SJ WorldNews - шаблон joomla Авто

လက်တွေ့အသုံးချ ဆေးနည်းတိုများ(၂၁)

Monday, 12 February 2018 13:24 Written by  font size decrease font size decrease font size increase font size increase font size

မေး ။ ။ ဆရာရှင့် တစ်ခုလောက်ကူညီပါ။ သမီးအရင်ကချွေးနံ့မနံပါဘူး။ အခုနောက်ပိုင်း ချွေးနည်းနည်းထွက်တာနဲ့ ကိုယ့်အနံ့ကိုယ် နံနေပါတယ်။ ဈေးရောင်းရတာက အလုံပိတ် အဲယားကွန်းခန်းဆိုပေမယ့် ပစ္စည်းသယ်ရရင် ချွေးနည်းနည်းထွက်တာနဲ့ နံတာပါပဲ။ ဈေးဝယ်ကိုလည်း အားနာ၊ သူငယ်ချင်းတွေလည်း အားနာရ၊ ရေမွှေးလည်း မကယ်နိုင် ဘူးဖြစ်နေပါတယ်။ ဝမ်းနုတ်ဆေးလည်း သောက်ပါတယ်။ သွေးသန့်ဆေးလည်း သောက်ပါတယ်။ မသက်သာပါဘူး။ အကြံဥာဏ်ပေး ကူညီပါဦးဆရာ။

ဖြေ ။ ။ ရှောက်သီးကို အခွံပါရေနွေးစိမ်သောက်ရင် ချွေးနံ့သက်သာပါတယ်။ တစ်နေ ကုန် သောက်နိုင်သမျှသောက်ပါ။ အဆီလည်းကျ  လူလည်းကျစ်လျစ်စေပါတယ်။ ရှောက်သီးမရရင် သံပရိုသီးကို ပါးပါးလှီး ရေနွေးစိမ်သောက်ရင်လည်း ရပါတယ်။ တစ်လလောက်တော့ သောက်ရတယ်။ ပျောက်ဖူးသူရှိပါတယ်။

မေး ။ ။ ဆရာခင်ဗျာ၊ ကျွန်တော့်လည်ပင်းမှာ ပွေးလိုလို၊ ညှင်းလိုလိုယားနာအကွက် လေးဖြစ်နေတာ တစ်လလောက်ရှိပါပြီခင်ဗျာ။ ဘယ်လိုဆေးမျိုးလိမ်းရမလဲ ညွှန်ကြား ပေးပါ။

ဖြေ ။ ။ တမာရွက်ပြာချ အုန်းဆီနဲ့လိမ်းပါ။ (တစ်နည်း) ကြွေပုပ်ကိုသံပရာရည်နဲ့ စိမ်ထား ပျော်သွားရင် သနပ်ခါးနဲ့စပ်လိမ်းပါ။ ညှင်းကွက်ဖြစ်ရင် ဒီဆေးနည်းနဲ့ ပျောက်ဖူး ပါတယ်။

မေး ။ ။ မင်္ဂလာပါဆရာ ခေါင်းလျှော်ရည် တစ်မျိုးသုံးပြီး ကျွန်မဆံပင်တွေ အကွက် လိုက်ကျွတ်နေလို့ပါ။ ဆံပင်ပြန်ပေါက်အောင် ဆေးနည်းရှိရင် ကူညီပေးပါ။

ဖြေ ။ ။ ကြိတ်မှန်ရွက် အရည်ညှစ် ဆန်ဆေးရည်နဲ့ရော ခေါင်းမှာစွတ်ပြီး တစ်နာရီ လောက်ကြာအောင် ပေါင်းထားပါ။ ပြီးရင် တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ပါ။ ထောလပတ်ရွက်နဲ့ အုန်းဆီစိမ်ထားပြီးလိမ်းပါ။

မေး ။ ။ ဆရာခင်ဗျာ နှစ်စဉ်အေးချမ်းတဲ့ ဆောင်းဥတုမှာ နှာစေးလေ့ရှိပါတယ်။ ပိုးသတ်ဆေး မသောက်ချင်တဲ့အတွက် ဘယ်လိုသဘာဝအစာနဲ့ ကာကွယ် နိုင်သလဲ သိလိုပါတယ်။

