သူမှာ မလွဲဧကန် လူကောင်း ဖြစ်လာမည်။ ထို့ကြောင့် ကုန်းဘောင်ခေတ် သက္ကရာဇ် ၁၁၆၄ ခုနှစ် ဘိုးတော် မင်းတရားကြီး လက်ထက်တော်၌

ပေါ်ထွန်းခဲ့သော စာဆိုတော် ကြည့်ကန်ရှင်ကြီးက လူပြက်ကိုလည်း မပေါင်းနှင့် ဂူပျက် ကိုလည်း မအောင်နှင့်၊ လူပျက်ကို ပေါင်းလျှင် ထိုလူပြက်၏ ကာယကံ၊ ဝစီကံ၊ မနောကံ

တည်းဟူသော ကံသုံးပါး စလုံးတွင် အဆိုးက ဦးဆောင်သဖြင့် ထိုလူပြက်နှင့် ပတ်သက် သမျှသော အမှုအခင်းတို့ မိမိဆီသို့ လာရောက် ငြိတွယ်တတ်သည်။ ဂူပျက်ကို အောင်းပါက ထိုဂူပျက် ပိမိ၍ သေတတ်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် လူဆိုး၊ လူမိုက်၊ လူပေ၊ လူတေတို့နှင့် ဝေးစွာ ရှောင်ရှား နေသင့်သည်။

စတုတ္ထ ပတ်ဝန်းကျင်မှာ မိမိ၏ လက်တစ်ကမ်း၌ ရှိသော ဝတ္ထုပစ္စည်းများ ဖြစ်ကြသည်။ အဝတ်အစား၊ အသုံးအဆောင်၊ အစားအသောက် စသည်တို့ ဖြစ်သည်။

လူငယ်ဘဝ သစ်လွင်သော၊ ဆန်းပြားသော အဝတ်အစား တို့ကို မက်မော နှစ်ခြိုက် ကြသည်။ ဆန်းသည့်၊ ထူးသည့် အဝတ်များကို ဝတ်ကြသည်။ ပုတီးလက်ကောက်၊ နားပန် စသည်တို့ကို ချိတ်ဆွဲ ဝတ်ဆင်ကြသည်။

ထို့ပြင် ခေတ်မီတိုးတက် လာသည်နှင့် အမျှ လိုချင်စရာ အသုံးအဆောင် ပစ္စည်းများ ကလည်း တစ်နေ့တစ်မျိုး မရိုးရအောင် ထွက်ရှိနေလေသည်။ လက်ကိုင်ဖုန်း၊ ကွန်ပျူတာ မှအစ အလှပြင်ပစ္စည်း အဆုံးပင် ဖြစ်လေသည်။ မိမိအတွက် အကျိုးရှိသော နေရာ၌ အသုံးပြုရန် ပစ္စည်းတချို့ကို ငွေကုန်ကြေးကျ ခံကာ ဝယ်ယူသုံးစွဲ သင့်သော်လည်း အကျိုးမရှိဘဲ ဝယ်ယူ အသုံးပြုပါက ငွေဖြုန်းတီးရာ ရောက်လေသည်။ ထို့ကြောင့် လူငယ်များ အနေဖြင့် ပညာရှာမှီးခြင်း၊ စီးပွားရှာခြင်းတို့၌ တစ်ဆင့်ထက် တစ်ဆင့်မြင့်အောင် ကြိုးစား ရမည်ဖြစ်သော်လည်း မူးယစ် သောက်စားခြင်း၊ လောင်းကစား လုပ်ခြင်း၊ ဖြုန်းတီးခြင်း တို့ကို လုံးဝ ရှောင်ရှား သင့်လေသည်။ စာဖတ်ခြင်းဖြင့် ရင့်ကျက်လာသော အသိဥာဏ်၊ အတွေ့အကြုံများကို ရနိုင်သဖြင့် တစ်နေ့တာ အချိန်များထဲမှ စာဖတ်ချိန် တစ်ချိန်ကို သီးသန့် ဖယ်ထား၍ အသုံးချ သင့်သည်။

