SJ WorldNews - шаблон joomla Авто

လီဗာပူးနှင့်ပွဲမှာ သုံးမှတ်ထက် ပိုအရေးကြီးသော ပွဲမဟုတ်ဟု မော်ရင်ဟိုဆို မာတာကမူ အားလုံးအတွက် အရေးကြီးဆုံး ပွဲဟု ဖွင့်ဟ

Friday, 13 October 2017 09:51 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ အောက်တိုဘာ ၁၂

မန်ယူနည်းပြ မော်ရင်ဟိုက အောက်တိုဘာ ၁၄ ရက်ညတွင် လီဗာပူးနှင့် ကစားရမည့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ တခြားပွဲများ ကဲ့သို့ပင် သုံးမှတ်ထက် ပိုအရေးကြီးသော ပွဲမဟုတ်ဟု ထုတ်ဖော်ပြောပြီး အသင်းမှ ဒဏ်ရာရ ကစားသမားများ အခြေအနေနှင့် ပတ်သက်၍ စိတ်ပျက်နေမည် မဟုတ်ဟု ထုတ်ဖော်ပြောသည်။

နိုင်ငံတကာ ရက်သတ္တပတ်ကြောင့် ကစားသမားများ နိုင်ငံပွဲများ ကစားပေးခဲ့ရပြီး ဖယ်လိုင်နီ ဒဏ်ရာရခဲ့သလို လူကာကူသည်လည်း ဒဏ်ရာပြဿနာ ရှိသည့်ကြားမှ ဘယ်လ်ဂျီယံ အသင်းအတွက် ဆိုက်ပရပ်စ်နှင့် ခြေစစ်ပွဲတွင် ပါဝင်ကစားခြင်းနှင့် ပတ်သက်ပြီး မော်ရင်ဟိုက စိတ်ပျက်နေမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောသည်။ ယမန်နေ့က မန်ယူကစားသမားများ အားလုံးနီးပါး အသင်း၏ ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ပြန်လည် ရောက်ရှိလာပြီးနောက် မော်ရင်ဟိုက ''ကျွန်တော်တို့ ဒဏ်ရာရ ကစားသမားတွေ အသင်းမှာ ရှိလာမယ့် အရေးအတွက် စိတ်ပျက်နေစရာ အကြောင်းမရှိပါဘူး။ လူကာကူဆိုရင် ဘယ်လ်ဂျီယံအတွက် ကစားပေးခဲ့တယ်။ ဒါက သူဒဏ်ရာ ပျောက်ကင်းသွားကြောင်း ပြသလိုက်တာပဲ။ လီဗာပူးနဲ့ ပွဲကလည်း သာမန်ပွဲတွေထဲက တစ်ပွဲပါပဲ။ သုံးမှတ်ရနိုင်ဖို့ ဆိုတာထက် ဘာမှအရေးမကြီး ပါဘူး''ဟု ပြောသည်။ မန်ယူကွင်းလယ် ကစားသမား မာတာကမူ လီဗာပူးနှင့် မန်ယူအသင်းမှာ အင်္ဂလန်၌ အစဉ်အလာ အကြီးမားဆုံး ပြိုင်ဘက်များဖြစ်၍ ထိုပွဲသည် ယခုရာသီတွင် အရေးကြီးဆုံး ပွဲတစ်ပွဲဖြစ်ကြောင်း မော်ရင်ဟိုအမြင်နှင့် ကွဲလွဲစွာပြောသည်။ မန်ယူအသင်း ဝက်ဘ်ဆိုက်၌ အင်တာဗျူးရာတွင် မာတာက ''ကျွန်တော်တို့ နောက်ကစား ရမယ့် ပရီးမီးယားလိဂ်ပွဲ အကြောင်းကို ကြိုပြီးပြောနေကြပါတယ်။ ဒီပွဲက အခုရာသီမှာ မန်ယူ အသင်းအတွက် အရေးကြီးဆုံး ပွဲတွေထဲက တစ်ပွဲဆိုတာ သံသယရှိဖို့ မလိုပါဘူး။ ကျွန်တော်တို့ ကစားသမားတွေ အတွက်ရော ပရိသတ်တွေ အတွက်ပါ ဒီပွဲက အရမ်းအရေးကြီးတယ် ဆိုတာ ပြောနေစရာတောင် မလိုဘူး။ ကျွန်တော်တို့ ကြီးမြတ်တဲ့ ပွဲတစ်ပွဲ ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ မန်ယူအတွက် သုံးမှတ်အပြည့် ရနိုင်ဖို့လိုပါတယ်'' ဟု ပြောသည်။ မန်ယူအသင်းတွင် ယမန်နေ့က လေ့ကျင့်ကွင်းသို့ လာရောက်သော ကစားသမား များအနက် လူကာကူ၊ မာတာ၊ စမောလင်း၊ ရိုဂျိုနှင့် အမ်ခီတာယန်တို့ အပြင် သြဂုတ်လက မန်ယူအသင်း တစ်နှစ်စာချုပ် တိုးပြီး ပြန်လည်ခေါ်ယူလိုက်သော ဆွီဒင်တိုက်စစ်မှူး မိုဗစ်ခ်ျလည်းပါဝင်ခဲ့သည်။ သို့သော် မိုဗစ်ခ်ျသည် ဒဏ်ရာအကင်းမသေ သေးသဖြင့် လေ့ကျင့်ခန်း ဆင်းနိုင်ဖွယ် မရှိသေးသလို ပေါ့ဂ်ဘာသည်လည်း ကာလရှည် ဒဏ်ရာမျိုး ရထားခြင်းကြောင့် နောက်ထပ် အနည်းဆုံး နှစ်ပတ်နားရဦးမည် ဖြစ်ကြောင်း သိရသည်။

 

Read 5 times Last modified on Friday, 13 October 2017 09:52