SJ WorldNews - шаблон joomla Авто

လက်တွေ့ အသုံးချ ဆေးနည်း တိုများ (၁ဝ)

Monday, 09 October 2017 11:43 Written by  font size decrease font size decrease font size increase font size increase font size

မေး။ ဆရာ ကျွန်မအသက် ၄၇ နှစ်ပါ။ သွေးမပေါ်တာ ခုနစ်လရှိပါပြီ။ အခု သွေးပြန်ပေါ်ပြီး သွေးဆင်းများလို့ ခေါင်းမူး နေပါတယ်။ ခြေလက်တွေ အားမရှိသလို ဖြစ်နေပါတယ်။ ဘာဆေးသောက်ရမလဲ၊ ကျေးဇူးတင်ပါတယ်။

ဖြေ။ ကွမ်းသီး သုံးခြမ်း၊ စံပယ်ရွက် ခုနစ်ရွက်၊ သကြားဟင်းစားဇွန်း နှစ်ဇွန်းရောပြီး ရေနွေးမတ်ခွက် တစ်ခွက်ခွဲကို သုံးခွက်တစ်ခွက်တင်ကျိုပြီး တစ်ကြိမ်ကို အကြမ်းပန်းကန် တစ်လုံးစာ တစ်နေ့သုံးကြိမ်သောက်ပါ။ ခေါင်းမူးရင် စံပယ် ပန်းရနံ့ရှူပေးပါ။ ဒီဆေး သုံးရက်သောက်ပြီးမှ သွေးဆင်းမရပ်ရင် သားအိမ်မှာ အလုံးရှိ၊ မရှိ မီးယပ်အထူးကုပြပြီး စစ်ဆေးပါ။

မေး။ သမီး အပေါ်နှုတ်ခမ်း ဘယ်ဘက်မှာ အနာဖြစ်နေတယ်။ သေးသေးလေးကနေ ကြီးလာလို့ ဆေးနည်းလေး ပြောပြပါ။ အရည်ကြည်ဖုလို သေးသေးကစဖြစ်တာပါ။

ဖြေ။ အုန်းမှုတ်ခွက်ကို မီးဖုတ်ပြီး ထွက်လာတဲ့အဆီကို တို့ပေးရင် နှုတ်ခမ်းအနာ အမြန်ပျောက်ပါတယ်။ တစ်နည်း သင်္ဘောပင်ရိုးတံကို ချိုးပြီး ထွက်လာတဲ့အစေးနဲ့ တို့ပေးရင်လည်း နှုတ်ခမ်းနာပျောက်ပါတယ်။

မေး။ ဆရာကြီးရှင့် ခံတွင်းအနံ့ဆိုးတာ ဘာကြောင့်လဲရှင့်။ အနံ့မထွက်အောင် ဘယ်လိုလုပ်ရမလဲရှင့်။

ဖြေ။ တမာရွက် ပြုတ်ရည် ငုံပေးပါ။ ဝမ်းမချုပ်အောင် ညအိပ်ရာဝင် မန်ကျည်းဖျော်ရည် သောက်ပါ။ ခြေဖဝါးဆား ပွတ်ပြီး ဒူးအထက်ကနေအောက်ကို ရေလောင်းခြေဆေးရင် အပေါ်ကို အပူအပုပ်တက်တာ သက်သာပါတယ်။ စကားပြောစရာရှိရင် လေးညှင်းပွင့်တစ်ပွင့် ပါးစပ်ထဲငုံထားပါ။

မေး။ မင်္ဂလာပါဆရာ သမီးကလေးမွေးပြီး သုံးလအကြာမှာ ခြေဆစ်၊ လက်ဆစ်တွေနာပြီး လှုပ်မရလို့ ဆေးခန်းသွား ပြပြီး ဆေးစစ်ကြည့်တော့ လေးဖက်နာပိုးရှိတယ်တဲ့ဆရာ။ လေးဖက်နာဆေးသောက်ရမှာ သမီးက ကလေးနို့တိုက် နေရတော့ အဲဒီဆေးတွေက ကလေးကို ထိခိုက်နိုင်မလားလို့ပါ။ မြန်မာဆေးစားရင် ဖြစ်မလား သိချင်ပါတယ် ဆရာ။

