SJ WorldNews - шаблон joomla Авто

လိုက်ဖက် ဆီလျော်စွာ(၄)

Tuesday, 06 February 2018 12:34 Written by  font size decrease font size decrease font size increase font size increase font size

''ဆရာ ဒါဆိုရင် ဆရာအရင်တစ်ခါပြော ဖူးတဲ့ အပြောသုံးစကားနဲ့ စာသုံးစကားကိုလည်း သူ့နေရာနဲ့သူ လိုက်ဖက် ဆီလျော်အောင် သုံးဖို့လိုအပ်တာပေါ့နော်''

''ဟုတ်တယ်လေ၊ ဆရာတို့မြန်မာစကားမှာ စာသုံးနဲ့ အပြောသုံးက သိသိသာသာကွဲပြား နေတာမို့  စာသုံး စကားသုံး သင့်တဲ့အခြေ အနေနဲ့ အပြောသုံးစကားသုံးသင့်တဲ့အခြေ အနေလည်းကွဲပြားမှာပေါ့''

''ဘယ်လိုကွဲပြား ပါသလဲဆရာ''

''အပြောသုံးစကားဆိုတာက စကားပြော တဲ့နေရာမှာ လတ်တလောသုံးနေတဲ့စကားမို့ ပေါ့ပါးသွက်လက်တယ်။ အသက်ဝင်တယ်။  ဒီတော့ ပေါ့ပါးသွက်လက်တဲ့အခြေအနေမျိုးနဲ့ လိုက်ဖက်တာပေါ့။ အဲ...စာသုံး စကားဆိုတာ ကတော့ စာသံပေသံနဲ့သုံးတဲ့ စကားမို့ ခံ့ခံ့ညားညားရှိတယ်။ အပြောသုံး စကားလောက်မပေါ့ပါးဘူး။ မသွက်ဘူး။ ဒီတော့ ခံ့ခံ့ညားညားအခြေအနေမျိုးနဲ့လိုက်ဖက်တယ်လို့ ဆိုရမှာပေါ့ကွယ်''

''သာဓကလေးတွေ သိပါရစေဆရာ''

''ဆိုပါစို့။ သားတို့သမီးတို့ သူငယ်ချင်း အချင်းချင်းစာရေးမယ်။ အပြန်အလှန်ဆွေးနွေးမယ်။ အင်တာဗျူးလုပ်မယ် ဆိုတဲ့အခြေ အနေမျိုးတွေဆိုရင် အပြောသုံးစကားသုံးတာ လိုက်ဖက်ဆီလျော်တာပေါ့။ အဲ... ရုံးမှာ   အလုပ်ကိစ္စ တင်ပြဖို့စာရေးမယ်။

စာမေးပွဲဖြေမယ်။ စာတမ်းရေးမယ်။ ကျမ်းပြုမယ်ဆိုတဲ့  အခြေအနေမျိုးတွေမှာတော့  စာသုံးစကား သုံးတာက လိုက်ဖက် ဆီလျော် တာပေါ့ကွယ်''

''အချို့ကတော့ အပြောသုံးစကားနဲ့ရေး တာဟာ ကလက်တယ်၊ ပေါ့တယ်။ ဒါကြောင့် စာသုံးစကားနဲ့ပဲ ရေးသင့်တယ် လို့ပြောတာ ကြားဖူးပါတယ်ဆရာ''

''စာသုံးစကားသုံးတာ ကောင်းသလား၊ အပြောသုံးစကားသုံးတာ ကောင်းသလား ဆိုပြီး အရင်ကဆွေးနွေးကြတာ တွေရှိပါတယ်။ ဒီနှစ်မျိုးကို 'စာသုံးဟန်နဲ့အပြော သုံးဟန်'၊ 'အရေးဟန်နဲ့အပြောဟန်'စသည်ဖြင့် အမျိုးမျိုးခေါ်ကြ တယ်လေ။ လေ့လာ ကြည့်ရင်   ဒီနှစ်မျိုးစလုံးသူ့နေရာနဲ့သူ  တွင်တွင်ကျယ်ကျယ်သုံးနေကြတာတွေ့မှာပါ။

