သဒ္ဓါယုံကြည် ပြုသည် ယခု ကောင်းမှုထွေပြား ကုသိုလ်အားဖြင့်

မြန်မာပြက္ခဒိန် ဆယ့်နှစ်လရာသီ၏ ပထမဆုံးသော လကို ''လတန်ခူးပေမို့၊ အလှထူးပါဘိ၊  မြမြဖူးရယ်တဲ့၊  ခိုင်ရွှေဝါ'' ဟူ၍ ပိတောက်တွေ ဝေဝေဆာဆာ ပွင့်သောလ အဖြစ် မြန်မာတို့တင်စားကြသည်။ နှစ်သစ်ကူးသင်္ကြန်နီးပြီမို့  တူးပို့ သီချင်း သံမြိုင်မြိုင် ဆိုင်ဆိုင် မြူးမြူးကြွကြွ ကကြခုန်ကြ ယိမ်းသမတို့ကလည်း  အားခဲနေကြသည်ကို  ကြည့်ရှု အားပေး ရင်း ရင်တွင်းမှာ ကြည်နူးလန်းဆန်းရ ပါသည်။  အတာကူးသည့်နှစ်ဦးသင်္ကြန်သရုပ်ကို  ကဗျာတစ်ပုဒ်ဖြင့် ဖော်ကျူး ထားသည်ကို သတိရမိသည်။ ''နှစ်သစ်ကူးတဲ့ တန်ခူးလမှာ၊ ဒါနကတဝေဝေ၊ ရေတွေကတရွှဲရွှဲ၊ ပျော်ပွဲက တဝင့်ဝင့်၊  ကဲလို့သာ ဆင့်ရော့၊  အရွယ်သင့်၊ အရွယ်ငယ်၊ မြန်မာတွေထည်လိုက်ကြ''ဟု ဆရာဇော်ဂျီက ရေးဖွဲ့ထားပါသည်။ ဒါနက တဝေဝေဟူသော ကုသိုလ်ကောင်းမှုအစုစု တို့တွင် စုပေါင်းရဟန်းခံ ရှင်ပြုပွဲများကို သင်္ကြန်မတိုင်မီ ကြိုတင်၍ ခြိမ့်ခြိမ့် သဲသဲကျင်းပကြ သည်မှာလည်း မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓ သာသနာ   ရောင်ဝါနေသို့ထွန်းလင်းသော နိုင်ငံဖြစ်ကြောင်း    မပြောဘဲ သိနိုင်ကြပါသည်။

ဗုဒ္ဓသာသနာဟု ခေါ်ဆိုအပ်သော ဗုဒ္ဓမြတ်စွာ ဘုရား၏ အဆုံးအမများတွင် ပိဋကတ်စာပေ သင်ကြားမှု (ပရိယတ္တိသာသနာ)၊ ပိဋကတ်စာပေ အဆုံးအမအတိုင်း ကျင့်ကြံ အားထုတ်မှု(ပဋိပတ္တိသာသနာ)၊ ထိုသို့ကျင့်ကြံ အားထုတ်ရာမှ သိအပ်၊ ရအပ်သောဈာန်၊ မဂ်ဖို၊ နိဗ္ဗာန်တရား (ပဋိဝေဓသာသနာ)တည်းဟူသော သာသနာတော် (၃)ရပ် သည် ရှင် အရဟံ မထေရ်မြတ်၏ လမ်းညွှန်မှုဖြင့် အနော် ရထာမင်းကြီးနှင့်   ကျွန်ုပ်တို့ဘိုးဘွား   ပုဂံပြည်သူပြည်သားတို့ သဒ္ဓါတရား ထက်သန်မှု ကျေးဇူးကြောင့် ယနေ့မြန်မာနိုင်ငံ၌ ထေရဝါဒသာသနာတော်ကြီး ရောင်ဝါထွန်းလင်းနေခြင်း ဖြစ်ပါသည်။  ဘိုးဘွားများ အစဉ်အဆက် ထိန်းသိမ်းခဲ့ကြသော ထေရဝါဒသာသနာတော်ကြီး ထွန်းကားပြန့်ပွား၍ အရှည် တည်တံ့ စေရန်မှာ  မျက်မှောက်ခေတ်လူတို့တာဝန် ရှိကြသည့်အတိုင်း ဆရာ၊ ဒါယကာ၊ ဒါယိကာမတို့၏ ထက်သန်သော သဒ္ဓါတရား၊ စုစည်း ညီညွတ်သော စွမ်းအားတို့ဖြင့် ကြိုးပမ်းအား ထုတ်ကြမှသာ နောင်လာမည့် ကာလမြန်မာ များကို လက်ဆင့်ကမ်း အမွေ ပေးနိုင်ကြမည်ဖြစ်ပါသည်။