ဖြေ။ ပိုးလေးဖက်နာဆေးက ပင်နီဆီလင်အုပ်စုတွေပါ။ ကလေးကိုတော့ မထိခိုက်ဘူး ထင်ပါတယ်။ ဆေးပေးတဲ့ ဆရာဝန်ကို သေသေချာချာမေးပြီးမှ သောက်ပါ။ ဒန့်သလွန်ရွက် များများစားပေးပါ။ အနီရောင်အသား၊ ခြေလေး ချောင်းသားတွေ ရှောင်ပြီး အသီးအရွက်ပိုစားပါ။ လက်ဆစ်တွေကို မုန်ညင်းဆီလိမ်းပါ။ ရောင်ရင် နလင်ကျော်သွေး လိမ်းပါ။ ခြေဆစ်၊ လက်ဆစ်တွေနာရင် သက်ရင်းကြီးမြစ်၊ တောရှောက်မြစ်တွေ သွေးလိမ်းပါ။ ထင်းရှူးဆီလည်း လိမ်းလို့ရပါတယ်။

မေး။ ဆရာရှင့် သမီးအဖေ အသက်က ၇၆ နှစ်ပါ။ အာရုံကြောတွေ မကောင်းတော့ပါ။ မအိပ်နိုင်လို့ ဆေးရုံလည်း တက်ပြီးပါပြီ။ ဒါပေမဲ့ မထူးပါ။ အိပ်ဆေးတွေ သောက်တာတောင် မအိပ်ဘဲ ခြေလက်တွေ မသယ်နိုင်ဖြစ်ပြီး စကား ပြောတာလည်း လေးနေပါတယ်။ ဘာရောဂါလဲ ကူညီပေးပါရှင့်။

ဖြေ။ လူကြီးနာပါ။ ပင်စင်နာလို့လည်း ခေါ်ပါတယ်။ မြန်မာဆေးအလိုတော့ လေလျှောက်အားနည်း လာတာပေါ့။ လေဆက်စေတဲ့ဆေးက ဆင်တုံးမနွယ်ပါ။ အမှုန့်ကိုပရဆေးဆိုင်က ဝယ်ပြီး ပျားရည်နဲ့တေစားပါ။ လေဆက်စေတဲ့ ဓာတ်စာက ကြောင်လျှာသီးပါ။ အခုရာသီမှာ အလွန်ပေါပါတယ်။ အသီးမ ရရင် အပွင့်ခြောက်ကို ရေနွေးဖြောပြီး သုပ်ကျွေးပါ။ ကြောင်လျှာပွင့်မှာ အိပ်ပျော်စေတဲ့ သတ္တိရှိတယ်လို့ ဆိုပါတယ်။

မေး။ မင်္ဂလာပါဆရာ။ ကျွန်တော် အရာဝတ္တု တစ်ခုခုကို ကြာကြာကြည့်လိုက်ရင် မျက်စိတွေအောင့်လာပြီး အမြင်တွေ ဝါးသွားပါတယ်ခင်ဗျ။ စာရေးစာဖတ်လုပ်ရပါတယ်။ ဆောင်ရန် ရှောင်ရန်လေးတွေ ညွှန်ကြားပေးပါခင်ဗျ။

