လူငယ် လူရွယ်များ လက်ဆင့်ကမ်း ထိန်းသိမ်းရမည့် မြန်မာ့ယဉ်ကျေးမှု ပန်းပု အနုပညာ

မြန်မာလူမျိုးတို့ မြတ်နိုးတန်ဖိုးထားသည့် အနုပညာ အတတ်ပညာ ပန်းဆယ်မျိုးရှိသည့်အနက် ပန်းပုယဉ်ကျေးမှု အနု ပညာလက်ရာများသည် ယနေ့တိုင် ကမ္ဘာ့အလယ်၌ ဝင့်ထည်စွာရပ်တည်လျက်ရှိ သည်ကို တွေ့ရသည်။

မြန်မာလူမျိုးများသည် ရှေးယခင်ကပင်မြန်မာမှု မြန်မာ့ဟန်ကိုယ်ပိုင်ဟန် ယဉ်ကျေးမှုအနုသုခုမလက်ရာများဖြင့် တင့်တယ်စွာနေထိုင်လာပြီး ကိုယ်ပိုင်ယဉ်ကျေးမှုမပျောက်ပျက်အောင် ပြုစုထိန်းသိမ်းလာခဲ့ ကြသည်။ အလွန်နူးညံ့သိမ်မွေ့ ပြီး ခက်ခဲနက်နဲသောအနုပညာများကို ပန်းနှင့်တင်စားခေါ်ဝေါ်ကြရာ ဘုရားမတင် နတ်မဝင်လူတွင်ဆယ်ပွင့်ပန်းဟူသော ဆိုရိုးစကားအရ အနုပညာလက်ရာပန်း ဆယ်မျိုးရှိကြောင်း တွေ့ရမည်ဖြစ်သည်။

ပဲထိမ်တဉ်းတော့ ရန်ပုမော့ မှတ်လော့ပွတ်ချီယွန်းဟု အတိုကောက်အားဖြင့်မှတ်ယူခဲ့ကြရာ ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊  ပန်းရန်၊  ပန်းပု၊  ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီနှင့် ပန်းယွန်းဟူ၍ မြန်မာ့ရိုး ရာအနုပညာများကိုတွေ့ရသည်။ ပန်းဆယ်မျိုးသည် ပုဂံခေတ် ကျန်စစ်သားမင်းကြီးလက်ထက်တွင်   စတင်ပေါ်ပေါက်ခဲ့သည်ဟု တချို့ပညာရှိများက ခန့်မှန်းခဲ့ကြသည်။ကျန်စစ်သားမင်းကြီး လက်ထက် တွင် ဂူ၊ကျောင်း၊ တန်ဆောင်း၊ ပြာသာဒ်၊ အဆောက်အအုံများ ဆောက်လုပ်သည့် အနုပညာလုပ်ငန်းများကို အားပေးချီးမြှောက်လာခဲ့ရာ ပန်းဆယ်မျိုးဟုခေါ်တွင်သော အနုပညာ လုပ်ငန်းများသည် ထိုေ ခတ်ထိုအချိန်တွင် အပြိုင်အဆိုင် တိုးတက်ခဲ့သည်ဟု ယူဆကြသည်။

အဆိုပါ ပန်းဆယ်မျိုးထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပန်းပုအနုပညာသည် မြေစေး၊ သစ်စေးတို့ဖြင့်ရောစပ်၍ သစ်သား၊ ဆင်စွယ်၊ ဖယောင်းတို့ဖြင့် ရုပ်လုံးရုပ်ကြွပြုလုပ်သော အတတ်ပညာတစ်ရပ်ဖြစ် ကာ ပန်းပုအနုပညာသည် ပျူခေတ်မှ စတင်ထွန်းကားလာပြီး ယနေ့ခေတ်တွင် ခေတ်မီပစ္စည်းများဖြင့် ပန်းပုအတတ်ပညာကို လုပ်ကိုင်လျက်ရှိ သည်။ ပန်းပုထုဆစ်သည့်လုပ်ငန်းသည် ခေတ်အဆက်ဆက် ပြောင်းလဲလာသော်လည်း ပန်းပုပညာရပ် တိမ်ကော ပျောက်ကွယ်သွားခြင်းမရှိစေရေး  မျိုးဆက်သစ်လူငယ်များအနေဖြင့်လည်း  ဆက်လက်ထိန်းသိမ်းရန် လိုအပ်သည်။   လက်ရှိ ပန်းပုထုဆစ်သည့် လုပ်ငန်းတွင် လက်ဖြင့်ထုဆစ်သော ပန်းပုများရှိသကဲ့သို့ ခေတ်မီစက်များဖြင့် ထုလုပ်ကြ သည်ကိုလည်း တွေ့ရသည်။

