SJ WorldNews - шаблон joomla Авто
စကားဝါ

စကားဝါ

ရန်ကုန် နိုဝင်ဘာ ၁၈

ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ်ကျင်းပမည့် အသက် ၂၃ နှစ်အောက် M-150 Cup ဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် ပွဲစဉ်ဇယားကို ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထုတ်ပြန်ခဲ့ရာ မြန်မာ ယူ-၂၃ အသင်းသည် အဖွင့်ပွဲစဉ်တွင် ဗီယက်နမ် ယူ-၂၃ အသင်းနှင့်စတင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ M-150 Cup ပြိုင်ပွဲအုပ်စု မဲခွဲမှုကို နိုဝင်ဘာပထမပတ်ကပြုလုပ်ခဲ့ရာ မြန်မာယူ-၂၃ အသင်းမှာ အုပ်စု(ခ)တွင် ဗီယက်နမ်၊ ဥဇဘက်ကစ္စတန်အသင်းတို့နှင့် ကျရောက်နေပြီး အုပ်စု(က)တွင် အိမ်ရှင် ထိုင်း၊ ဂျပန်၊ မြောက်ကိုရီးယားအသင်းတို့ တစ်အုပ်စုတည်း ကျရောက်နေသည်။ မြန်မာ ယူ-၂၃ အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၉ ရက်တွင် ဗီယက်နမ် အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒုတိယပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၁ ရက်တွင် ဥဇဘက်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။ ဒီဇင်ဘာ ၁၃ ရက်တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် ယင်းပွဲစဉ်အတွက် ပဏာမကစားသမား ၂၆ ဦး ရွေးချယ်ကာ စခန်းသွင်းလေ့ကျင့်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဂတ်ဇီဆီ၊ လက်ထောက်နည်းပြအဖြစ် မက်ဆီဒိုးနီးယားနိုင်ငံသား ပိုပေါ့စကီးနှင့် ဦးမြင့်ကို၊ ဂိုးနည်းပြအဖြစ် ဦးအောင်ကျော်ကျော်တို့က တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ့မွန် နိုဝင်ဘာ ၁၈

စတုဂတ်ကွင်း၌ ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့သော ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် ဒေါ့မွန်အသင်းသည် ၂ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ ဒေါ့မွန်အတွက် တိုက်စစ်မှူးအဖြစ် ပွဲထွက်ကစားခဲ့သော ရှာလီက စတုဂတ်၏ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခဲ့ကြောင်းနှင့် ပွဲကိုအသာစီးဖြင့် မကစားနိုင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ထိုပွဲတွင် ဒေါ့မွန်အတွက် အကိုလိုနှင့် ဘရီကာလိုတို့က နှစ်ဂိုးသွင်းပြီး ဒေါ့မွန် အတွက် မက်ဆီမီလီယန်ဖိလစ်က နှစ်သိမ့်ဂိုးသွင်းကာ ရှာလီကိုယ်တိုင်မှာ ပယ်နယ်တီကန်ခွင့်ရသော်လည်း ဂိုးမဝင်ခဲ့ပေ။ ပွဲအပြီးတွင် ရှာလီက ''ဒေါ့မွန်လိုအသင်းအနေနဲ့ ပြိုင်ဘက်ကို တစ်ပွဲလုံး စိုးမိုးနိုင်ဖို့လိုပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့အသင်းပွဲကို မထိန်းချုပ်နိုင်ခဲ့ဘူး။ စတုဂတ်ဘက်ကို ဂိုးရဖို့ရှေ့တက်ပြီး ဖိကစားရာမှာ သူတို့က ချက်ချင်းဆိုသလို ကျွန်တော်တို့ဘက်ကို တန်ပြန်တိုက်စစ်နဲ့ ခြိမ်းခြောက်နိုင်ခဲ့တယ်။ ဒါကို မထိန်းနိုင်ခဲ့လို့ ကျွန်တော်တို့အသင်း ရှုံးနိမ့်ခဲ့တာပါ။ ကျွန်တော်တို့အသင်းအနေနဲ့ ပြိုင်ဘက်ကို တစ်ပွဲလုံး အသာစီးကစားနိုင်ဖို့လိုတယ်။ ပြီးတော့ အခုပွဲမှာလိုပြိုင်ဘက်ကို အခွင့်အရေးကောင်းတွေ အများကြီးပေးမိတာမျိုးမဖြစ်ဖို့လိုပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ပွဲမှာအမှားတွေကို ပြင်ဆင်နိုင်ဖို့ ကြိုးစားမှာပါ''ဟု ပြောသည်။ ထိုပွဲတွင် ရှုံးနိမ့်ခြင်းကြောင့် ဒေါ့မွန်သည် စတုဂတ်ကွင်း နောက်ဆုံး ဘွန်ဒက်စ်လီဂါ သုံးပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့ရသည်။ ရှာလီသည် ထိုပွဲတွင် အသင်းစည်းကမ်း ဖောက်မှုကြောင့် ပွဲထွက်ကစားသမားစာရင်းမှချန်လှပ်ခဲ့သော တိုက်စစ်မှူး အူဘာမီယန်းနေရာတွင် ကစားခဲ့ရခြင်းလည်းဖြစ်သည်။

Page 1 of 129