SJ WorldNews - шаблон joomla Авто

ထိပ်သီး ဆွေးနွေးပွဲတွင် အမေရိကန်နှင့် မြောက်ကိုရီးယားတို့က သဘောတူညီချက် တစ်ရပ်ကို ချမှတ်နိုင်မည်လား

Sunday, 03 June 2018 11:28 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား ထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည့် အစီအစဉ်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့ ပြုံယမ်းမြို့ ၌ မေ ၃၁ ရက်က တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင်

ပိုမိုအလားအလာ ကောင်းမွန်လာသည်ကို တွေ့ရသည်။ မြောက်ကိုရီးယား အစိုးရသည် နျူကလီးယားကင်းစင်ရေး လုပ်ဆောင်ရန် ရည်မှန်းချက်ထားရှိသည် ကို ခေါင်းဆောင်ကင်က လက်ရော့နှင့် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ထပ်မံအတည်ပြု ပြောကြားခဲ့သည်။ ကင်သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့်အတူ ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက် ရန် အစောပိုင်းက ပြန်လည်သဘောတူညီထားပြီးဖြစ်သည်။

လက်ရှိတွင် မြောက်ကိုရီးယားအစိုးရသည် မဟာမိတ်နိုင်ငံ တစ်နိုင်ငံအဖြစ် ယူဆနိုင်သည့် ရုရှား၏ ထောက်ခံမှုကို ရရှိထားသည်။ မြောက်ကိုရီးယားအစိုးရက ဖော်ဆောင်မည့် နျူကလီးယားကင်းစင်ရေး ဆောင်ရွက်ချက်များ ပြည့်မီစေရေးအတွက် ရုရှားအစိုးရက တတ်စွမ်းနိုင်သမျှ အကူအညီပေးမည် ဟူသော ကတိကဝတ်ကို လက်ခံရရှိထားသည်။ ပို၍အရေးပါသည့် အချက်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင် က မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား အစိုးရတို့ကြား ပူးတွဲထုတ်ပြန်ထားသည့် ပန်မွန်ဂျုံကြေညာချက်ကို ထောက်ခံနေခြင်းဖြစ်သည်။ လက်ရော့သည် မြောက်ကိုရီးယားသို့ ယင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ရိယုန်ဟို၏ ဖိတ်ကြားချက်အရ ရောက်ရှိလာခြင်းဖြစ်ပြီး ခေါင်းဆောင်ကင် နှင့်မတွေ့ဆုံမီ နိုင်ငံခြားရေးဝန်ကြီး ရိနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ တွေ့ဆုံ ဆွေးနွေးပွဲများတွင် ကိုရီးယား ကျွန်းဆွယ်အရေး၊ နှစ်နိုင်ငံကြား ဆက်ဆံရေးများနှင့် စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ကိုရီးယား ကျွန်းဆွယ်ပေါ် နျူကလီးယား ကင်းစင်အောင် လုပ်ဆောင်ခြင်းသည် မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့၏ ဆက်ဆံရေးကို တိုးတက် ကောင်းမွန်လာစေမည်ဟု ကင်က ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြသည်။

ထို့ပြင် နှစ်နိုင်ငံကြားဆက်ဆံရေး တိုးတက်လာစေရေးအတွက် လုပ်ဆောင်ရာတွင်လည်း တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်မည်ဟု ကင်က ထပ်လောင်းပြောကြားလိုက်သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတထရမ့်နှင့် ကင်တို့ကြား စီစဉ်ထားသည့် ထိပ်သီး ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် မြောက်ကိုရီးယား ခေါင်းဆောင်ကင်၏ ယုံကြည်အားကိုးရသည့် လူယုံတော်လည်းဖြစ်၊ ကိုရီးယား အလုပ်သမားများ ပါတီ၏ ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သူ ကင်ယောင်ချိုတို့ ကြားတွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပလျက်ရှိသည်။

ထို့ပြင် ကင်ယောင်ချိုသည် ဝါရှင်တန်မြို့သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ သမ္မတထရမ့်အား မြောက်ကိုရီးယား ခေါင်းဆောင်ကင်၏ စာတစ်စောင်ကို ပေးအပ်ရန် စီစဉ်ထားသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုများသည် မြောက်ကိုရီးယားနှင့် အမေရိကန် အစိုးရတို့ကြား ဆက်ဆံရေး တိုးတက်လာစေမည့် အလားအလာများ ဖြစ်သည်ဟု သုံးသပ်သူတချို့က ပြောသည်။ ယင်းအချိန် အတွင်းမှာပင် ထရမ့်က ထူးထူးခြားခြား ထုတ်ပြန်ချက်တစ်ရပ် လုပ်ဆောင်လာသည်ကို တွေ့ရသည်။ ထုတ်ပြန်ချက်မှာ အမေရိကန် အစိုးရအနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်နှင့် ပဲ့ထိန်းဒုံးကျည် စမ်းသပ် ပစ်ခတ်မှုများကြောင့် ယင်းနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် ဝမ်းပန်းတသာဖြင့် ဆန္ဒရှိနေသည်ဟူ၍ပင် ဖြစ်သည်။ သို့သော် အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက် နောက်ကွယ်တွင် တောင်းဆိုချက် တစ်ခုရှိနေသည်။