ဖြေ ။ ။ အအေးမိနှာစေးတာကို ကာကွယ်ဖို့အတွက် ကြက်သွန်ဖြူဥတစ်လုံး မီးဖုတ်စားပေးပါ။ တစ်နေ့ကို ခုနစ်မြွှာလောက်စားပေးရင် လုံလောက်ပါတယ်။ အနံ့မွှေးပြီး စားလို့လည်းကောင်းပါတယ်။

မေး ။ ။ ဆရာရှင့် ဝပြီးအဆီတိုးလာတဲ့အတွက် ပျားရည်ကို နေ့စဉ်သောက်ရ တယ်ဆိုတာ မှန်ပါသလားရှင့်။ ပိန်တယ်ဆိုပေမယ့် သိပ်လည်းမပိန်အောင် ထိန်းထား ချင်ပါတယ်။

ဖြေ ။ ။ အဆီကျပြီး ကျန်းမာလိုသူတွေအတွက် ပျားရည်က အသင့်လျော်ဆုံးပါ။ မပိန်ဘဲ အသားအရေ စိုပြည်ဖို့အတွက် ရေသောက်တာက ဆေးတစ်ပါးပါ။ ရေကို မျှတအောင် သောက်တာနဲ့ မပိန်မဝခန္ဓာကိုယ် အချိုးကျစေနိုင်ပါတယ်။ ရေနဲ့ပျားရည်ကို နံနက်ခင်း နေရောင်ခြည်မှာ တစ်နာရီလောက် ပြပြီးသုံးစွဲပါ။ နေရောင်ခြည်ကရတဲ့ ဥဏှတေဇောဟာ လူကိုကျစ်လျစ်စေပါတယ်။ ပျားရည်ဟာ ကောင်းတဲ့အဆီကို တိုးစေပြီး မကောင်းတဲ့အဆီကို ကျစေပါတယ်။ နံနက်အိပ်ရာထချိန်မှာ ပျားရည် ဟင်းစားဇွန်း တစ်ဇွန်းကို ရေအေးတစ်ဖန်ခွက်နဲ့သောက်ရင် အဆီကျပြီး အသားအရေ ကို စိုပြည်လှပစေနိုင်တယ်။

မေး ။ ။ ဆရာကြီးရှင့် ခြေဖဝါးမှာ အသားမာလို အဖုလေးတွေ ရှိပါတယ်ရှင့်။ ငါးမျက်စိ လို့ ပြောပါတယ်။  ပျောက်နိုင်မယ့် ဆေးနည်းလေးညွှန်ကြားပေးပါရှင့်။

ဖြေ ။ ။ ငှက်ပျောသီးအခွံကို အသားဘက်ကကပ်၊ အဝတ် ဒါမှမဟုတ် ပတ်တီးနဲ့စည်း ထားပေးပါ။ သုံးရက်လောက်စည်းရင် အသားမာအဖုတွေ ပွလာပြီး ဆွဲနုတ်ရင် ကျွတ် ထွက်သွားနိုင်ပါတယ်။ အဲဒီကျွတ်ထွက်သွားတဲ့နေရာမှာ အသားမာထပ်မဖြစ်စေဖို့ ပျားရည်နဲ့အုန်းဆီ ရောစပ်လိမ်းပေးပါ။

မေး ။ ။ ဆရာရှင့် သမီးအစ်မတစ်ယောက်မှာ လိပ်ခေါင်းဖြစ်နေလို့ပါရှင့်။ ဝမ်းသွားပြီးရင် လက်သန်းတစ်ဆစ်လောက် အပြင်မှာထွက်ပြီး ကျန်နေပါတယ်။ သူက ကိုယ်ဝန်ဆောင်လည်း ဖြစ်နေပါတယ်ရှင့်။ မွေးခါနီး တစ်လလောက်လိုတော့တာမို့  လိပ်ခေါင်းကို မကုနိုင်တော့ပါဘူးရှင့်။ ပြန်ဝင်နိုင်တဲ့ နည်းလမ်းရှိရင် ညွှန်ပြပေးပါရှင့်။