စာသုံးဟန်နဲ့ ရေးသားထားတဲ့စာပေတွေ အခိုင်အမာရှိနေတာမို့ စာသုံးဟန်ကိုလုံးဝပစ်ပယ်လို့တော့ မရဘူးလေ။ အဲဒီလိုပဲ  အပြောသုံးဟန်ကလည်း နေ့စဉ်ပြောဆို သုံးနှုန်းနေတာမို့ အပြောသုံးဟန်ကိုလည်း  လုံးဝပစ်ပယ်လို့မရ ပါဘူး။ ဒါကြောင့် သူ့ နေရာနဲ့သူသုံးရမယ်လို့ခံယူတာဟာ မျှတတဲ့ ခံယူချက်ပဲလို့ဆရာထင်ပါတယ်''

''အဲဒီလိုခံယူသင့်တယ်လို့ သားတို့လည်း ထင်ပါတယ်ဆရာ''

''ကြုံလို့တစ်ခုပြောရဦးမယ်။  သားတို့ သမီးတို့ပြောသလို   အချို့ကအပြောသုံးဟန်နဲ့ ရေးတာကို   လက်မခံချင်ကြ ဘူး။

အခံ့ပျက်တယ်ဆိုပြီး ခါးခါးသီးသီးဖြစ်တတ်ကြတယ်။ ကဲ...ဆရာတစ်ခုမေးမယ်။

သားတို့သမီးတို့ နေ့တိုင်းပြောဆိုနေတာ အပြောဟန်နဲ့လား စာဟန်နဲ့လား''

''အပြောဟန်နဲ့ပါဆရာ''

''အပြောဟန်က ကလက်တယ်။ အခံ့ ပျက်တယ်ဆိုရင် တို့တွေနေ့တိုင်းပြောနေတဲ့ စကားပြောပုံတွေဟာ အခံ့ ပျက်တဲ့ ကလက် တက်တက်ဟန်တွေပဲလို့ ဆိုရာမရောက်ဘူးလား''

''အဲဒီလိုပြောရာရောက်နေတာပေါ့ဆရာ''

''အေး တို့နေ့တိုင်းအပြောဟန်နဲ့ပြော နေပေမယ့် အခံ့လည်းမပျက်ပါဘူး။ ကလက်လည်း မကလက်ပါဘူး။ ဆရာ နားမလည်တာက အဲဒီပုဂ္ဂိုလ်တွေ နေ့တိုင်းအပြောဟန်ကို မသုံးမဖြစ်သုံး နေလျက်သားနဲ့ သူတို့အရေး တကြီးသုံးနေတဲ့  အဲဒီအပြောဟန်ကိုပဲ ကလက်တယ်။ အခံ့ပျက်တယ်လို့ထင်နေကြ တာကိုပဲ မသုံးမဖြစ်သုံး နေရတဲ့ အရေးကြီးတဲ့ ကိုယ့်အသုံးအဆောင်ကို ကိုယ်ကပဲပြန်ပြီး ပြစ်တင်ရှုတ်ချနေတာနဲ့မတူဘူးလားကွယ်''

''ဟုတ်ပါတယ်ဆရာ''

''ဒီတော့ ဒီပြဿနာကို အလေးအနက် စဉ်းစားဖို့လိုပါတယ်။ တစ်ခုစဉ်းစားကြည့်ရအောင် စာဟန်နဲ့ရေးထားတဲ့ ကျမ်းဂန်တွေ ကစပြီး ပညာရပ်ဆိုင်ရာစာတွေကို အပြော ဟန်နဲ့ပြန်ရေးလို့ မရဘူးလား''

''ရပါတယ်ဆရာ''

''ဒီလိုဆိုရင် အပြောဟန်နဲ့ တို့နေ့တိုင်း ပြောနေတဲ့စကားတွေကို စာဟန်နဲ့ပြောင်းပြောရင်ရော ဖြစ်မယ်ထင်သလား''

