SJ WorldNews - шаблон joomla Авто

နျူကလီးယား သဘောတူညီချက် တည်မြဲရေးအတွက် အချက်ခုနစ်ချက် တောင်းဆို လိုက်သည့် အီရန်

Wednesday, 30 May 2018 10:31 Written by  font size decrease font size decrease font size increase font size increase font size

အီရန် နျူကလီးယား သဘောတူညီချက်မှ အမေရိကန် ထွက်ခွာသွားပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးပွန်ပီရိုက ၎င်း၏တောင်းဆိုချက် ၁၂ ချက်ကိုမလိုက်လျောလျှင် အီရန်အပေါ် အရေး ယူ ပိတ်ဆို့မှုများ ချမှတ်မည်ဟု ပြောလိုက်ပြီးနောက် အီရန်တို့ကလည်း ၎င်းတို့၏တောင်းဆိုချက် ခုနစ်ချက်ကို ဥရောပသမဂ္ဂကို တောင်း ဆိုလိုက်သည်။

ထိုခုနစ်ချက်ထဲမှ အမေရိကန်တို့ တောင်းဆိုထားသည့် အချက် ၁၂ ချက်ကို အများစု မလိုက်လျောနိုင်သည့် အချက်များစွာ ပါဝင်နေကာ ဥရောပသမဂ္ဂဘက်ကလည်း အလုံးစုံ အကာ အကွယ်ပေးနိုင်မည့် ပုံမပေါ်ပေ။ ထို အချက်ခုနစ်ချက်ကို အီရန်ဘာသာရေး ခေါင်းဆောင် ခါမေနီက တောင်းဆိုလိုက်ခြင်းဖြစ်ပြီး အီရန်၏ ရေနံ တင်ပို့နေမှုနှင့် ရောင်းလိုအားကို အမေ ရိကန်တို့ ဖိအားပေး မတားမြစ်နိုင်စေရန် အဓိက ပါဝင်သည်။

အီရန်သည် ရေနံအပေါ် အဓိက မှီခိုနေရသည့်နိုင်ငံ ဖြစ်သည့်အတွက် ထိုအရာကို အဓိကထား ကာကွယ်နေ ရခြင်းဖြစ်ပြီး စစ်ရေးမှာလည်း ဒုံးကျည်စမ်းသပ်မှုများကို ခြွင်းချက်အဖြစ် ပြင်သစ်၊ ဗြိတိန်နှင့်ဂျာမနီတို့က ထားရှိရန် ဖြစ်သည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသတွင် အီရန်၏ စစ်ရေးလှုပ်ရှားမှုများကို အသိအမှတ်ပြု ပေးရန်၊ အီရန်ကုန်သွယ်ရေးနှင့် ဘဏ် လုပ်ငန်းများကို အပြည့်အဝ ကာကွယ်ပေးရန်တို့ ပါဝင်သည်။

ထိုအရာများက အမေရိကန်တို့ တောင်းဆိုထားသည့် အဓိက အချက်များဟု ဆိုလျှင်လည်း မမှားနိုင်ပေ။ ပွန်ပီရိုတောင်းဆိုသည့် အဓိကအချက်များက အီရန်ကို စစ်ရေးအရ လုံးဝလှုပ် ရှား၍ မရစေသည့် တောင်းဆို ချက်များဖြစ်သည်။ ထိုအရာများကို အီရန်က ယခုဆန့်ကျင်ကာ တောင်းဆိုထားပြန်သည်။ တောင်းဆိုချက် အလုံးစုံကို ဖြည့်ဆည်းပေးနိုင်ရန် ဥရောပသ မဂ္ဂဘက်မှ မဖြစ်နိုင်ပေ။

သို့သော် အီရန်ဗဟိုဘဏ်နှင့် ဥရောပဘဏ်များ တိုက်ရိုက် ချိတ်ဆက်မှုကို ဥရောပတို့ဘက်က လုပ်ပေးထားပြီးဖြစ်ကာ အမေရိကန်ဖိအားများကို ရှောင်လွှဲနိုင်ရန်ဖြစ်သည်။ အီရန်ရေနံ ရောင်းလိုအားကို အကာ အကွယ်ပေးနိုင်ရေး ဥရောပ အနေဖြင့် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ ယခု အီရန်အပေါ် အမေရိကန် အရေး ယူ ပိတ်ဆို့မည်ဟုဆိုလိုက်သည်နှင့် ကမ္ဘာ့ရေနံ ဈေးကွက်တွင် အပြောင်းအလဲ ဖြစ်သွားခဲ့ကာ အမှန်တ ကယ်ဖြစ်ခဲ့လျှင် အီရန်တို့ခံသာလိမ့်မည် မဟုတ်ပေ။