ဖြေ ။ ။ ဆားခါးအထုပ်ဝယ်ပါ။ (ဝမ်းနုတ်တဲ့ ဆားခါးပါ) တစ်ထုပ်လုံးကို ရေဖျော်ပြီး ထိုင်နိုင်တဲ့ အင်တုံ ဒါမှမဟုတ် ပလတ်စတစ် ဇလုံကြီးကြီးမှာထည့်ပြီး  မိနစ် ၂ဝ ခန့် စိမ်ပေးရင် ပြန်ဝင်နိုင်ပါတယ်။ (တစ်နည်း) ကျားမနိုင်အမြစ်ကိုသွေးပြီး လိမ်းပေးရင်လည်း လိပ်ခေါင်းကျုံ့ပြီး ပြန်ဝင်နိုင်ပါတယ်။

မေး ။ ။ ဆရာ ခြေသလုံးမှာ ဆိုင်ကယ်အိပ်ဇော အပူကပ်မိသွားလို့ပါ။ ဘယ်လို လုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျ။

ဖြေ ။ ။ ငံပြာရည် သို့မဟုတ် ဆားကို ရေအေးနဲ့ဖျော်ပြီး အမြန်လောင်းချပါ။ ငှက်ပျောပင်ရဲ့ အလယ်အူတိုင်က အရည်ကို ညှစ်ချရင်လည်း အပူဖုမထွက်ပါ။

မေး ။ ။ ဆရာရှင့် ဖနောင့်တွေ သိပ်နာနေတယ်။ လမ်းလျှောက်ရင်လည်း နာပါ တယ်။ မတ်တတ်လည်း ကြာကြာမရပ်နိုင်ပါဘူး။ ကျွန်မကိုယ်အလေးချိန်ကတော့ ၁၄၈ ပေါင်ရှိပါတယ်ရှင့်။ အရပ်က ငါးပေ နှစ်လက်မ ဆေးနည်းလေးပြောပြပေးပါ။ ကျေးဇူး တင်ပါတယ် ဆရာကြီးရှင့်။

ဖြေ ။ ။ အရပ်နဲ့စာရင် ကိုယ်အလေးချိန်က နည်းနည်းများနေလို့   ခြေဖနောင့် တွေနာတာပါ။ အစားလျှော့စား၊ ကိုယ်အလေးချိန် ဝိတ်လျှော့ဖို့လိုပါတယ်။ ခြေမျက်စိ နှစ်ဖက်မြုပ်အောင် ဆားရည်နွေးနွေးစိမ်ပေးပါ။ သက်ရင်းကြီးရွက်ကိုထောင်းပြီး ဖနောင့် မှာ အုံ၊ စည်းအိပ်ပါ။ နံနက်အိပ်ရာထမှာဖြေရင် ရပါတယ်။ ခုနစ်ရက် တစ်ပတ်လောက် ဆက်စည်းပါ။

မေး ။ ။ ဆရာ   လေ့ကျင့်ခန်းလုပ်ရင်း ခါးနာသွားပါတယ်။   ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါ။

ဖြေ ။ ။ မုန်ညင်းဆီကို မီးနဲ့အပူပေး၊ ခါးမှာ ခပ်နွေးနွေးလိမ်းပြီး အဝတ်နဲ့ ပတ်ထားပါ။ သက်သာတဲ့အထိ လေ့ကျင့်ခန်းလုပ်တာကို တစ်ရက်၊ နှစ်ရက်နားထားပါ။ လေ့ကျင့်ခန်းလုပ်ရင် စနစ်တကျလုပ်ပါ။ အပြင်းအထန် မလုပ်ပါနဲ့။

မေး ။ ။ ဆရာရှင့်  ချောင်းတအားဆိုးနေပါတယ်။ ချောင်းဆိုးလိုက်တိုင်း ခေါင်းထဲက ထိုးပြီး  ကိုက်ပါတယ်။ ဘာလုပ်ရမလဲရှင့်။

ဖြေ ။ ။ ဆားလှော်၊ ကွမ်းရွက်စိမ်းအရည်၊ သံပရာရည် သုံးမျိုးကို ရောစပ်ဖျော်ပြီး လျက်ပေးပါ။ ခေါင်းကိုက်ရင် ချင်းတက်ပါးပါးလှီး၊ နားထင်နှစ်ဖက်မှာ ကပ်ပေးပါ။