ပထမမြန်မာ နိုင်ငံတော် ပုဂံခေတ်က တည်ဆောက်ခဲ့သော သာသနိက အဆောက်အအုံများမှ ထုမှာ ဓမ္မရံ၊  ဥာဏ်မှာ သဗ္ဗညု၊ အနုမှာ အာနန္ဒာဟူ၍ အဆိုရှိသည်။ ထုထည် အကြီးမားဆုံးမှာ ဓမ္မရံကြီးဘုရား၊ ဥာဏ်တော် အမြင့်ဆုံးမှာ သဗ္ဗညု စေတီ၊   အနုပညာ လက်ရာအစုံ လင်ဆုံးမှာ အာနန္ဒာ ဘုရားဟု မှတ်သားရပါသည်။ ဤသို့ ကြီးကျယ် ခမ်းနား ထည်ဝါသော အဆောက်အအုံများ၊ ကောင်းမွန်သော အတွေးအခေါ် ယဉ်ကျေးမှု အစဉ်အလာကောင်းများ၊  အတတ် ပညာ များကို   ရှေးဟောင်း အမျိုးသား အမွေအနှစ်အဖြစ်  ချန်ထားခဲ့သော  ပုဂံခေတ်တည်ဆောက်ခဲ့ကြသည်မှာ မွန်၊ ပလောင်၊ ဝ စသည့် မွန်ခမာ နွယ်ဝင်ဘာသာစကားပြောသူများ၊ ကရင်၊ တောင်သူ စသည့်ကရင်ဘာသာစကားပြော သူများ၊ သက်၊ ကဒူး  စသည့်သက်အစုဝင် ဘာသာစကားပြောသူများ၊ ချင်း၊ ယော၊ ရခိုင်၊ ဗမာ စသည့်ဗမာ စကား ပြောသူများ၊ ရှမ်း၊ ခန္တီး စသည့်ထိုင်းရှမ်း အနွယ်ခွဲဝင်ဘာသာ စကားပြောသူများဟူ၍ ထင်ရှားသည့်မြန်မာ တစ်မျိုး သားလုံး ပါဝင်သည်။

ထို့ကြောင့် လူဦးရေသန်းပေါင်းများစွာရှိသော  တရုတ်နိုင်ငံနှင့်  အိန္ဒိယနိုင်ငံတို့ အကြား၌ ကြားညပ်နေသော်လည်း လွတ်လပ် သော လူမျိုးအဖြစ် မြန်မာတို့တည်တံ့ခိုင်ခံ့ခြင်းမှာ အမျိုးသား စိတ်ဓာတ်ပြင်းထန်သောကြောင့် သာဖြစ်ပေ သည် ဟူ၍  ဆရာကြီးဒေါက်တာ ထင်အောင်က ဆိုထားသဖြင့် မြန်မာတို့၏ အမျိုးသား စိတ်ဓာတ်သည်  ပုဂံခေတ်တွင် စတင်ထင်ရှား ခဲ့လိမ့်မည်ဟု လေ့လာသူများက သုံးသပ်ထားပါသည်။

ကျွန်ုပ်တို့ဘိုးဘွား ပုဂံပြည်သူပြည်သားတို့၏ ထက်သန်သော သဒ္ဓါတရား၊ စုစည်းညီညွတ်သော စွမ်းအားတို့ကြောင့် ထွန်းကားခဲ့သော သာသနာ့ အမွေကို ဆက်ခံလျက် ဆက်လက် ထွန်းကားပြန့်ပွား စေရန် ကြိုးပမ်းအားထုတ်မှု များတွင် စုပေါင်းရဟန်းခံ ရှင်ပြုပွဲများကိုတွေ့ရသောအခါ သာဓုအနုမောဒနာခေါ်ဆို၍ ဝမ်းမြောက် ဝမ်းသာဖြစ်ကြရပါသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုပဉ္စမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော်အောင်ပွဲ မင်္ဂလာ ကုသိုလ်တော် အခမ်းအနားကို ဧပြီ ၁ဝ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာ ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးမြို့ မဟာဝိဇိတာရုံ ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစာရိန္ဒာ ဘိဝံသအမှူးပြုသော သံဃာတော် ၁၈ ပါး ကြွရောက် ချီးမြှင့် တော်မူကြသည်။ စုပေါင်း ရဟန်းခံ ရှင်ပြုပွဲတွင် ဒုလ္လဘရဟန်း ၂၄၇ ပါးနှင့် ရှင်သာမဏေ ၃၉ ပါးတို့ သာသနာ့ဘောင် သို့ဝင်ရောက် ကြသည်။