ဥရောပတို့ ထင်သလောက်သြဇာ မရှိသည်ကို ပြင်သစ်ရေနံ ကုမ္ပဏီ Total ကိုကြည့်လျှင်သိနိုင်သည်။ ယခု ထိုကုမ္ပဏီက အီရန်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ရင်းနှီးမြှု ပ်နှံရန် ရည်ရွယ်ထားသည်။ အကယ်၍ အမေရိကန်သာ အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်လိုက်မည်ဆိုလျှင် ၎င်းတို့ကုမ္ပဏီ အီရန်မှ ထွက်ခွာသွားတော့မည်ဟု ကြိုတင် ပြော ထားသေးသည်။

ပြင်သစ်ကုမ္ပဏီက ဥရောပ သမဂ္ဂအစား အမေရိကန်၏ သြဇာကို ကြောက်ရွံ့နေရသည်။ ထို့ကြောင့်ပင် အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်က အမေရိကန်မရှိဘဲနှင့် အီရန်တို့ လိုချင် သည့် အရာများကို ဥရောပ တို့မပေးနိုင်ဟု ထုတ်ဖော်ပြောဆို ထားခြင်းဖြစ်ကာ ၎င်းတို့တောင်းဆို ချက်များကို မလိုက်လျောနိုင်လျှင် အီရန် သဘောတူညီချက်လည်း အသက်ပြန်ဝင် လာဖွယ်မရှိပေ။

အီရန်သည် ဥပဒေများကို ဘာသာရေးနှင့် ချိန်ထိုးကာအုပ်ချုပ်လေ့ရှိသည့်အတိုင်း ဘာသာရေး ခေါင်းဆောင် ၏ကြေညာချက်က အရေးပါလှသည်။ စစ်ရေးပြ အခမ်းအနား ပြုလုပ် သည်ကိုပင် ဘာသာရေးခေါင်းဆောင် ကသမ္မတနှင့် တစ်တန်းတည်း စင်မြင့်ထက်က ကြည့်ရှုသည့် ဓလေ့တစ်ခုပင် ရှိသေးကာ ထိုအရာကိုကြည့် ခြင်းဖြင့် ဘာသာရေး ခေါင်းဆောင် ၏ အခန်းကဏ္ဍကို သိနိုင်သည်။

နိုင်ငံရေးနှင့် ပတ်သက်၍ သမ္မတပင် လုပ်ချင်တိုင်း လုပ်၍မရ။ ဟာမေနီမပါလျှင် သမ္မတလည်း လုပ်ချင်တိုင်းမဖြစ်။ တစ်ခါတစ်ရံသမ္မတအစား ဘာသာရေး ခေါင်းဆောင်က နိုင်ငံရေး ကြေညာချက် ထုတ်ပြန်သည်။ ယခုလည်း ထိုအတိုင်းပင်ဖြစ်သည်။ အီရန်သမ္မတ ထုတ်ပြန်ရမည့် ကြေညာချက်ကို ဘာသာရေး ခေါင်းဆောင် ဟာမေနီက ထုတ်ပြန်သည်။

အမေရိကန် ထွက်သွားပြီးကတည်းကပင် အီရန်တို့ သဘောထားက ထပ်မံတင်းမာလာကာ နောက်ကြောင်း ပြန်လှည့်မည့်ဘက်ကို ပိုမိုအားသန်နေသည်။ ဥရောပတို့ ၎င်းစွန့်လွှတ် ထားခဲ့သလောက်သာ ပြန်ပေးဆပ်မှု မရခဲ့လျှင် နျူကလီးယား လမ်းကြောင်းကို ပြန်လှည့်လျှင်လည်း အီရန်အတွက်က ရင်ခုန်စရာမရှိပေ။ ယခင်ကလည်း အကျပ်တည်းဆုံး ဆိုသည့် အရေးယူ ပိတ်ဆို့မှုများနှင့် အီရန်တို့ နေသားကျခဲ့ပြီး ဖြစ်သည်။ မြောက် ကိုရီးယားဆိုလျှင် အီရန်ထက်နှစ်ဆခန့် ဆိုးသည့် ပိတ်ဆို့မှုများကြားမှ ရှင်သန်ကာ နျူကလီးယားကို အရယူခဲ့ သည်။ ယခုတော့ အနောက် အုပ်စုကပင် အရေးတယူ လုပ်နေကြရပြီ ဖြစ်ကာ အီရန်တို့မှာလည်း လုပ်ဆောင်နိုင်စွမ်းရှိသည်။ ယူရေနီယံကို ပြန်လည်သန့်စင်ရန် ဆိုသည်မှာ အီရန်တို့ အတွက် နည်းပညာရှိ ခြင်းကြောင့် လွယ်ကူသည်။