မေး ။ ။ ဆရာ အအေးပတ်ပြီး အသက်ရှူမရအောင် နှာပိတ်နေလို့ပါ။ သင့်လျော မယ့် ဆေးနည်း ပြောပြပေးပါ။

ဖြေ ။ ။ ရှောက်သီးကို လေးစိတ်စိတ် မတ်ခွက်မှာထည့်၊ ရေနွေးပူပူလောင်းချပြီး အုပ်ထားပါ။ ခဏကြာရင်ဖွင့်ပြီး အငွေ့ကို ရှူရှိုက်ပေးပါ။ နလင်ကျော်မြစ်၊ တောရှောက် မြစ်တွေရှိရင်သွေးပြီး နှာခေါင်းမှာလိမ်းပေးပါ။ ကွမ်းရွက်အရည်ညှစ်၊ အုန်းဆီနဲ့ရော ဦးခေါင်းငယ်ထိပ်မှာ လိမ်းပေးပါ။

မေး ။ ။ ဆရာရှင့် ကျွန်မရဲ့အဖေမှာ ရင်ဘတ်အောင့်တဲ့ရောဂါ ဖြစ်နေပါတယ်။ ဆေးစစ်ကြည့်တော့ နှလုံးသွေးကြောကျဉ်းတယ်လို့ ပြောပါတယ်။ နှလုံးသွေးကြော ကျဉ်းရောဂါ ပျောက်နိုင်မယ့် ဆေးနည်းတွေရှိရင် ပြောပြပေးပါရှင့်။

ဖြေ ။ ။ ထမင်းစားတဲ့အခါတိုင်း ကြက်သွန်ဖြူဥသေးတွေကို သုံးမြွှာကနေ ခုနစ်မြွှာအထိ အစိမ်းအတိုင်း စားပေးပါ။ ကြက်သွန်နီဥကို ပါးပါးလှီး ရှောက်ရည်၊ သံပရာရည်ဆမ်းပြီး စားပေးရင်လည်း အကျိုးရှိစေနိုင်ပါတယ်။ ငရုတ်သီး အစိမ်းတောင့် ကို အသုပ်အမျိုးမျိုးမှာထည့်ပြီး နေ့တိုင်းစားပေးရင် သွေးကြောပိတ်တာကို ကာကွယ် စေနိုင်ပါတယ်။ ငရုတ်ကောင်းကို ဟင်းချိုတစ်မျိုးမျိုးမှာ ထည့်ချက်ပြီးဖြစ်ဖြစ်၊ အမှုန့် ဖြူးပြီးဖြစ်ဖြစ် သောက်သုံးပေးရင် နှလုံးသွေးကြောကျဉ်း ရောဂါအတွက် အထောက် အကူဖြစ်ပါတယ်။ အငန်နဲ့အချိုကိုလျှော့ပြီး စားသုံးသင့်တယ်။ အချဉ်၊ အစပ်၊ အပွင့် ဓာတ်များတဲ့ အစာအာဟာရတွေကို စားသုံးတာနဲ့ နှလုံးသွေးကြော ကျဉ်းရောဂါကို ကာကွယ်စေနိုင်ပါတယ်။

မေး ။ ။ ဆရာရှင့် ကျွန်မက ဗိုက်ခေါက်ထူပြီး ဗိုက်ကြီးပူနေပါတယ်၊ ဘယ်လိုလုပ် ရမလဲ ညွှန်ကြားပေးပါရှင့်။ သက်ရင်းကြီးရွက်တို့တာ မထူးခြားလို့ပါ။

ဖြေ ။ ။ ဆားခါးကိုလှော်ပါ။ မန်ကျည်းဖျော်ရည်တစ်ဖန်ခွက်မှာ ဆားခါးလှော် ဟင်းစားဇွန်း တစ်ဇွန်းထည့်ဖျော်  ညအိပ်ရာဝင်ခါနီးတိုင်း သောက်ပါ။ ဆားခါးက နေ့စဉ်သောက်လို့ အန္တရာယ်မရှိပါ။ ၁၄ ရက်လောက်သောက် ရင် ဗိုက်ခေါက်ကျသွားတာ တွေ့ဖူးပါတယ်။ လမ်းများများလျှောက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

