SJ WorldNews - шаблон joomla Авто

ကြက်ဥနှင့်ကျန်းမာရေး

Thursday, 14 June 2018 10:01 Written by  font size decrease font size decrease font size increase font size increase font size

ကြက်ဥသည် သွေးတိုးရောဂါသည်များ သွေးလွှတ်ကြော ပေါက်ထွက်ပြီး သေဆုံးခြင်း မဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါဖြစ်နေသော ကလေး များလည်း ရောဂါဆိုးရွား မလာစေရန် ကြက်ဥတစ်နေ့တစ်လုံး၊ နှစ်လုံးကျွေးသင့်ကြောင်း၊ ကလေးများ နေမကောင်းဖြစ်ခဲ့လျှင်လည်း ဝမ်းသွားတဲ့အချိန်မှအမ ကြက်ဥကို အဓိက ကျွေးသင့်ကြောင်း၊ အသက်ကြီးသူများ စားသုံးပါကလည်း မျက်စိမှုန်ခြင်း မဖြစ်အောင် ကာကွယ်ပေးကြောင်း၊ ထို့ကြောင့် ကြက်ဥကို နေ့စဉ်စားသုံးသင့်ကြောင်း မြဝတီစီစာဖတ် ပရိသတ်များ သိရှိစေရန် ဒေါက်တာခင်မောင်လွင် (FAME)နှင့် တွေ့ဆုံမေးမြန်းမှု များကို ဖော်ပြလိုက်ပါသည်-

မေး ။ ။ကြက်ဥစားရင် ကိုလက်စထရော တက်တယ်ဆိုတာရော မှန်ပါသလား ဆရာ။

ဖြေ ။ ။ ကြက်ဥတစ်လုံးရဲ့ အနှစ်တွင် Cholesterol 190 mg ပါဝင်ပါတယ်။ အဆီဓာတ် အားလုံးအနေနဲ့ 5 g ပါဝင်ပြီး 1/3 သာလျှင် ပြည့်ဝအဆီ ဖြစ်ပါတယ်။ အရင်တုန်းကတော့ သွေးထဲ၌ Cholesterol များနေရင် ဆရာဝန်တွေက ကြက်ဥမစားဖို့ အကြံပြုလေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ ကိုလက်စထရောထက် ပြည့်ဝဆီ စားသုံးခြင်းကိုသာ ဦးစားပေး ရှောင်ခိုင်းကြလေ့ရှိပြီး ကြက်ဥစားသုံးမှုကို တင်းကျပ်စွာ မတားမြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြက်ဥမှာ ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ အာဟာရဓာတ်တွေ ပေါများစွာ ပါဝင်နေလို့ဖြစ်ပါတယ်။ တစ်နေ့ တစ်လုံးစားရုံနဲ့ ပုံမှန်လှုပ်ရှားမှု ရှိခဲ့ရင် ကိုလက်စထရော မတက်နိုင်ပါဘူး။ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကြက်ဥမှာပါတဲ့ ကိုလက်စထရောဟာ Lecithin နဲ့တွဲနေခြင်း ဖြစ်ပါတယ်။ Lecithin ဟာ ကိုလက်စထရောကို သွေးထဲမှာ စုပုံမနေအောင် လိုအပ်တဲ့ နေရာတွေကို ရောက်အောင် ပို့ဆောင်ပေးတဲ့ အဆီဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကြက်ဥမှာ နှစ်မျိုးစလုံးပူးတွဲ ပါဝင်နေတဲ့ အတွက် ကိုလက်စထရောရဲ့ အန္တရာယ်မှာ လျော့နည်းသွားပြီး sex hormone များ တည်ဆောက်ရာတွင်လည်း အခြားလိုအပ်သော နေရာများ၌ အသုံးပြုနိုင်သည့် အနေအထားသို့ ရောက်ရှိသွားပါတယ်။

