SJ WorldNews - шаблон joomla Авто

ပွဲစဉ်မကုန်ဆုံးမီ မြန်မာ နေရှင်နယ်လိဂ် ယူ-၁၉ နှစ်နှစ်ဆက်တိုက်ချန်ပီယံဖြစ်သည့် ရှမ်းယူနိုက်တက် ယူ-၁၉ အသင်း ဆုကြေးငွေ ငွေကျပ် သိန်း ၄ဝဝ ရရှိ

Saturday, 11 August 2018 10:42 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ်   ၁ဝ

၂ဝ၁၈ မြန်မာနေရှင်နယ်လိဂ် အသက် ၁၉ နှစ်အောက်   လူငယ်ပြိုင်ပွဲတွင်   ပွဲစဉ် မကုန်ဆုံးမီ  ချန်ပီယံဆု  ဆွတ်ခူး ရရှိသည့် ရှမ်းယူနိုက်တက်  ယူ-၁၉  အသင်းသည် ဆုကြေးငွေ ငွေကျပ် သိန်း ၄ဝဝ ရရှိမည်ဖြစ် ကြောင်း သိရသည်။

ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းသည် ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်(၂၁)တွင် ဟံသာဝတီ ယူနိုက်တက် သင်းကို ၂ ဂိုး-၁ ဂိုးဖြင့်  အနိုင်ရရှိပြီး  ယခုကဲ့သို့ ချန်ပီယံဆုကို ပွဲစဉ်မကုန်ဆုံးမီရရှိခြင်းဖြစ်သည်။ ထို့ကြောင့် ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းသည် ပြိုင်ပွဲပြီးဆုံးရန် တစ်ပွဲအလို တွင်   အမှတ်ပေး ချန်ပီယံဖြစ်ခဲ့ပြီး   အနီးကပ်ဆုံး ပြိုင်ဘက် ရတနာပုံအသင်းအား ငါးမှတ်ဖြတ် ထားနိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိတွင် ရှမ်းယူနိုက်တက်အသင်းက ၅၄ မှတ်၊ ဒုတိယနေရာမှ  ရတနာပုံအသင်းက   ၄၉ မှတ်ရရှိထားသည်။ ၂ဝ၁၇ ဘောလုံးရာသီက လည်း ရှမ်းယူနိုက်တက် ယူ-၁၉ အသင်း သည် လူငယ်အမှတ်ပေးချန်ပီယံဆုရ ယူနိုင် သောကြောင့် နှစ်နှစ် ဆက်တိုက် ချန်ပီယံဆု ဆွတ်ခူးနိုင်ခြင်းဖြစ်သည်။

''ရာသီမကုန်မီ ချန်ပီယံဖြစ်တဲ့အတွက် အထူးဂုဏ်ယူပါတယ်။  ရှမ်းယူနိုက်တက် သက်တမ်းအလိုက် အသင်းတွေနဲ့ စီနီယာ အသင်းကြီးအတွက် သာမက မြန်မာ့ဘောလုံး လောကအတွက် အားထားရတဲ့ အားကစားသမား ကောင်းတွေဖြစ်လာအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ လာမယ့်နှစ်တွေမှာ အခုလို ချန်ပီယံဆုတွေကို    အရ ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ အားကစားသမားတွေ ပီပီ မူးယစ်ဆေးကို လုံးဝရှောင်ရှားဖို့ လိုပါတယ်'' ဟု ရှမ်းယူ နိုက်တက် ယူ-၁၉ အသင်း စီအီးအို ဦးစိုးနိုင်က ပြောသည်။

ထို့ကြောင့်  နှစ်နှစ်ဆက် ချန်ပီယံ  ရှမ်းယူနိုက်တက်  ယူ-၁၉အသင်းကို ယမန်နေ့က အသင်းဥက္ကဋ္ဌနှင့် အုပ်ချုပ်မှု အဖွဲ့က ဂုဏ်ပြုညစာဖြင့် ဂုဏ်ပြုခဲ့ပြီး  ဆုကြေးများပေးအပ်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်း ဘုတ်အဖွဲ့မှ ချန်ပီယံ  ရှမ်းယူနိုက်တက်  ယူ-၁၉ အသင်းကို ငွေကျပ် သိန်း ၃ဝဝချီးမြှင့် ခဲ့ပြီး ချန်ပီယံဆု အတွက် မြန်မာနေရှင်နယ်လိဂ်မှ ပေးအပ်သည့် ဆုကြေး  ငွေကျပ်သိန်း  ၁ဝဝ နှင့် ပေါင်းကာ  ရှမ်းယူ နိုက်တက် ယူ-၁၉ အသင်းသည် ဆုကြေးငွေ ငွေကျပ် သိန်း  ၄ဝဝ ရရှိမည်ဖြစ်ကြောင်း သိရသည်။

တီတီ

Read 18 times Last modified on Saturday, 11 August 2018 10:44