မေး ။ ။ မင်္ဂလာပါ ဆရာ။ ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါဆရာ။ ကျွန်တော့် ရင်ဘတ်အလယ်ရိုးပြား   တည့်တည့်က စူးစူးပြီးအောင့်နေတာ ဘာဖြစ်လို့ပါလဲ။ ဘယ်လိုပျောက်အောင် လုပ်လို့ရပါသလဲ ခင်ဗျာ။

ဖြေ ။ ။ အစာအိမ် လေပူနာပါ။ အစာအိမ် ရောင်ချင်လို့ဖြစ်နိုင်ပါတယ်။ အချဉ်၊ အပူ၊ အစပ်နဲ့အကြော်အလှော်တွေ ရှောင်ပါ။ ငါးဆန်ပြုတ်သောက်၊ ဖီးကြမ်း ငှက်ပျောသီး တစ်နေ့ကို နှစ်လုံးစားပါ။ ထောပတ်သီးနဲ့ သကြားခေါက်စားပါ။ ဝမ်းမချုပ် အောင် ညအိပ်ရာဝင် မန်ကျည်းမှည့်နဲ့ ထန်းလျက်စိမ် ဖျော်ရည်သောက်ပါ။ အစာကို အချိန်မှန်မှန် ပူပူစားပါ။ ထမင်းအေးစားရင် ရောဂါမပျောက်ပါ။ ကွမ်း၊ ဆေးလိပ်ရှောင်ပါ။ အစာအိမ်မှာ အနာဖြစ်တတ်ပါတယ်။

မေး ။ ။ ဆရာ ကျွန်တော်ဝမ်းနည်းနည်း ချုပ်တတ်ပါတယ်။ ဝမ်းသွားတာ အားမရလို့ ညှစ်ရင်းနဲ့ စအိုနားမှာ အသားပိုလိုထွက်လာပါတယ်။  လိပ်ခေါင်းရောဂါလားဆရာ။ ဆေးနည်းသိလိုပါတယ်။

ဖြေ ။ ။ ဝမ်းမချုပ်အောင် ဆားခါးကို ညအိပ်ရာဝင်ခါနီးတိုင်း ဟင်းစားဇွန်း တစ်ဇွန်း ပုံမှန်သောက်ပေးပါ။ ဗိုက်မရစ်အောင် ဆားခါးကို လှော်လိုက်ပါ။ မန်ကျည်း မှည့်ဖျော်ရည်တစ်ခွက်မှာ ဆားခါးလှော် တစ်ဇွန်းထည့်သောက်ရင် ဝမ်းအလွယ်တကူ သွားပါတယ်။ စအိုကထွက်တဲ့အဖုကို ကျားမနိုင်မြစ်သွေးလိမ်းပေးပါ။

မေး ။ ။ ဆရာညဘက်အိပ်ခါနီး ခြေထောက်ရေဆေးအိပ်ရင် အပူထွက်တယ်လို့ ကြားဖူးပါတယ်။ ခန္ဓာကိုယ်က အပူများလို့ပါ။ ရေလောင်းမယ်ဆိုရင် ဒူးအထက်က စလောင်းရမလား။ ဒူးအောက်ကနေ လောင်းရမလား သိလိုပါတယ်။

ဖြေ ။ ။ အပူတွေ အောက်ကိုသက်အောင် ရေအေးကို ဒူးအထက် (ပေါင်လယ်) ခန့်မှ အောက်ကို ရေလောင်းပြီး ခြေဆေးပါ။ များများလောင်းပါ။ ငါးခွက်ကနေ ခုနစ်ခွက်အထိလောင်းပါ။ ညအိပ်ရာဝင်ချိန်တိုင်း ပုံမှန်ပြုလုပ်ရင်   ခန္ဓာကိုယ်အပေါ်ပိုင်း ဦးခေါင်း၊ မျက်စိအထိ အပူအခိုးတွေရိုက်တာ သက်သာပြီး မျက်စိကြည်တာ၊ မျက်ရိုးကိုက်၊ ခေါင်း ကိုက်၊ ဆံပင်ကျွတ်တာတွေ    သက်သာစေနိုင်ပါတယ်။  

Read 123 times
Rate this item
(0 votes)
Last modified on Monday, 12 February 2018 14:20