ဖြေ။ မျက်စိက အခိုးတက်လို့ပါ။ မနက်၊ ည ဒူးအထက်နေ ရေလောင်းခြေဆေးပါ။ လေစာ၊ လက်ဖက်ရည်လျှော့ပါ။ ဝမ်းမချုပ်အောင် ဂရုစိုက်ပါ။ ရှားစောင်းလက်ပပ်အနှစ်ကို မျက်စိမှာကပ်ပေးပါ။ စာကြာကြာကြည့်ပြီးရင် အဝေးကို ကြည့်ပေးပါ။ မျက်စိကို ရေလက်ခုပ်နဲ့ခပ်ပြီး တစ်ဖက်ချင်းဆေးပေးပါ။ အနားယူချိန်မှာ ကွမ်းရွက်ကို ပြားစေ့လောက်ဖဲ့ ပြီး မျက်စိထောင့်တွေမှာ ကပ်ပေးပါ။

မေး။ ဆရာ နှာခေါင်း မကြာခဏ ပိတ်ပါတယ်။ နှာခေါင်း ထိပ်ကပ်နာ လက္ခဏာ ပြောပြပေးပါ။ ဆောင်ရန်ရှောင်ရန်နဲ့ ဆေးနည်းတိုလေးပါ ပြောပြပေးပါ။

ဖြေ။ ထိပ်ကပ်နာက နှာပိတ်ပြီး အသက်ရှူမဝ၊ နှပ်ပုပ်ကျ၊ အနံ့မရ အဆင့်ဆင့် ဖြစ်လာတယ်။ မသန့်တဲ့ နေရောင်ခြည် မဝင်တဲ့အခန်းမှာနေရင် ပိုပြီးဖြစ်လေ့ရှိတယ်။ ဖြစ်ခဲ့ရင် ရေခွက်ကြီးထဲမှာ ဆားခါးတစ်ဇွန်းထည့် ရေနွေးနဲ့ဖျော်ပြီးမှ ရေအေးရောပါ။ အဲဒီရေခွက်ထဲမှာ ခေါင်းနှစ်ပြီး ရေကို ရှူရှိုက် သွင်းပါ။ အကျင့်မရသေးခင်တော့ သီးလိမ့်မယ်။ နောက် တော့ အကျင့်ရသွားပါလိမ့်မယ်။ နှာခေါင်းပိတ်ပြီး အနံ့မရရင် သံပရာရည်နဲ့ ဂျုံမှုန့်ရောနယ်ပြီး နှာခေါင်းပေါ်မှာ အုံပေးပါ။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၃) အကင်းဆယ်ပါးဆေးဝယ်ပြီး မီးကျီးခဲပေါ် ဖြူးပြီး မှိုင်းရှူပေးပါ။ ဒန့်သလွန်ရွက်ကို ကြက်သွန်ဖြူများများနဲ့ ဟင်းချိုချက်သောက်ပေးပါ။

မေး။ ခါးက မကြာခဏနာလို့ ဓါတ်မှန်ရိုက် စစ်ဆေးကြည့်လိုက်တော့ ခါးရိုးဆစ်ကျီးပေါင်း ရောဂါလို့ပြောပါတယ်။ ဆေးနည်းလေး ပြောပြပေးပါဆရာ။

ဖြေ။ ခါးရိုးဆစ်ကျီးပေါင်း ရောဂါက ရေရှည်ကုသရပါတယ်။ ကုန်းပြီးလုပ်ရတဲ့အလုပ်၊ ကြာကြာရပ်ပြီး လုပ်ရတဲ့အ လုပ်တွေ လုပ်လို့မရတော့ပါ။ ကျီးပေါင်းနဲ့ ခါးအာရုံကြောညပ်ရင် ခါးနာတယ်။ သက်သာစေမယ့် နည်းလမ်းကတော့ ခါးမှာ ရေစိုအဝတ်ကို ရေကုန်အောင်ညှစ်ပြီး ပတ်ထားပါ။ ပက်လက် အိပ်ပြီး ခြေဖဝါးကို ဆားနဲ့ပွတ်ခိုင်းပါ။ ပူလာရင် ရေလောင်းပါ။ ခဏကြာရင် ခါးမှာပတ်ထားတဲ့ ရေစိုအဝတ်က ရေခြောက်သွားလိမ့်မယ်။ ဒီနည်းကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးရင် ခါးအကြောညပ်၊ ခါးကျီးပေါင်းတက်၊ ခါးအပူခဲ၊ ခါးနာသူတွေ လက်တွေ့ပျောက်ကင်းမှုရှိပါတယ်။ ခါးကို မုန်ညင်းဆီ၊ ငရုတ်ေ ကာင်းဆီ၊ မင်သော်ဆီတွေရော မီးနဲ့ချက်ပြီး လိမ်းပေးနိုင်ပါတယ်။

