SJ WorldNews - шаблон joomla Авто

၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ယူ-၁၈ ချန်ပီယံဆုကို ဒဂုံအသင်း ရာနှုန်းပြည့် နိုင်ပွဲဖြင့် ဆွတ်ခူး

Thursday, 12 July 2018 09:52 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၁၁

MPT Myanmar National League (U-18) 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ ဆုပေးပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ ပဒုမ္မာ ဘောလုံးကွင်း၌ ကျင်းပသည်။

ဆုပေးပွဲမတိုင်မီ   ညနေ  ၃ နာရီတွင် ဒဂုံအသင်းနှင့် ရွိုင်ရယ်သန်လျင် အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဒဂုံအသင်းက ရှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက်  ဆုပေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ ပြိုင်ပွဲတွင် ရှုံးပွဲမရှိ ရာနှုန်းပြည့် နိုင်ပွဲနှင့် ချန်ပီယံ ဖြစ်ခဲ့ သည့် ဒဂုံအသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆုများကို မြန်မာ နေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုး မိုးကျော်က ချီးမြှင့်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင် ဧရာဝတီ ယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးမင်းလှိုင်က ချန်ပီယံ ဖြစ်ခဲ့သည့် ဒဂုံအသင်းအား ဆုကြေးငွေကျပ် သိန်း ၁၀၀ ချီးမြှင့်သည်။

ယင်းနောက်  MPT Myanmar National League (U-18) 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင်  ဒုတိယဆု ရရှိ သည့် ယူနီဗာ စီတီအသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆုနှင့်  ဆုကြေးငွေကျပ် သိန်း ၅၀ချီးမြှင့်သည်။

ထို့နောက် တတိယဆု ရရှိခဲ့သည့် ရွိုင်ရယ် သန်လျင်အသင်းအား တစ်ဦးချင်း ကြေးတံဆိပ်ဆုနှင့် ဆုကြေး ငွေကျပ် ၂၅ သိန်း ချီးမြှင့်သည်။

MPT Myanmar National League (U-18) 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် အသင်းခြောက်သင်း ၀င်ရောက် ယှဉ်ပြိုင် ကစားခဲ့ပြီး ဒဂုံအသင်းသည် ၁၀ပွဲနိုင်၊ ရှုံးပွဲမရှိ ရမှတ် ၃၀ဖြင့် ချန်ပီယံဆုဖလားကို ရရှိ ခဲ့ခြင်းဖြစ်သည်။

ဒုတိယ နေရာတွင် ယူနီဗာစီတီ အသင်းက  ခုနစ်ပွဲနိုင်၊ သုံးပွဲရှုံး ရမှတ် ၂၁ မှတ်ဖြင့် ရပ်တည်ခဲ့ပြီး တတိယနေရာ တွင် ရွိုင်ရယ် သန်လျင် အသင်းက ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံး ရမှတ် ၁၇မှတ်ဖြင့် ရပ်တည်ခဲ့သည်။  ဂိုးသွင်း အများဆုံး ဆုကိုလည်း ဒဂုံအသင်းမှ ရဲဟန်ကိုကိုက သွင်းဂိုး ၂၃ ဂိုးဖြင့် ဆွတ်ခူး ရရှိခဲ့သည်။

တီတီ

 

Read 14 times Last modified on Thursday, 12 July 2018 09:54