ပန်းပုပညာကို သင်ယူမည်ဆိုပါက အနည်းဆုံး နှစ်နှစ်ခန့်အချိန်ယူသင်ကြားရမည်ဖြစ်သည့်အတွက် သင်တန်းသားများ၏ စားစရိတ်ကိုပါ ကျခံရသောကြောင့် ပန်းပုဆရာများအနေဖြင့်မိမိတို့၏မိသားစုဝင် များကိုသာ သင်ကြားပေးကြပြီးတခြားတပည့်မွေးရန် ခက်ခဲလာကြောင်း ရွှေတိဂုံဘုရားပန်းပုရုံ၌ ပန်းပုထုသူဦးအောင်အောင်ကပြောသည်။ ပန်းပုအနုပညာကို သင်ကြားမည်ဆိုပါက ယတြာအရုပ်ကဲ့ သို့သော အရုပ်အသေးများကို စတင်သင်ကြားရပြီး ထိုမှတစ်ဆင့် ပန်းပုအရုပ်အကြီးများကို သင်ကြားရကြောင်း သိရသည်။

ပန်းပုရုပ်တုလေးများ ထုဆစ်ရာတွင် အနုစိတ်ပညာဖြင့် ထုဆစ်ကြခြင်းဖြစ်သည့်အတွက် မိမိထုဆစ်မည့်ရုပ်တု၏ ပုံသဏ္ဌာန်ကို စိတ်ဖြင့်မှန်းဆပြီး ပုံဖော်ထုဆစ်ကြခြင်းဖြစ်သည်။ လက်ဖြင့်ထုဆစ်ခြင်း သည် စက်ဖြင့်ပြုလုပ်ခြင်းထက် လက်ရာပိုမိုကောင်းမွန်သည်။ ထုဆစ်ပြီးသား သစ်သားပန်းပုရုပ်များ မကွဲမအက်စေရန် ဦးစွာဆေးသုတ်ရသည်။ ဆေး သုတ်ရာတွင် ပထမဆုံးအနေဖြင့်ခံဆေးကို အရင်ရိုက်ပြီး ခံဆေးပြီးပါက အချောဆေးသုတ်ရကြောင်း၊ အချောဆေးပြီး ပါကသစ်သား၏ အသားအရောင်အလိုက် ဆေးခြယ်ရကြောင်း သိရသည်။ ပန်းပုထုဆစ်ရာတွင် ကုက္ကို၊ ကျွန်း၊ ပိတော က်၊ ပျဉ်းမ အစရှိသည့်သစ်အမျိုးမျိုးဖြင့် ထုဆစ်ရကြောင်း သိရသည်။ပန်းပုအနုပညာလုပ်ငန်းကို လုပ်ကိုင်နေသူများ အနေဖြင့် ဘုရားရုပ်တုများ၊ ဘိုးတော်ရုပ်တုများနှင့် ဘုရားပန်းဆွဲများကို အဓိကထုဆစ်ကြပြီး တခြားလူပုံနှင့် တိရစ္ဆာန် ပုံရုပ်တုများကိုလည်း ဒီဇိုင်းပြပါက ထုဆစ်ပေးကြောင်း သိရသည်။ ပန်းပုလုပ်ငန်းသည် ဈေးကွက်အနေဖြင့်လည်း ပုံမှန်မရှိသည့်အတွက် မြန်မာ့ရိုးရာ လက်မှုပညာကို မြတ်နိုး သူများသာ ပန်းပုထုဆစ်ကြကြောင်း ပန်းပုဆရာဦး အောင်ထူးက ပြောသည်။

ပန်းပုပညာရှင်များသည် မြန်မာ့ယဉ်ကျေးမှု ပန်းပုပညာကို ဝါသနာအရင်းခံကြ၍သာ ယင်းပညာဖြင့်   အသက်မွေးကြ ခြင်းဖြစ်သည်။ ပန်းပုလုပ်ငန်းသည် တခြားအလုပ်များကဲ့သို့   ဝင်ငွေပုံမှန်မရှိဘဲ  လာရောက်အပ်နှံသူပေါ်မူတည်၍သာ ဝင်ငွေရရှိကြောင်း သိရသည်။   ပန်းပုရုပ်တုများကို လက်မဖြင့် ဈေးနှုန်းသတ်မှတ်ရာ အမြင့်တစ်လက်မလျှင်  ငွေကျပ် ၁ဝဝဝ သာရရှိသည့်အတွက်  ယခုနောက်ပိုင်း တွင် ပန်းပုပညာဖြင့်  အသက်မွေးဝမ်းကျောင်းပြုသူ  နည်းလာကြောင်း ၎င်းကပြောသည်။