''မဖြစ်ပါဘူးဆရာ။ စကားပြောတာကို စာဟန်နဲ့ပြောရင် စကားပြောတာနဲ့မတူဘဲ စာဖတ်နေသလိုဖြစ်ပြီး သဘာဝကျမှာမဟုတ် ပါဘူး''

''အေး သားက သူငယ်ချင်းတစ်ယောက်ကို အသင်အဘယ်ကလာသနည်း။ ကျန်းမာပါ၏လောလို့ ပြောကြည့် ပါလား။ သူငယ်ချင်းက ဒီကောင်စိတ်မမှန်တော့ဘူးထင်တယ်''လို့ ထင်သွားမှာပေါ့။ ရယ်စရာကြီးဖြစ် သွားမှာပေါ့''

''ဟုတ်ကဲ့ပါဆရာ''

''လိုရင်းပြောရရင် အပြောဟန်နဲ့စာရေး လို့ရပေမယ့် စာဟန်နဲ့စကားပြောလို့မရဘူးလေ။ ဘယ်သူမှ စာဟန်နဲ့ စကားမပြောကြ ပါဘူး။ အဲဒါဟာ အပြောဟန်က စာဟန်ထက် ပိုကျယ်ပြန့်ပြီး အသုံးတွင်ကျယ်တယ်ဆိုတာ ပြနေတဲ့ သာဓကပါပဲ။ ဒီတော့ အပြောဟန် နဲ့ရေးတာ ကလက်တယ်၊  အခံ့ပျက်တယ် ဆိုတဲ့ အယူအဆမမှန်ဘူး ဆိုတာ အကျိုး သင့်အကြောင်းသင့် စဉ်းစားကြည့်နိုင်ပါ တယ်ကွယ်။ ကြုံလို့ပြောတာပါ''

''မှတ်သားစရာတွေပါဆရာ၊ ကျေးဇူးတင် ပါတယ်''

''စာအရေးအသား ဘယ်လောက်ကောင်း ပေမယ့် လိုက်ဖက်ဆီလျော်ဖို့လိုတယ်ဆိုတဲ့ အယူအဆနဲ့ပတ်သက်ပြီး ဆရာကြီးရွှေဥဒေါင်း ရေးဖူးတာ သတိရလို့ပြောပြရဦးမယ်''

''ပြောပြပါဆရာ''

''တစ်နေ့မှာ အမျိုးသမီးကြီးတစ်ယောက် က 'မင်းဘူး ဦးသြဘာသဆရာတော်လို စာအရေးကောင်းတဲ့ပုဂ္ဂိုလ်မျိုး နောက်ထပ်ပေါ် တော့မယ်မထင်ဘူး'လို့ ဆရာကြီး ရွှေဥဒေါင်း ကိုပြောသတဲ့။  အဲဒီအခါ   ဆရာကြီးက 'ဦးသြ ဘာသက ဘာကောင်းတာလဲ'လို့ မေး လိုက်တော့ အမျိုးသမီးကြီး မျက်နှာပျက်သွား တယ်တဲ့''

''စိတ်ဝင်စားစရာပါပဲဆရာ''

''ဆရာကြီးက အဲဒီအကြောင်းရေးပြပြီး ဒီစကားကိုကြားရင်   ရွှေဥဒေါင်းကြီးက  ဦးသြဘာသရဲ့စာကိုမကောင်းဘူး လို့ ပြောကြတယ်လို့ ထင်ကြမှာပဲတဲ့။ သူ့ဆိုလိုချက်ကို နားမလည်ရင်တော့ အဲဒီလိုထင်မှာပဲတဲ့''

'' ဟုတ်ကဲ့ ''

'' မင်းဘူးဦးသြဘာသဆရာတော်ရဲ့ ဝေဿန္တရာဇာတ်တော်ကြီး ဘယ်လောက်အရေးကောင်းတယ်ဆိုတာ သိပါတယ်တဲ့။ သိပ်လည်း သဘောကျပါတယ်တဲ့။ အဲဒီလို ပြောပြီး ဆရာကြီးကဆက်ပြောတယ်''

''ဘယ်လိုပါလဲဆရာ''