မေး ။ ။ ကြက်ဥမှာပါသော သတ္တုဓာတ်တွေ အကြောင်းလည်း ဆက်ပါဦးဆရာ။

ဖြေ ။ ။ ခန္ဓာကိုယ်အတွက် အထူးလိုအပ်တဲ့ သတ္တုဓာတ်များကို ကြက်ဥမှာ တွေ့နိုင်ပါတယ်။ အိုင်အိုဒင်းဓာတ် ပေါကြွယ်ဝသောကြောင့် Thyroid hormone များ ထုတ်လုပ်မှုကို ကောင်းမွန်စေပြီး ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်စေပါတယ်။ Calcium နဲ့ Phosphorus ပါဝင်လို့ အရိုးများ ခိုင်မာစေရန် အထောက်အကူ ပြုပေးပါတယ်။ Zinc ပါဝင်တဲ့အတွက် အနာကျက်မြန်စေခြင်း၊ ရောဂါပိုးမွှားများရန်မှ ကာကွယ်ခြင်း၊ Selenium ပါလို့ အင်တီအောက်ဆီဒင့် အာနိသင်ရရှိခြင်း၊ သံဓာတ်ပါဝင်သဖြင့် သွေးအားနည်း ရောဂါကို ကာကွယ်ခြင်းစတဲ့ အာနိသင်များ ရရှိနိုင်ပါတယ်။

မေး ။ ။ အခြားတန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေ အနေနဲ့ရော ဘာတွေများ ပါပါသေးလဲ ဆရာ။

ဖြေ ။ ။ ကြက်ဥမှာ Lutein နဲ့ Zeaxanthin ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီဓာတ်ပစ္စည်း နှစ်ခုဟာ သွေးကြောနံရံတွေကို ခိုင်ခံ့စေတဲ့ အတွက် သွေးတိုးရောဂါသည်များ သွေးလွှတ်ကြော ပေါက်ထွက်ပြီး လေဖြတ်ခြင်း၊ သေဆုံးခြင်းများ မဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါဖြစ်နေတဲ့ ကလေးများမှာလည်း ရောဂါဆိုးမလာအောင် ကြက်ဥ တစ်နေ့တစ်လုံး နှစ်လုံးကျွေးသင့်ပါတယ်။ အသက်ကြီးသူများ မျက်စိမှုန်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

မေး ။ ။ ကြက်ဥမှာ မျိုးဥနဲ့ ဓာတ်ဥတို့ဟာ အလေးချိန်တူခဲ့ရင် ပါဝင်တဲ့ အာဟာရဓာတ်နဲ့ အရည်အသွေး တူညီမှု ရှိ/မရှိ သိလိုပါတယ်။

ဖြေ ။ ။ ကြက်ဥမှာပါဝင်တဲ့ အာဟာရဓာတ်နဲ့ အရည်အသွေးဟာ မျိုးဥနဲ့ဓာတ်ဥပေါ်တွင် မူတည်ခြင်းမရှိဘဲ ကြက်ကိုကျွေးသော အစားအစာပေါ်တွင်သာ မူတည်ပါတယ်။ ကြက်ဥတစ်လုံးရဲ့ အရည်အသွေးကို ဆုံးဖြတ်ရာမှာ Haugh Unit ဖြင့်သာ သတ်မှတ်ပါတယ်။ Haugh Unit ဆိုတာကတော့ ၁၉၃၇ ခုနှစ်မှာ ကြက်ဥရဲ့ quality ကိုတိုင်းတာတဲ့ အကောင်းဆုံး နည်းစနစ်ကို စတင်တွေ့ရှိခဲ့သူ Raymond Haugh ကို ဂုဏ်ပြုခေါ်ဝေါ် ထားခြင်းဖြစ်ပါတယ်။ ဒီလိုတိုင်းတာရာမှာ သတ်မှတ်ထားတဲ့ အပူချိန် (45-60F) အတွင်းရှိ ကြက်ဥရဲ့ အလေးချိန်နဲ့ အတွင်းရှိ egg white ပါဝင်မှုပမာဏကို မူတည်ပြီး Formula ဖြင့် တွက်ခြင်းဖြစ်ပါတယ်။ egg white protein မှာပါတာက albumin များ ဖြစ်ပါတယ်။ အဲဒီမှာ score (အမှတ်) ၁ဝဝပေးထားပြီး အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။