''မိဘ၊ ညီအစ်ကိုတွေလုပ်လို့ ကျွန်တော်ကဒီအလုပ်ကိုလုပ်တာ၊ ဝင်ငွေကတော့ ပုံမှန်ရတာမဟုတ်ဘူး။ ကိုယ်လုပ်ရင် လုပ်သလိုရတယ်။ တစ်ခါတလေ  ငွေကျပ် ၄ဝဝဝ လောက်ပဲရတယ်။ တစ်ခါတလေ ငွေကျပ် ၅ဝဝဝ လောက်ရတယ်။ ကျွန်တော်တို့က ဘုရားနဲ့ပတ်သက်တဲ့ သစ်သားပန်းပုတွေလုပ်တာများတယ်။ လူရုပ်တွေလည်း တစ်ခါတလေလာ အပ်တာရှိရင် လုပ်ပေးတယ်။ အပ်တဲ့ပုံစံပေါ်မူတည်ပြီး ထုပါတယ်။ အသားကတော့  သူတို့လိုချင်တဲ့အသားတွေနဲ့ ထုရ တာပါ''ဟု ၎င်းကပြောသည်။ပန်းပုလုပ်ငန်းသည် ဝင်ငွေပုံမှန်မရှိသည့်အတွက် ယခုနောက်ပိုင်းတွင် လုပ်ကိုင်သူနည်း ပါးလာသော်လည်း နိုင်ငံခြားခရီးသွားဧည့်သည်များက  ဘုရားပုထိုးများ၌ ထုလုပ်ထားသည့် ပန်းပုရုပ်တုများနှင့် ပန်းဆွဲများကို အထူးကြိုက်နှစ်သက်ကြသည်။ပန်းပုအနုပညာရပ်သည် ထုဆစ်သူကစိတ်ကူးပုံဖော်ပြီးထု ဆစ်ရ သည့်  အနုစိတ်အနုပညာတစ်ခုဖြစ်ရာ   တန်ဖိုးမဖြတ်နိုင်သော မြန်မာ့ရိုးရာအနုပညာတစ်ခုဖြစ်သည့် အတွက် မတိမ်ကော မပျောက်ကွယ်စေရန် မျိုးဆက်သစ်များလိုအပ်ပေသည်။

ယခုနောက်ပိုင်းတွင် လက်မှုပညာများ တဖြည်းဖြည်းတိမ်ကောလာမည်ကို စိုးရိမ်လာသည့်အတွက် လက်မှုပညာ အသင်းများလည်း ဖွဲ့စည်းလာကြကြောင်း၊ ပန်းပုထုဆစ်သူများတွင် ဘုရားပန်းပုလိုင်း ထုဆစ်သူများသည် ဘုရားနှင့် ပတ်သက်သည့် ပန်းပုများကို ထုဆစ်ပုံဖော်ကြပြီး ပဲခူး၊ ဒါးပိန် စသည့်နယ်မြို့များ၌ သဘာဝလိုင်းဖြစ်သော လူရုပ်ထု ဆစ်သည့်  ပန်းပုဆရာများလည်းရှိသည်။ပြည်ပမှ လာရောက်လည်ပတ်ကြသည့်နိုင်ငံခြားခရီးသွားဧည့်သည်များသည် မြန်မာ့ယဉ်ကျေးမှုအနုပညာလက်ရာများကို အထူးကြိုက်နှစ်သက်စွာ ကြည့်ရှုလေ့လာခြင်းများနှင့် ဝယ်ယူခြင်းများရှိ သည့်အတွက်မြန် မာ့ယဉ်ကျေးမှုအစစ်ဖြစ်သည့် ပန်းပုအနုပညာကို မတိမ်ကော မပျောက်ကွယ်စေရန် ပန်းပုပညာရှင် များအနေဖြင့် မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးရမည့်အပြင်မျိုးဆက်သစ်လူငယ်များကလည်း မြန်မာလူမျိုးတို့  မြတ်နိုးတန်ဖိုးထားရာ အနုပညာအတတ်ပညာ ဆယ်မျိုးထဲမှ သစ်သား၊ ဆင်စွယ်၊ ဖယောင်း အစရှိသည့် ဝတ္ထုပစ္စည်း များအား ရုပ်လုံးရုပ်ကြွ ထွင်းထုသည့်ပညာဖြစ်သော ပန်းပုအနု ပညာကို မတိမ်ကောမပျောက်ကွယ်စေရန်     လက် ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ဆုလာဘ်

Read 100 times
Rate this item
(0 votes)