စာဖတ်ခြင်းသည် လူငယ်တို့၏ ပဉမ္စ ပတ်ဝန်းကျင်ပင် ဖြစ်သည်။ သမိုင်းပဲ ဖြစ်ဖြစ်၊ အနုပညာပဲဖြစ်ဖြစ်၊ စီးပွားရေး အကြောင်းပဲ ဖြစ်ဖြစ်၊ သိပ္ပံနှင့် တီထွင်မှုများ အကြောင်းပဲ

ဖြစ်ဖြစ် ဖတ်ရှု လေ့လာသင့်သည်။ စာဖတ်ခြင်းဖြင့် မိမိ လက်လှမ်း မမီခဲ့သော အတိတ်ကအတွေ့အကြုံများကို လက်တစ်ကမ်းသို့ ရောက်အောင် ယူဆောင် လာနိုင်ပြီး လက်ရှိ အခြေအနေကို အကောင်းဆုံး ဖြစ်အောင် ဆန်းစစ် တွေးခေါ် နိုင်လေသည်။

စာဖတ်ခြင်းကြောင့် အမှားအမှန်နှင့် အကောင်းအဆိုးကို ခွဲခြားနိုင်စွမ်း ရှိလာပြီး မိမိ၏ ကိုယ်ရည်ကိုယ်သွေး ကိုပါ ပိုမိုတိုးတက် ခိုင်မာ လာစေသည်။ စာဖတ်ခြင်းဖြင့် ဘဝ တစ်လျှောက်လုံး မကုန်ဆုံးနိုင်သော ပညာများကို ကျောင်းမတက်ရဘဲ၊ စာမကျက်ရဘဲ ဆရာလွတ် သင်ယူတတ်မြောက် နိုင်ပေသည်။

လူငယ်တို့၏ အားသာ ချက်များမှာ နိုင်ငံ၏ အနာဂတ်အတွက် အင်အား တစ်ရပ်ဖြစ်ပြီး အားနည်းချက်များက အနာဂတ်တွင် လူတော်လူကောင်းများ ဖြစ်လာမည့် လူငယ်တို့အား မာယာ ပရိယာယ်များသော ပတ်ဝန်းကျင်မှ လူညံ့လူဖျင်း လူမိုက်လူကောက်တို့၏ သွေးဆောင် သိမ်းသွင်းရန် ကျော့ကွင်းများ သဖွယ်ဖြစ်ပေသည်။

ထို့ကြောင့် လူငယ်တို့သည် ကိစ္စကြီးငယ်၌ စိတ်အလျင်စလို ဆုံးဖြတ်မှုကို ရှောင်ကြဉ်ပြီး လေးနက်သော အတွေး၊ အတွေ့အကြုံ၊ လူကြီးသူမတို့၏ ဆုံးမစကား၊ စာပေမှ ရသည့် ဗဟုသုတများဖြင့် ဆောင်ရွက်သင့်၊ မသင့်ကို ဦးစွာ ချင့်ချိန်ရမည် ဖြစ်သည်။

အလျင်စလို ဆုံးဖြတ်ရမည့် ကိစ္စဆိုပါက အဆိုးနှင့် အကောင်းကို လျှပ်တစ်ပြက် ခွဲခြားပြီး ဘေးထွက် ဆိုးကျိုးများကို ရှောင်ရှားကာ ဆုံးဖြတ်ရမည်။ အချုပ်အားဖြင့် ဆိုလျှင် လူငယ်တို့သည် မိမိဘဝအတွက် အကောင်းဆုံးသော အနာဂတ်ကိုသာ မျှော်တွေး ကျင့်ကြံကြပြီး အဖြူနှင့်အမည်း သဲကွဲစွာ သိမြင်ကြကာ မိမိအကျိုး၊ မိသားစုအကျိုး၊ ရပ်ရွာနှင့် တိုင်းပြည် အကျိုးကို ရှေးရှု နိုင်ပါစေကြောင်း စေတနာ ကောင်းဖြင့် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

Read 109 times
Rate this item
(0 votes)

Latest from ရွှေတည်