စုပေါင်းရဟန်းခံရှင်ပြုပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊   ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊  ပြည်ထဲရေး ဝန်ကြီး ဌာန၊  ကာကွယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ   တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့်ဇနီး၊   ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်မိသားစုများ   တက်ရောက်ကြပြီး  အနော်ရထာခန်းမရှေ့ ဥပစာ၌ ဆရာတော်၊ သံဃာတော်များနှင့် ဒုလ္လဘများအား သိမ်ဆင်း အလှူတော်အဖြစ် လှူဖွယ်ပစ္စည်းများ လောင်း လှူကြပြီး ရှင်သာမဏေများကိုလည်း  လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။

လောကလူသားတို့သည် စင်စစ်အားဖြင့် သမုဒ္ဒရာကြီး ခြောက်စင်းကို ကူးခတ်နေကြသည်။ သမုဒ္ဒရာသည် ကြီးကျယ် များပြားသော ရေအစုရေ အပြင်သာလျှင်ဖြစ်၏။  လောကလူသားတို့ ကူးခတ်နေရသောသမုဒ္ဒရာခြောက်စင်းဟူသည်မှာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကာယ၊ စိတ်တည်းဟူသော သမုဒ္ဒရာကြီး ခြောက်စင်းဖြစ်ကြောင်း သဠာယတနသံယုတ်၊ သမုဒ္ဒဝဂ်၊ သမုဒ္ဒသုတ်၌ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားပါသည်။ စင်စစ်အားဖြင့် သတ္တဝါတို့၏ မျက်စိသည် သမုဒ္ဒရာ မည်ပေ၏။ ထိုမျက်စိသမုဒ္ဒရာ၌ အဆင်းရူပါရုံတည်း ဟူသော အရှိန်အဟုန်သည်ရှိ၏။ အကြင်သူသည် ထိုမျက်စိတည်း ဟူသော အရှိန်အဟုန်ကို သည်းခံနိုင်ငြားအံ့။  ထိုသူသည်  မျက်စိ သမုဒ္ဒရာကို ကူးမြောက်ပြီးသူဖြစ်၏။ လှိုင်းဘေး၊ ဝဲဂယက် ဘေး၊ ရေသတ္တဝါကြီးများ၏ ဘေးတို့ကိုကျော်လွန်ပြီးသူဖြစ်၏။   ကမ်းတစ်ဖက်သို့ရောက်ရှိပြီးသူ ရဟန္တာဖြစ်၏။

သတ္တဝါတို့၏နားသည် သမုဒ္ဒရာ မည်ပေ၏။ ထိုနားသမုဒ္ဒရာ၌  အသံသဒ္ဒါရုံတည်းဟူသော အရှိန်အဟုန်သည် ရှိ၏။အကြင်သူ သည် ထိုအသံတည်းဟူသော အရှိန်အဟုန်ကို သည်းခံနိုင်ငြားအံ့။ ထိုသူသည် နားသမုဒ္ဒရာကို ကူးမြောက်ပြီး သူဖြစ်၏။ ဘေးအပေါင်း ကိုကျော်၍ တစ်ဖက်ကမ်းသို့ရောက်ရှိပြီးသူ ရဟန္တာဖြစ်၏။  သတ္တဝါတို့၏ နှာခေါင်းသည် သမုဒ္ဒရာမည်ပေ၏။ ထိုနှာခေါင်း သမုဒ္ဒရာ ၌ အနံ့ဂန္ဓာရုံတည်း ဟူသော အရှိန်အဟုန် သည်ရှိ၏။ အကြင်သူသည် ထိုအနံ့တည်း ဟူသောအရှိန်အဟုန်ကို သည်းခံနိုင်ငြားအံ့။ ထိုသူသည် နှာခေါင်းသမုဒ္ဒရာ ကိုကူး မြောက်ပြီး ကမ်းတစ်ဖက်သို့ရောက်ရှိပြီးသူရဟန္တာ ဖြစ်၏။  သတ္တဝါတို့၏လျှာသည်  သမုဒ္ဒရာမည်ပေ၏။ ထိုလျှာ သမုဒ္ဒရာ ၌ အရသာရုံ တည်းဟူသော အရှိန်အဟုန် သည်ရှိ၏။ အကြင်သူသည် ထိုအရသာတည်း ဟူသော  အရှိန် အဟုန်ကို သည်းခံနိုင်ငြားအံ့။ ထိုသူသည်  လျှာသမုဒ္ဒရာကိုကူးမြောက်ပြီးသူ ဖြစ်၏။  ဘေးအပေါင်းကို ကျော်လွန်ပြီး   ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်၏။

