SJ WorldNews - шаблон joomla Авто

တာလီဘန်တို့ကို အမေရိကန် လက်နက် တပ်ဆင် ပေးနေတာ လား

Monday, 18 June 2018 10:10 Written by  font size decrease font size decrease font size increase font size increase font size

ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့ကို နျူကလီးယားနှစ်လုံးနှင့် အနိုင်ပိုင်းခဲ့ပြီးနောက် အမေရိကန်တို့သည် တစ်ကမ္ဘာလုံးကို စစ်ရေးဖြန့်ကြက်ခဲ့သည်။ အရှေ့၊ အနောက်၊ တောင်၊မြောက် အမေရိကန်တို့ မရှိသည့် နေရာက ခပ်ရှားရှားဖြစ်သည်။ ရုရှားကိုပင် ဥရောပ၌ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ဖွဲ့ပေးပြီး ခြံစည်းရိုးခတ်ခဲ့သေးသည်။

ယင်းအတွက် အမေရိကန်၏ လက်ကိုင်တုတ် NATO ၏ပစ်မှတ်က ရုရှားကိုစစ်ရေးအရ စောင့်ကြည့်ရေးနှင့် လိုအပ်လာပါက ရှေ့တန်းမှစစ်ဆင်ရန်ဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အမေရိကန်တို့ လွှမ်းမိုးမှုအင်အားက လျော့နည်းလာကာ ထိုအထဲမှ အာဖဂန်နစ္စတန် ပြည်တွင်းစစ်ဆိုလျှင် အမေရိကန်တို့ အရှုံးနှင့်ရင်ဆိုင်နေရသည်။

တာလီဘန်တို့ကို တိုက်ထုတ်ပေးခဲ့အပြီး လိုအပ်သည့် အုပ်ချုပ်ရေးပိုင်းနှင့် စစ်ရေးကို အမေရိကန်တို့က ကူညီပေးခဲ့ကာ နှစ်စဉ်ဘီလီယံနှင့် ချီသည့်ဒေါ်လာများကို ယခုအချိန်ထိ ပေးနေရတုန်းဖြစ် သည်။ အာဖဂန် စစ်တပ်၌ ကိုယ်ပိုင်ဘတ်ဂျက်မရှိသည့်အတွက် အမေရိကန်တို့ကပင် ထောက်ပံ့ပေးရကာ အမေရိကန်သမ္မတ အဆက်ဆက် အာဖဂန်၌ ကျဆုံးပြီးရင်း ကျဆုံးနေရသည်။ အိုဘားမား အစိုးရ လက်ထက်တုန်းကဆိုလျှင် အာဖဂန်အစိုးရကို လက်နက်အင်အား၊ လူအင်အားများ ဖြည့်ဆည်းပေးခဲ့သည်။

ထိုသို့ဖြည့်ဆည်းနေရင်းနှင့်ပင် တာလီဘန်တို့ကို နိုင်အောင်မတိုက်ထုတ် နိုင်ရုံမျှမက တာလီဘန်တို့ တိုက်ခိုက်မှုက နှစ်ဆတက်လာကာ ထိခိုက်ဒဏ်ရာရသူစာရင်းကလည်း သုံးဆအထိ တက်လာ သည်။ အမေရိကန် တို့ကိုယ်တိုင်လည်း အဖြေရှာမရဖြစ်ကာ အချိန်အတော်ကြာအထိ ထိုအဖြေကိုသိရန် အားယူခဲ့ရသည်။ နောက်ဆုံးတွေ့ရှိခဲ့သည်က ၎င်းတို့ကိုယ်တိုင် တာလီဘန်တို့ကို လက် နက်တပ်ဆင် ပေးနေမှုဖြစ်သည်။ တာလီဘန်တို့ အသုံးပြုသည့် လက်နက်များက အမေရိကန် နိုင်ငံမှ ထုတ်လုပ်သော အကောင်းဆုံး အရည် အသွေးများဖြစ်သည်။ ညကြည့်ဦးထုပ်များဖြင့်ပင် တာလီဘန်တို့က အမေရိကန်တို့ကဲ့သို့ စစ်ဆင်ရေးများ လုပ်ခဲ့ကြကာ ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း တာလီဘန်တို့ ညဘက် တိုက်ခိုက်မှုနှုန်းက နှစ်ဆအထိ ထိုးတက်ခဲ့သည်။