''မင်းဘူးဦးသြဘာသသည်လည်းကောင်း၊ 'အနုအယဉ် လူ့တစ်ခွင် သူ့အပြင်မရှိ'ဆိုသော လယ်တီပဏ္ဍိတ ဦးမောင်ကြီးသည် လည်းကောင်း၊ 'သတင်းစာခေါင်းကြီးများကို အကောင်းဆုံးရေးတတ်မည်ဟု ထင်သူများ ရှိလျှင် ထိုသူများတွင် ကျွန်ုပ်မပါဝင်ချေ'တဲ့''

''သြော်...ဒီလိုရေးတာကိုး''

'' ဆရာကြီးရဲ့စကားလုံးတွေအတိုင်း အတိအကျမဟုတ်ပေမယ့် အဲဒီသဘော အတိုင်းရေးထားတာ ဆရာမှတ်မိ သလို  ပြောပြတာပါ။ ဆိုလိုတာကတော့ ခုဆရာ တို့ပြောနေတဲ့ လိုက်ဖက်ဆီလျော်မှုပါပဲကွယ်။  ဦးသြဘာသနဲ့ လယ်တီပဏ္ဍိတ ဦးမောင် ကြီးရဲ့ရေးပုံမျိုးဟာ ဇာတ်တော်ကြီးဆယ်ဘွဲ့လို၊ ခင်မြင့်ကြီးဝတ္ထုလိုစာမျိုးတွေအတွက်

ဆီလျော်ပေမယ့်   သတင်းစာခေါင်းကြီး ရေးရင်တော့ အဲဒီအရေးအသားမျိုးက မဆီလျော်ဘူးလို့ဆိုလိုတာပါ။ စာကောင်းတွေမှာ  ကောင်းပုံကောင်းနည်း  အမျိုးမျိုးရှိတယ် လို့လည်း ဆရာကြီးကရေးထားပါတယ်'' ''ဟုတ်ကဲ့ဆရာ၊ ဝတ္ထုက ဖွဲ့ဖွဲ့နွဲ့နွဲ့ရေး ရတယ်။ သတင်းစာခေါင်းကြီးက လိုရင်းရောက်အောင် ရေးရတယ်။ သူ့နေရာနဲ့သူ ကောင်းတယ်။ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးတဲ့အရေးအသား မျိုးနဲ့ ခေါင်းကြီးရေးရင်တော့  ကောင်းမှာ မဟုတ်ဘူးလို့ဆိုလိုတာပေါ့နော် ဆရာ''

''ဟုတ်တာပေါ့ကွယ်၊ လိုက်ဖက်ဆီလျော်မှု သဘောကို ဆရာကြီးကပြောတာပါ။ သိပ္ပံမောင်ဝ ရေးဖူးတာ တစ်ခုလည်း ရှိတယ်ကွဲ့''

''ဟုတ်ကဲ့''

''သိပ္ပံမောင်ဝက ဘယ်လိုရေးသလဲဆိုတော့ မင်္ဂလာဆောင်မှာ ဖတ်ရတဲ့  သြဘာစာကို ဝါကျတိုတို တောင်းတောင်း ရေးရင် လူရယ် စရာဖြစ်နေလိမ့်မယ်တဲ့။ မီးလောင်လို့ ပြေးလွှားရတဲ့အကြောင်းကို မင်္ဂလာသြဘာစာ လိုရေးရင်လည်း လူရယ်စရာဖြစ်နေလိမ့် မယ်တဲ့''

''သူ့နေရာနဲ့သူ ဆီလျော်အောင်ရေးသင့် တယ်လို့ဆိုလိုတာပေါ့နော် ဆရာ''

''ဟုတ်တယ်ကွဲ့။ ကဲ... ဒီလောက်ဆို ရင်တော့ လိုက်ဖက်ဆီလျော်အောင် ရေးရတဲ့အကြောင်းက ခြုံမိလောက်ပြီ ထင်ပါရဲ့ကွယ်''

''ကျေးဇူးတင်ပါတယ် ဆရာ''။ 

 

Read 137 times
Rate this item
(0 votes)
Last modified on Tuesday, 06 February 2018 12:35