Haugh Unit Score

Fresh ဖြစ်လေ HU Score ကောင်းလေလေ ဖြစ်ပါတယ်။ မျိုးဥနဲ့ ဓာတ်ဥယှဉ်လျှင် ဓာတ်ဥသည် မျိုးဥထက် ပို၍ကြာရှည်ခံပါတယ်။ The thicker the white, the better the quality. ကြက်ဥအကာ ပမာဏ များလေလေ ပိုကောင်းလေလေ ဖြစ်ပါတယ်။

မေး ။ ။ အခွံညိုတဲ့ ကြက်ဥနဲ့ ဖြူတဲ့ကြက်ဥ ဘယ်ကြက်ဥက ပိုကောင်းပါသလဲ။

ဖြေ ။ ။ ကြက်ဥရဲ့ quality ဟာ အပေါ်ယံ အခွံ၏ အရောင်ပေါ် မည်သို့မျှ မှီတည်ခြင်း မရှိပါ။ သို့သော် အချို့နိုင်ငံများတွင် အညိုရောင် ဥများသည် အဖြူရောင်ဥထက် ပို၍ဈေးကြီး တတ်ပါတယ်။ ယင်းသို့ဖြစ်ရခြင်းသည် quality ကြောင့်မဟုတ်ဘဲ အနီရောင်ဥသော ကြက်များဟာ အစာပိုစားလေ့ရှိပြီး ဥနှုန်းကျတော့ နည်းတဲ့အတွက်ကြောင့် ကုန်ကျစရိတ် ပိုမိုလာလို့ပဲ ဖြစ်ပါတယ်။

မေး ။ ။ ကြက်ဥကို ဒီအတိုင်း အစိမ်းစားရင် ရောဂါပိုးတွေ ပါနိုင်တယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ ။ ။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ အဖြစ်အများဆုံး ကတော့ Salmonella လို့ ခေါ်တဲ့ ဗက်တီးရီးယား တစ်မျိုးဟာ ဥရဲ့အခွံမှာ ကပ်ပါလာတတ်ပါတယ်။ ဒီရောဂါပိုးတွေဟာ Food poisoning လို့ခေါ်တဲ့ အစာအဆိပ်သင့် လက္ခဏာကို အဓိက ရစေနိုင်တဲ့ ရောဂါပိုးတွေ ဖြစ်ပါတယ်။ ဒီပိုးတွေဟာ ကြက်တို့၊ ဘဲတို့၊ ငုံးတို့ အစရှိတဲ့ တိရစ္ဆာန် တွေနဲ့ လူရဲ့အညစ် အကြေးတွေမှာ နေလေ့ရှိပါတယ်။ ကြက်ဥဥလိုက်ရင် အပြင်အခွံမှာ ကြက်ရဲ့မစင်နဲ့အတူ ဒီလိုရောဂါပိုးတွေ ကပ်ပါလာတတ်လို့ အခွံကို ဒီအတိုင်းကိုင်တွယ် စားသောက်လိုက်ရင် ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲ ဝင်လာနိုင်ပါတယ်။ နောက်ခေတ်စားနေတဲ့ H5N1 virus ဆိုရင်လည်း မစင်ကနေ တစ်ဆင့်အခွံမှာ ကပ်ပါလာတတ်ပါတယ်။ ဒါကြောင့်ကြက်ဥအခွံကို ပါးစပ်နဲ့တေ့ပြီး သောက်တဲ့ အကျင့်ကိုတော့ စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒါဆိုရင် ကြက်ဥအတွင်းသားကတော့ စိတ်ချလက်ချ စားနိုင်တယ်လို့ ယူဆနိုင်တာပေါ့။