အချိန် အနည်းငယ် ပေးရုံဖြင့် စက်ရုံများကို ဆောက်၊ ယူရေနီယံကို ပြန်လည်သန့်စင်ရုံပင် ဖြစ်သည်။ အီရန် တို့နျူကလီးယားအပေါ် သွားသည့် လမ်းကြောင်းက မြောက်ကိုရီးယား ထက်ပင် မြန်ဆန်သည်ဟု ဆိုကြသည်။ ဆယ်စုနှစ်တစ်စု အတွင်းမှာပင် အီရန်တို့နျူကလီးယားကို ပိုင်ဆိုင်နိုင်စွမ်းရှိသည်ဟု အမေရိကန်တို့က အိုဘားမား နျူကလီးယား သဘော တူညီချက် မရခင်၌ သတိပေးခဲ့ကြသည်။

ထို့ကြောင့် အိုဘားမား အီရန်နျူကလီးယား သဘောတူညီချက်ကို အရယူပေးခဲ့ခြင်းဖြစ်ကာ ယခုထရမ့် က တော့ ထိုလမ်းကြောင်းကို အဆုံးသတ်နေသည်။ အရှေ့အလယ်ပိုင်း မ တည်ငြိမ်မှုများမှာ အမေရိကန် အပေါ်တွင် အဓိက တည်မှီနေသည်ဟု ဆိုကြသည့်အတိုင်း အီရန်နျူကလီးယား အရေးသာ အဆုံးသတ်သွား လျှင် အမေရိကန်တို့ တရားခံအဖြစ် ထပ် မံနာမည်ကြီးလာဦးမည် ဖြစ်သည်။

တစ်ချိန်က အီရန်သည် ယခုအချိန်နှင့်ဆန့်ကျင်လျက် ပညာတတ် ပေါများခဲ့သည့်နိုင်ငံ၊ အမျိုးသမီးသိပ္ပံ ပညာ ရှင်များ ပေါ်ထွက်ခဲ့သည့်နိုင်ငံ၊ သိပ္ပံနိုဘယ်ဆုပင် ရခဲ့သည့်သူကလည်း ထို အထဲတွင် ရှိခဲ့သေးသည်။ ထို့ နောက် အစ္စလာမ်မစ် ဘာသာရေး အယူဝါဒနှင့် နိုင်ငံကို အုပ်ချုပ်လာခဲ့သည့် အချိန်မှစပြီး အီရန်မှာ စီးပွားရေးကျဆင်းလာခဲ့ကာ နျူကလီးယားဘက်ကို သွားခဲ့သောကြောင့် အရေးယူ ပိတ်ဆို့မှုက ချက်ချင်းကျလာခဲ့သည်။

ယခုတော့ အီရန်သည် အရှေ့အလယ်ပိုင်းတွင် စစ်ရေးအရ သြဇာလွှမ်းမိုးမှု ရှိသည်ဟု ဆိုသော်လည်း အမှန်တကယ် ဆော်ဒီလောက်အာဏာမရှိ။ စီးပွားရေးနှင့် စစ်ရေးတွင် ဆော်ဒီက အီရန်ထက်များစွာ သာနေ သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထရမ့်က အီရန်နှင့် ဆော်ဒီကိုယှဉ်ပြီး ဆော်ဒီကိုရွေးခဲ့ခြင်းဖြစ်သည်။

သို့သော် ရေရှည်ရေတို နှိုင်းယှဉ်ချက်မှာ ကမ္ဘာကြီးအတွက် ပိုအနရ္တာယ်များသည်က အီရန်ဖြစ်သည်။ ဆော်ဒီ တို့က နျူကလီးယား လမ်းကြောင်းကိုမသွား၊ သွားချင်းသွား တစ်လမ်း တည်းသွားသူက အီရန်ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ကြိမ်သာ အီရန်နျူကလီးယား သဘောတူညီချက် ပျက်စီးခဲ့လျှင် နောက်တစ်ကြိမ်ဆို သည်က ဖြစ်လာနိုင်စရာမရှိဘဲ နောက် ဆုံးအီရန်တို့ နျူကလီးယား လက်ဝယ်ပိုင်ဆိုင်မှသာ ဖြစ်လာနိုင်ပါ ကြောင်း တင်ပြလိုက်ရပါသည်။ ရှိန်းထက်

Read 26 times
Rate this item
(0 votes)
Last modified on Wednesday, 30 May 2018 10:36