အမေရိကန်တို့ မြေပြင်စစ်ပွဲများအတွက် မရှိမဖြစ် Humvee များလည်း တာလီဘန်တို့ ပိုင်သည်။ M1 တင့်ကားများကိုလည်း ပိုင်သည်။ ရိုင်ဖယ်များလည်းပိုင်သည်။ ထိုအရာများက အမေရိကန် ထုတ်များဖြစ်ကာ အာဖဂန်အစိုးရကို အမေရိကန်တို့ ထောက်ပံ့ပေးနေသော လက်နက်များဖြစ်သည်။ ထိုလက်နက်ထက်ဝက် နီးပါးက အာဖဂန်စစ်တပ်ဆီသို့မရောက်ဘဲ တာလီဘန်တို့ဆီ ရောက်သွားသည်။ ဆီးရီးယားနှင့်အီရတ်၌ IS တို့လက်ထဲမှ အမေရိကန်ထုတ် အကောင်းစားလက်နက်များနှင့် ပခုံးထမ်းလောင်ချာများ ဖမ်းဆီးမိခဲ့သည့် ဖြစ်စဉ်နှင့် တူနေသည်။ ထို့ကြောင့် နောက်ဆုံး အာဖဂန်အစိုးရထဲ၌ပင် တာလီဘန်ကို လက်နက်ရောင်းစား သူရှိနေသည် ဆိုသည့် သတင်းက ထွက်လာတော့သည်။

နောက်တစ်ချက်က အာဖဂန်စစ်တပ်က လက်နက်များကို မှောင်ခိုဈေးကွက်သို့ ရောင်းစားနေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်ဖြစ် အာဖဂန်၌ အမေရိကန်တို့ ၎င်းတို့၏ လက် နက်နှင့် ၎င်းတို့ကို ပြန်အတိုက်ခံနေရသည်။ မှောင်ခိုဈေးကွက်တွင် ဝယ်မရသည့်ပစ္စည်းဆိုလျှင် တာလီဘန်တို့က ၎င်းတို့ ကိုယ်တိုင်လက်နက်သို လှောင်ရုံများသို့ဝင်စီးသည်။ နောက်ဆုံး ၂ဝ၁၅ ခုနှစ် တွင် တစ်ကြိမ်ဝင်စီးရုံဖြင့် Humvee အစီး ၄ဝ နှင့်လက်နက်အားလုံးပါ သွားခဲ့ရသည့် ဖြစ်စဉ်ကတော့ အမေရိကန်တို့အတွက် အရှက်ရစရာဖြစ်ခဲ့ သည်။ ယခုနောက်ပိုင်း တာလီဘန်တို့ ဝါဒဖြန့်သည့် ဗီဒီယိုများတွင် တွေ့လာရသည့် Humvee များ၊ အမေရိကန်ရိုင်ဖယ်များ၊ စက်သေနတ်များ၊ ပခုံးထမ်းလောင်ချာများ ဖြစ်သည်။

တစ်ခါတစ်ရံ တာလီဘန်တို့က အမေရိကန်ကွန်မန်ဒိုများ စစ်ဆင်ရေးလုပ်နေစဉ် အတွင်းမှာပင် ၎င်းတို့ပစ္စည်းများကို အလစ်ဝင်ခိုးတတ်သေးသည်။ အာဖဂန်ကိုကြည့်မည်ဆိုလျှင် အစိုးရကတစ်ဝက်၊ တာလီဘန်တို့က တစ်ဝက်ပိုင်သည်ဟု မြင်မိမည်ဖြစ်သည်။ အကြမ်းဖက်မှုများကို တာလီဘန်တို့က မြို့တော်ကဘူးအထိပင် အကြီးမားဆုံး လုပ်ကိုင်နိုင်ကာ အင်အားကလည်း ၂ဝဝဝဝ ကျော်ဖြစ်ေ သာကြောင့် လွယ်လွယ်နှင့် တိုက်မရ သည့် စစ်တပ်ကြီးတစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်သည်။

သမိုင်းကိုပြန်ကြည့်လျှင် အာဖဂန်ဆိုသည်မှာ ရုရှားကျူးကျော်မှု၏ နောက်ဆုံးသင်္ချိုင်းမြေ၊ အမေရိကန်တို့ ကိုယ်တိုင်ပင် ယခုအချိန်ထိ ရှင်းလင်းရေး မလုပ်နိုင်သေးသော အရှုံးနှင့် ရင်ဆိုင်နေရ သည့်မြေ၊ မည်သူမှ အပြည့်အဝ မကျူးကျော်နိုင်ခဲ့သော နိုင်ငံဖြစ်သည်။ ယင်းအချက်များက အာဖဂန်အတွက် ဂုဏ်ယူစရာဖြစ်သော်လည်း အဆိုးဆုံးဖြစ်နေသည်။