မေး။ ကျွန်တော့်အသက် ၂၂ နှစ်ပဲ ရှိပါသေးတယ်။ ဆံပင်တွေ တအားကျွတ်တယ်ဆရာ။ ဆံပင်ကျွတ်ရင် အမြစ်ပါ တယ်။ အခု ဆံပင်ကအတော်ပါးနေပြီ။ ကျွန်တော်က ဖုန်းနဲ့ဂိမ်းဆော့တာ များတယ်။ ညအိပ်ရေးပျက်ခံပြီး ဆော့တာနဲ့ ရော ဆိုင်ပါသလားခင်ဗျာ။ ဆေးနည်းလေးပေးပါ။

ဖြေ။ အိပ်ရေးပျက်ခံပြီး ဖုန်းဂိမ်းဆော့တာကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ မျက်စိအာရုံကြောလည်း ထိခိုက်နိုင် တယ်။ ဆင်ခြင်ပါ။ ည ၉ နာရီထက် နောက်မကျဘဲအိပ်ပါ။ အိပ်ရာမဝင်မီခြေဖဝါး ဆားပွတ်ပြီး ဒူးအောက်ရေလောင်း ခြေဆေးပါ။ ဆံပင်ကျွတ် သက်သာစေပါတယ်။ ထောလပတ် ရွက်ကို အရည်ညှစ်ပြီး ဦးရေပြားထဲစိမ့်ဝင်အောင် ပွတ်ပါ။ ပြီးရင် တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ပါ။ ကြိတ်မှန်ရွက်အရည်ညှစ်ပြီး အုန်းဆီနဲ့ ရောထားပြီး ဦးခေါင်းမှာလိမ်းပေးပါ။

မေး။ ဆရာ ဇက်ကျီးပေါင်းရောဂါအတွက် ဆေးနည်းပြောပြပါ။ မူးလည်းမူးပါတယ်။ စာကြည့်တာကြာရင် ဇက်ကြော တက်လို့ ကြာကြာ မကြည့်နိုင်ပါဘူး။

ဖြေ။ ဇက်ကျီးပေါင်း အဖုပေါ်မှာ သင်္ဘောရွက်ကို ပျော့အောင် ရေနွေးစိမ်ပြီး ကပ်ပေးပါ။ တစ်နေ့တစ်ကြိမ် နှစ်နာရီကြာ အောင်ကပ်ပေးပါ။ ညအိပ်ရင် ခေါင်းအုံးအမြင့် မအိပ်ပါနဲ့။ ပါးပါးလျှော့အိပ်ပါ။ ဖြစ်နိုင်ရင်ညာဘက် ဘေးစောင်းအိပ်ပါ။ မုန်ညင်းဆီကို ကြေးဇွန်းမှာထည့်ပြီး ဖယောင်းတိုင်မီးနဲ့ ပူအောင်ကင်ပြီး ဇက်ကျီးပေါင်းမှာလိမ်းပါ။ စာရေး စာကြည့်ပြု လုပ်ပြီး နာရီဝက်ကြာရင်နားပါ။ အဝေးကို ငါးမိနစ်လောက်ကြည့်ပါ။ မနက်အိပ်ရာထ မျက်နှာသစ်တဲ့အခါ ကုပ်ပိုးကို ရေနဲ့ရိုက်ပေးပါ။ ဇက်ကြောတက်ရင် သစ်ကြံပိုးကို အမှုန့်ပြုလုပ်ထားပြီး မီးကျီးခဲပေါ်ဖြူး မှိုင်းရှူပေးပါ။