ဖြေ ။ ။ ၉၉ ရာခိုင်နှုန်းကျော် စိတ်ချရတယ်လို့ ပြောနိုင်ပါတယ်။ ၁ဝဝ ရာခိုင်နှုန်းတော့ အာမခံလို့ မရသေးပါဘူး။ ဘာလို့လဲဆိုတော့ အချို့ရောဂါပိုးတွေဟာ ကြက်မရဲ့ မျိုးဥအိမ်မှာ သွေးကနေတစ်ဆင့် ရောက်ရှိစွဲကပ်နိုင်ပါ သေးတယ်။ ဥပမာ Salmonella enteritidis လိုပိုးမျိုးဆိုရင် ကြက်ဥအနှစ် ထဲမှာကို ပါလာနိုင်ပါသေးတယ်။ ဒါဟာလည်း ဖြစ်ခေါင့်ဖြစ်ခဲ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရယ်၊ ကမ္ဘာ့ကြက်ဥစားသုံးမှုနဲ့ ယှဉ်လိုက်ရင် လူတစ်ယောက်အနေနဲ့ ၈၄ နှစ်မှာမှ တစ်ကြိမ် ဒီလိုကြက်ဥမျိုးကို စားမိနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

မေး ။ ။ ဖရဲသီးနဲ့ဘဲဥ မတည့်ဘူးဆိုပြီး ရှောင်ကြပါတယ်။ ကြက်ဥနဲ့ဖရဲသီးကရော ဘယ်လိုနေပါသလဲ ဆရာ။ ရောစားလို့ရပါသလား။

ဖြေ ။ ။ ကျွန်တော်တို့ သဘာဝဆေးပညာ Alternative Medicine ရှုထောင့်ကနေကြည့်ရင် အချို့သော အစားအစာတွေဟာ တွဲမစားရတာတွေ ရှိပါတယ်။ အဲဒီအထဲမှာ Protein ဓာတ်များတဲ့ အစားအစာတွေ စားရင် Fruit juice တွေနဲ့ တစ်ပြိုင်နက်တည်း တွဲမစားသင့်ပါဘူး။ concentrated protein တွေဖြစ်တဲ့ ကြက်ဥ၊ ဘဲဥတွေဟာ အသား၊ ငါးထက်စာရင် အလွယ်တကူ ကြေညက်လွယ်လို့ ဓာတ်ပြုမှု လျင်မြန်ပါတယ်။ Fruit juice တွေ ဖြစ်တဲ့ ဖရဲသီးအရည်တို့၊ နာနတ်ရည်၊ လိမ္မော်ရည်၊ ခရမ်းချဉ်သီး စတာတွေမှာပါတဲ့ အချဉ်ဓာတ် အက်စစ်တွေနဲ့ ဓာတ်ပြုပြီးရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာတို့ ဗိုက်ထဲမှာ မအီမသာ ဖြစ်တာတို့ ခံစားရလေ့ရှိပါတယ်။ သေဆုံးတဲ့ အထိတော့ အဆိပ်အတောက် ဖြစ်လေ့မရှိပါ။ ၄ နာရီကျော် လောက်အောင် ခြားပြီးစားရင် သိပ်ပြဿနာမရှိပါ။ တစ်ပြိုင်နက်တည်း စားမှသာ ဒုက္ခပေးနိုင်တာ ဖြစ်ပါတယ်။ ကြက်ဥကို ငယ်စဉ်ကတည်းက စတင် စားသုံးသင့်တယ်လို့ အထူးအကြံပြု လိုပါတယ်။ ကလေးတွေ နေမကောင်းဖြစ်လျှင် ဝမ်းသွားတဲ့ အချိန်မှအပ ကြက်ဥကိုအဓိက ကျွေးသင့်တယ်။ အသက်ကြီးသူတွေ စားမယ်ဆိုရင် မျက်စိမှုန်ခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒီလိုထူးခြားတဲ့ အာနိသင် များရှိတဲ့ ကြက်ဥကို နေ့စဉ်စားသုံး သင့်ပါကြောင်း မြဝတီ ပရိသတ်များကို တိုက်တွန်းလိုက်ပါတယ်။

မြဝတီ

Read 5 times
Rate this item
(0 votes)
Last modified on Thursday, 14 June 2018 10:07