သတ္တဝါတို့၏ကိုယ်ခန္ဓာသည် သမုဒ္ဒရာ မည်ပေ၏။ ထိုကိုယ်သမုဒ္ဒရာ၌အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံတည်း ဟူသော အရှိန် အဟုန် သည် ရှိ၏။ အကြင်သူသည် ထိုအတွေ့အထိတည်း ဟူသောအရှိန်အဟုန်ကို သည်းခံနိုင်ငြားအံ့။ ထိုသူသည် ကိုယ်သမုဒ္ဒရာကို ကူးမြောက်၍ ဘေးအပေါင်းကို ကျော်လွန်ပြီး ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာဖြစ်၏။ သတ္တဝါတို့ ၏စိတ်သည် သမုဒ္ဒရာမည်ပေ၏။ ထိုစိတ်သမုဒ္ဒရာ၌ သဘောတရား ဓမ္မာရုံတည်းဟူ သောအရှိန် အဟုန်သည် ရှိ၏။  အကြင်သူ သည် ထိုသဘောတရားတည်းဟူသောအရှိန် အဟုန်ကိုသည်းခံနိုင်ငြားအံ့။ ထိုသူသည် စိတ် သမုဒ္ဒ ရာကို    ကူးမြောက်ပြီးသူဖြစ်၏။ ဘေးအပေါင်းကို ကျော်လွန်ပြီးသူဖြစ်၏။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာဖြစ် ၏။ လောကလူသားတို့သည် စင်စစ်အားဖြင့် ပူပန်ကြောင့်ကြခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ နှင့်သာ ကြုံတွေ့နေကြရသည့် အတွက် မလိုလား အပ်သော လူမှုအနိဋ္ဌာရုံများ ကင်းပျောက်စေရန် ဗုဒ္ဓမြတ်စွာကြိုးပမ်း ဆောင်ရွက်တော် မူခဲ့ပါသည်။ လူမှုအနိဋ္ဌာရုံများ ကိုဖြစ်ပေါ်စေသည့် အကြောင်းရင်းများမှာ လူ့ဘောင်လောက၏ အခြေခံဖြစ်သော အကြောင်း အကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်တို့ကို ပိုင်းခြားသိမြင်မှု မရှိခြင်းတို့ ဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာ ဆင်ခြင်တော်မူ၍ လောက လူသားတို့ သိမြင်မှုဥာဏ်ပညာ ရရှိကြစေရန် ဓမ္မက္ခန္ဓာပေါင်း ၈၄ဝဝဝ ဖြင့် လမ်းညွှန် ဆုံးမတော်မူ ခဲ့ပါသည်။

ဗုဒ္ဓဘာသာဝင်သူတော်စင် အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမသာသနာတော် အဓွန့်ရှည်ကြာ ပါစေ ကြောင်း  ဗုဒ္ဓသာသနံစိရံတိဋ္ဌတုဟူ၍ ဆုတောင်းပတ္ထနာ ပြုကြသည်။ ထို့ကြောင့် ဗုဒ္ဓသာသနာတော် အဓွန့်ရှည်ကြာ စေကြောင်း၊ တစ်နည်း တစ်လမ်း အထောက်အကူပြုသည်ဟူသော ယုံကြည်မှု သဒ္ဓါတရားထက်သန်စွာဖြင့် ယနေ့ယခု ကောင်းမှုပြုကြသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူရှင်တို့၏ ကုသိုလ်အစုစုတို့ကို သာဓု အနုမောဒနာခေါ်ဆို လိုက်ရ ပါသည်။  ။

Read 74 times
Rate this item
(0 votes)