မေး။ ကျွန်တော့် ညီမလေးက အသက် ၁၁ နှစ် လေးတန်းကျောင်းသူပါ။ စာအတော်ကျက်ရပါတယ်။ ကြာတော့ အသံနာပြီး အသံဝင်သလို ဖြစ်နေပါတယ်။ ကြီးလာရင် အသံမကောင်းဖြစ်မှာစိုးလို့ ဆောင်ရန်ရှောင်ရန် ဆေးနည်း ပြောပြပါ။

ဖြေ။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁) မက်လင်ချဉ်လျက်ဆား တိုင်းရင်းဆေးခန်းတွေမှာ တောင်းပါ။ ပရဆေး ဆိုင်မှာ ဝယ်ရင်လည်းရပါတယ်။ လျက်ပေးပါ။ အသံဝင်တာအတွက် ပြည်ပန်းညိုရွက်ကို ဟင်းချိုချက်တိုက်ပါ။ မန်ကျည်းသီးစိမ်းကို ဆားနဲ့ထောင်းကျွေးပါ။ လည်ပင်းကို နလင်ကျော် အခေါက်သွေးလိမ်းပါ။

မေး။ ဆရာ ကျွန်မ ခွေးလှေးယားစေ့အနက်လှော်ပြီး ၁ဝ စေ့လောက် စားလိုက်မိတယ်။ အခုတစ်ချိန်လုံး အန်နေရ ပါတယ်။ လည်ချောင်းလည်းနာပြီး အသက်ရှူကျပ်နေပါတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ညွှန်ပေးစေ လိုပါတယ်။

ဖြေ။ ထန်းလျက်ခဲ များများစားပါ။ ကန်စွန်းရွက်ထောင်းပြီး အရည်ညှစ် အကြမ်းပန်းကန် တစ်လုံးစာ ကုန်အောင် သောက်ပါ။ (ခွေးလှေးယားစေ့ကို အဆိပ်မဖြစ်အောင် နွားနို့နဲ့ပြုတ်ပြီးမှ လှော်စားရပါတယ်။ သုံးလေးစေ့ထက် ပိုမစား သင့်ပါ။) (တစ်နာရီလောက်ကြာ အကြောင်းပြန်) ဆရာပြောတဲ့ အတိုင်းလုပ်တာ တော်တော်သက်သာလာပါပြီ။ ဆရာ့ကို ကျေးဇူးတင်ပါတယ်ရှင့်။

မေး။ ဆရာရှင့် ကျွန်မရဲ့သားလေး ဝမ်းချုပ်နေတာ ၁ဝ ရက်လောက်ရှိပါပြီ။ ကလေးက သုံးလခွဲပါ။ ကွမ်းရိုးနဲ့ ဝမ်းချူ တာလည်း မရဘူးရှင့်။ ကျွန်မ မိခင်နို့ပဲတိုက်ပါတယ်။ ကလေးကို ဝမ်းသွားအောင် ဘာလုပ်ပေးရမလဲ။

ဖြေ။ မုန်ညင်းဆီကို မီးနဲ့နွှေးပြီး ကလေးရဲ့ ဝမ်းဗိုက်မှာ လိမ်းပေးပါ။ ချက်တိုင်ကို လက်ယာရစ်ပတ်ပြီး လိမ်းပေးရင် လေလည်ပြီး ဝမ်းသွားနိုင်ပါတယ်။ မိခင်နို့တိုက်နေရင်မိခင်က ဆားခါးကိုလှော်ပြီး ဟင်းစားဇွန်း တစ်ဇွန်းသောက်ပေး ရင် ဒါမှမဟုတ် မန်ကျည်းဖျော်ရည် သောက်ပေးရင်လည်း ကလေး ဝမ်းသွားနိုင်ပါတယ်။ ဝမ်းနုတ်ဆေးသောက်ဖို့ မလိုပါ။