ထိုအချက်ကြောင့်ပင် အစိုးရယန္တရားကို ကောင်းမွန်စွာ မလည်ပတ်နိုင်ဘဲ တာလီဘန်တို့ ဒုက္ခပေးမှုကိုခံနေရ ခြင်းဖြစ်သည်။ အမေရိကန်တို့ အာဖဂန်စစ်ကို တိုက်ပေးခဲ့စဉ်က မှန်ကန်သည့် လုပ်ရပ် ဟု နိုင်ငံတကာက ထောက်ခံကြသည်။ တာလီဘန်အစိုးရက နိုင်ငံကို ဘာသာရေးဝါဒနှင့် အုပ်စိုးသည်။ အမျိုးသမီးများ စာမသင်ရ၊ အိမ်အလုပ်လုပ်ပြီး အိမ်ထောင်သားမွေး အလုပ်ကိုသာ လုပ်ရ မည်၊ နောက်ဆုံးအာဖဂန်၌ စာအုပ်ဆိုင်များပင် ရောင်းချဖွင့်လှစ်ခွင့် မရှိတော့ပေ။

၎င်းတို့တက်လာတော့ အာဖဂန်ရှေးဟောင်း လက်ရာများ ဖျက်ဆီးခံရသည်။ သမိုင်းဝင်မှတ်တမ်းစာအုပ်များ မီးရှို့ခံရသည်။ ထို့ကြောင့် နောက်ပိုင်းအာဖဂန်၌ အစိုးရ သစ်တက်လာသည့်အခါ မည်မည်ရရချပြစရာမရှိ ခြင်းဖြစ်သည်။ တရားခံက တာလီဘန်တို့ဖြစ်သည်။ တာလီဘန်တို့က ဘင်လာဒင် ဦးဆောင်သည့် အယ်လ် ကိုင်ဒါတို့နှင့် မဟာမိတ်ဖြစ်သည်။ (၉/၁၁) ဖြစ်စဉ်တုန်းက ဘင်လာဒင် အခြေချခဲ့သည့် နေရာသည် အာဖ ဂန်ဖြစ်သည်။ ထို့ကြောင့် အမေရိကန်တို့ အာဖဂန်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကာ တစ်ချက်ခုတ်နှစ်ချက်ပြတ် ရည်ရွယ်ချက်ဖြင့်ဖြစ်သည်။ ထိုအောင်မြင် မှုကြောင့်ပင် အယ်လ်ကိုင်ဒါတို့ အင်အားချည့်နဲ့ကာ အင်အားပြန် လည်စုစည်းရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ယခုတော့ အယ်လ်ကိုင်ဒါတို့ ပြန်လည် ခေါင်းထောင်လာခြင်းက အာဖဂန်စစ်ပွဲများအတွက် အဆိုးရွားဆုံး အနှောင့်အယှက် ဖြစ်ကာ ကံကောင်းသည့် အချက်တစ်ချက်က IS တို့နှင့်တာလီဘန်တို့ မိတ်ဆွေမဟုတ်ခြင်း ကြောင့်ဖြစ်သည်။ တာလီဘန်တို့ IS နှင့်သာသွားပေါင်းမိလျှင် အာဖဂန်လည်း ဆီးရီးယားနှင့် အီရတ်ကဲ့သို့ စစ်တလင်း ပြင်ထပ်ဖြစ်ရဦးမည် ဖြစ်သည်။ ယခု ထရမ့်အစိုးရ လက်ထက် ဗျူဟာသစ်များနှင့် တာလီဘန်တို့ ကိုနှိမ်နင်းရေး ဦးစားပေးလုပ်နေသည်။ အိုဘားမား လက်ထက်က အမေရိကန်စစ်သားများကို ပြန်ခေါ်ထား သော်လည်း ထရမ့်က အာဖဂန်သို့ ပြန် လွှတ်နေသည်။

မလွှတ်၍လည်းမရ၊ အာဖဂန်စစ်ပွဲများတွင် တာလီဘန်တို့အောင်ပွဲများက များပြားလာကာ အကြမ်းဖက်ဗုံးခွဲ သည့်သတင်းက တစ်နေ့တခြား ပိုဆိုးလာသောကြောင့် ဖြစ်သည်။ သို့သော် ယခု အချိန်ထိ တာလီဘန်တို့ကို အမေရိကန်တို့ ထိန်းချုပ်မရသေးကာ ၎င်းတို့ကိုယ်တိုင် တာလီဘန်တို့ကို လက်နက်တပ်ဆင် ပေးနေသကဲ့သို့ ဖြစ်နေခြင်းက ၎င်းတို့ကျဆုံးရခြင်း၏ အဓိက အကြော င်းရင်း တစ်ခုဖြစ်နေပါကြောင်း တင်ပြလိုက်ရပါသည်။ ရှိန်းထက်

Read 21 times
Rate this item
(0 votes)
Last modified on Monday, 18 June 2018 10:15