ယင်းတောင်းဆိုချက်မှာ နျူကလီးယားကင်းစင်ရေးကို မြောက်ကိုရီးယားက တတ်နိုင်သမျှ မြန်မြန် ဖော်ဆောင်ခြင်းကို အမေရိကန်က တွေ့မြင်လိုသည် ဟူ၍ဖြစ်သည်။ စင်စစ်တွင် မြောက်ကိုရီးယားအစိုးရ အနေဖြင့် ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို အပြည့်အဝ ရပ်တန့်စေရန် အမေရိကန်အစိုးရက အလိုရှိနေသည်။ မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်နှင့် ပဲ့ထိန်းဒုံးကျည်များသည် အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏အာရှ ဒေသရှိ မဟာမိတ်နိုင်ငံများ၏ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နေသည်ဟု အမေရိကန်အစိုးရက ယူဆနေသည်။ ထို့ကြောင့် အကယ်၍ မြောက်ကိုရီးယားက ၎င်းတို့၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ပစ်ရန် ဆုံးဖြတ်ချက်ချမည် ဆိုပါက ယင်းနိုင်ငံ၏ လုံခြုံရေးအတွက် အာမခံချက်ပေးနိုင်သည်ဟု အမေရိကန်က ဆိုခြင်းဖြစ်သည်။ ယင်းအာမခံချက်ကို မြောက်ကိုရီးယား အစိုးရကလည်း တောင်းဆိုထားသည်။ ထို့ပြင် နိုင်ငံ၏ စီးပွားရေး ပြန်လည် နာလန်ထူလာရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတို့ အတွက် အကူအညီပေးအပ်ရန် အမေရိကန် အစိုးရအား မြောက်ကိုရီးယားက တောင်းဆိုထားသည်။

ထရမ့်-ကင် ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၌ ဇွန် ၁၂ ရက်တွင် ကျင်းပရန် ကနဦးစီစဉ်ခဲ့သော်လည်း အမေရိကန် နှင့် တောင်ကိုရီးယားတို့ကြား ပူးပေါင်း လုပ်ဆောင်ခဲ့သည့် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုနှင့် မြောက်ကိုရီးယား အစိုးရအား နျူကလီးယား စွန့်လွှတ်ရန် အမေရိကန် က တစ်ဖက်သတ် တောင်းဆိုမှုများကြောင့် တင်းမာမှုများ မြင့်တက်လာပြီး ဆွေးနွေးပွဲ ပျက်လုနီးပါး ဖြစ်ပွားပြီးမှ နှစ်ဖက်စလုံးက ဆွေးနွေးပွဲ မပျက်ပြားစေရန် အခြေအနေကို ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ပြန်ကြည့်မည်ဆိုပါက အဆိုပါ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပရေးသည် နိုင်ငံ၏ စီးပွားရေး ပြန်လည် ကောင်းမွန်လာစေရေး အတွက် အကူအညီ လိုအပ်နေသည့် မြောက်ကိုရီးယားနှင့် နျူကလီးယား အစီအစဉ်ကြောင့် ရတက်မအေး ဖြစ်နေသော အမေရိကန်ပြည်ထောင်စု အပါအဝင် အရှေ့မြောက် အာရှဒေသမှ နိုင်ငံ တချို့အတွက်ပါ အရေးပါလှသည်ကို တွေ့ရမည်ဖြစ်သည်။

လက်တွေ့တွင် အမေရိကန်နှင့်မြောက်ကိုရီးယားတို့ကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ပြီး ယင်းဆွေးနွေးပွဲ၌ ခေါင်းဆောင်နှစ်ဦးက သဘောတူညီချက် တစ်စုံတစ်ရာ ချမှတ်နိုင်ပါက ထူးခြားကောင်းမွန်သည့် ရလဒ်ဖြစ်ပေါ်စေမည်ဟု ကျွမ်းကျင်သူများက ပြောသည်။ အကယ်၍ မြောက်ကိုရီးယားအစိုးရအနေဖြင့် လုံခြုံရေး အာမခံချက်၊ စီးပွားရေး ပြန်လည် နာလန်ထူရေး အကူအညီများကို အဓိက ရှေးရှု၍ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်မည်ဆိုပါက အမေရိကန်ပြည်ထောင်စု အနေဖြင့် ကိုရီးယား ကျွန်းဆွယ် တည်ငြိမ် အေးချမ်းရေးအတွက် အကူအညီပေးနိုင်မည် ဖြစ်သောကြောင့် ထရမ့်နှင့်ကင်တို့ အနေဖြင့် ထိပ်သီး ဆွေးနွေးပွဲ၌ သဘောတူညီချက် တစ်ရပ်ကို မလွဲမသွေ ချမှတ်နိုင်မည့်အပြင် မြောက်ကိုရီးယား ပြန်လည်ထူထောင်ရေး အတွက် ပြိုင်ဘက်နိုင်ငံအဖြစ် ဆယ်စုနှစ်များစွာကြာ ရပ်တည် နေခဲ့သည့် တောင်ကိုရီးယားနှင့် ဂျပန်တို့ကပါ အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။ ။

ဇေယျဘုန်း

(Ref: Sputnik)

 

Read 33 times
Rate this item
(0 votes)
Last modified on Sunday, 03 June 2018 11:30