မေး။ ဆရာခင်ဗျာ ကျွန်တော့်အစ်မတစ်ယောက် သင်္ဘောရွက်စားနေတာ ခုနစ်လခန့်ရှိပါပြီ။ ရည်ရွယ်ချက်က ကင်ဆာ

ကာကွယ်တယ်ဆိုပြီး စားနေတာပါ။ အခုရက်ပိုင်းမှာ ရင်ခေါင်းအပေါ်ကနေ အပေါ်အထိ အပူခိုးတွေတက်လာပါတယ်။ လေပူထပြီး မျက်စိမှာလည်း အခိုးတွေဝေလာပါတယ်။ ဆက်သောက်ရမလား။ ရပ်လိုက်ရမလား။ သူက အရွက်ကို ပြုတ်လည်းစားတယ်။ တစ်ခါတစ်ရံ အရွက်ကိုကြိတ်အရည် ညှစ်ပြီးတော့လည်း သောက်ပါတယ်။ အကြံပေးပါဦး ဆရာ။

ဖြေ။ သင်္ဘောအရွက် အစိမ်းမှာပါတဲ့ အစေးက တေဇောဓာတ်များပါတယ်။ လက်ခြားရှိတဲ့အတွက် (လက်ပုံ သဏ္ဌာန်အရွက်) အာကာသရှိတဲ့ အရွက်လည်း ဖြစ်ပါတယ်။ အစွမ်းထက်ပါတယ်။ ဒါပေမဲ့ တေဇော အာကာသလွန်ရင် မကောင်းပါဘူး။ အချို့ဆေးဖက်ဝင် ပစ္စည်းတွေက ပထမပိုင်းမှာ အ ကျိုးပြုပြီး နောက်ကြာလာရင် ဆန့်ကျင်ဘက် အကျိုးတွေ ပေးလာတတ်ပါတယ်။ ဆေးဝါးတွေကလည်း ဒီလိုပါပဲ။ ရေရှည်သောက်ရင် အချို့ဆေးတွေက တန်ပြန်မှု တွေဖြစ်လာတတ်ပါတယ်။ ဆေးဖက်ဝင်အပင် အသီး၊ အရွက်တွေကို ရက်ရှည် ၄၅ ရက်ထက်ပိုပြီး မစားသုံးပါနဲ့။ တဖြည်းဖြည်းပြန်လျှော့ပါ ဒါမှမဟုတ် ခေတ္တနားလိုက် ပြန်သုံးစွဲလိုက်လုပ်တဲ့ နည်းလည်းရှိပါတယ်။ အင်္ဂလိပ်ဆေးလို ကို့(စ်)လည်းမရှိပါဘူး။ လူနာကိုကြည့်ပြီး ချိန်ဆပေးရပါတယ်။ ဆေးပေးတဲ့ပညာက ခက်ပါတယ်။ တန်ဆေး လွန်ဘေး တဲ့။ အချို့ဆေးပင်တွေက ဥတုတစ်ခုမှာသင့်ရင် နောက်ဥတုတစ်ခု ပြောင်းသွားရင် မသင့်ပြန်ပါဘူး။ ရှုပ်ထွေးတဲ့ အတွက် သမားကောင်းဆိုတာ ရှားတာဖြစ်ပါတယ်။ ဆရာတို့ကိုယ်တိုင် အမှားတွေ အများကြီးရှိခဲ့ပါတယ်။ ဒါကြောင့် သင်္ဘောရွက်ပဲဖြစ်ဖြစ် အခြားဆေးဖက်ဝင် အပင်တစ်မျိုးမျိုးဖြစ်ဖြစ် ချင့်ချိန်ပြီး သောက်သုံးသင့်ပါတယ်။ ရောဂါမဖြစ်ဘဲ လည်း ကြိုတင်မသောက်သုံးသင့်ပါ။

မေး။ ကျွန်မအသက် ၅၆ နှစ်ရှိပါပြီ သွေးရော ဆီးချိုပါရှိပါတယ်။ အခု သွေးပေါင်ကျပြီး ဆီးချိုတက်နေပါတယ်။ ဆေးနည်းညွှန်ပြပေးပါ။

ဖြေ။ ခရေရွက်ပြုတ်သောက်ပါ။ အကြမ်းပန်းကန်တစ်လုံးစာ အစာမစားမီ ကြိုတင်သောက်ပါ။ ထမင်းလျှော့စားပါ။ ထမင်းပန်းကန်ပြားလေးပုံတစ်ပုံ၊ အသီးအရွက်တစ်ပုံ၊ အသားငါးတစ်ပုံ၊ တစ်ပုံချန်စားပါ။ ဆီးချိုကျပါတယ်။ ဆီးချို ရောဂါအစ အအေးကြိုက်ခြင်းကလို့ ဆိုပါတယ်။ အအေးရှောင်၊ နွေးနွေးထွေးထွေးနေပါ။ ဆီးချိုရောဂါက အစားအ သောက်ဆင်ခြင်ရင် သက်သာတဲ့ ရောဂါပါ။

မေး။ ဆရာ ညအိပ်ရင် သွားကြိတ်တာ ပျောက်အောင်ကုလို့ ရပါသလား။ ဆိုးဆိုးရွားရွား ကြိတ်တတ်ပါတယ်။ ကြာလည်းကြာပါပြီ။ လမ်းညွှန်ပေးပါခင်ဗျ။

ဖြေ။ ရိုးရာဆေးပညာအရ လေပကတိ (သန္ဓေသားကတည်းက လေပါလာ)ဖြစ်တတ်ပါတယ်။ လေစာ၊ အခြောက် အခြမ်း၊ အကြော်အလှော်တွေ ရှောင်ရပါမယ်။ ညအိပ်ခါနီးမှာ နွားနို့ပူပူကို ဆားခတ်၊ သကြားမထည့်ဘဲ သောက်ပေးရင် သွားကြိတ်တာ သက်သာစေပါတယ်။

မေး။ ညအိပ်ရင် အလွန်ဟောက်တက်လို့ပါဆရာ။ ကိုယ်ကမသိပေမယ့် တခြားသူတွေကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ပျောက်ချင်ပါတယ်။

ဖြေ။ လည်ပင်းမှာ ပဝါပတ်အိပ်ရင် အဟောက်သက်သာပါတယ်။ ဘယ်ဘက် ညာဘက်ပြောင်းပြီး စောင်းအိပ်ရင် မဟောက်ပါ။ ပက်လက်အိပ်ရင် ဟောက်တတ်တယ်။ ကြောင်လျှာသီးကို မကြာခဏကြော်စားရင် အဟောက်သက် သာတယ်လို့ ဆိုပါတယ်။ ညအိပ်ရာဝင် ဖီးကြမ်းငှက်ပျောသီး ပျော့ေ ပျာ့နှစ်လုံး ပုံမှန်စားပေးရင် လေပူကျပြီး အ ဟောက်သက်သာစေတယ်လို့ ဆိုပါတယ်။ နလင်ကျော်မြစ်ကိုသွေးပြီး ဟင်းစားဇွန်းတစ်ဇွန်းကို ပျားရည်တစ်ဇွန်းစပ် သောက်ရင်လည်း ဟောက်တဲ့ရောဂါပျောက်တယ်လို့ ရှေးဆေးမြီးတိုကျမ်းမှာ တွေ့ရပါတယ်။ ဟောက်တတ်သူတွေ ခေါင်းအုံးပါးပါးနဲ့ အိပ်ပါ။ အမြင့်မအိပ်ပါနဲ့၊ ခေါင်းအုံးနှစ်လုံးဆင့်အိပ်ရင် ဇက်ခေါက်ပြီး ပိုဟောက်တတ်ပါတယ်။ ။ ကြည်လွင်မြင့်(မုဒြာ)

Read 4 times
Rate this item
(0 votes)
Last modified on Monday, 09 October 2017 11:46