SJ WorldNews - шаблон joomla Авто

ရွေ့လျားနိုင်သည့် ပန်းစိုက်ပျိုးမှု ပုံစံသစ်ကို ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီး ဥယျာဉ်၌ လုပ်ဆောင်မည်

Friday, 13 October 2017 09:16 font size decrease font size decrease font size increase font size increase font size

ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီး ဥယျာဉ်၌ ၂ဝ၁၈ ခုနှစ် မိုးရာသီမှစ၍ ရွေ့လျားပန်းစိုက်ပျိုးမှု ပုံစံဖြင့် နေရာပြောင်းလဲ၍ ပြသသွားမည်ဖြစ်ကြောင်း ဥယျာဉ်မန်နေဂျာ ဦးဝေမျိုးအောင်ထံမှ သိရသည်။

လက်ရှိတွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်း သဘာဝ ပန်းအလှပင်များကို မြေကြီးပေါ်၌ချ၍ စိုက်ပျိုးရာမှ ပန်းအိုးများထဲ၌ စိုက်ပျိုးကာ ရွေ့လျားနိုင်သည့် နည်းစနစ်ကို စတင်လုပ်ဆောင်မည်ဖြစ်ပြီး လာရောက်အပန်းဖြေ လည်ပတ်သူများ အနေဖြင့် ပန်းများကို မြင်တွေ့ရသည့်ပုံစံ မတူညီစေရန်နှင့် ရသပေးစွမ်းနိုင်စေရန် ရည်ရွယ်၍ ယခု ကဲ့သို့ နည်းစနစ် ပြောင်းလဲရခြင်းဖြစ်ကြောင်း သိရသည်။

''နိုင်ငံတကာမှာ ပန်းကို အခင်းထဲမှာ ချပြီးပြတဲ့ စနစ်မရှိတော့ဘူး။ ပုံစံတွေပြောင်းနေပြီ။ ပန်းကို ခွက်ကလေးတွေနဲ့ စိုက်ပျိုးထားတယ်။ ဒီနေ့ ဒီနေရာမှာ ပန်းကို ခွက်တွေနဲ့ချထားရင် နောက်နေ့ အဲဒီနေရာမှာ မရှိတော့ဘူး။ နောက်တစ် နေရာ ရွှေ့ထားကြတယ်။ မြန်မာနိုင်ငံမှာက မြေကြီးပေါင်ထဲမှာ အကြာကြီး စိုက်ထားတာဖြစ်တယ်။ အဲဒီစနစ်ကို ပြောင်းမှာပါ'' ဟု ဦးဝေမျိုးအောင်ကပြောသည်။ ပြောင်းရွှေ့စိုက်ပျိုးခြင်းနှင့် ပုံသေစိုက်ပျိုးခြင်းမှာ ကုန်ကျစရိတ်ချင်း တူညီသော်လည်း ဝန်ထမ်းအင်အားသက်သာပြီး ဥယျာဉ်အတွင်းသို့ လာရောက်လည်ပတ်သူများ ပန်းများကို မြင်ရသည့်ပုံစံမှာ လအလိုက် တူညီမည် မဟုတ်ကြောင်း သိရသည်။

အမျိုးသား ကန်တော်ကြီးဥယျာဉ်အတွင်း ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ပန်းမျိုးစေ့များကို အများဆုံး စိုက်ပျိုးထားပြီး ပန်းမျိုးစုံပြသ ထားသည့်အပြင် လိပ်ပြာပြတိုက်၊ အင်ကြင်းပြတိုက်၊ ရုပ်ကြွင်းပြတိုက်နှင့် သစ်ခွဥယျာဉ် စသည်တို့ကိုလည်း ပြသထားသည်။ အမျိုးသား ကန်တော်ကြီး ဥယျာဉ်ကို ထူးဖောင်ဒေး ရှင်း အနေဖြင့် သစ်တောဦးစီးဌာနထံမှ ၂ဝ၁ဝ ပြည့် နှစ် မှစ၍ ၁၅ နှစ်သက်တမ်းဖြင့် လုပ်ကိုင်ခွင့်ရရှိထားပြီး သုံးနှစ်တစ်ကြိမ်စာချုပ်ဖြင့် လုပ်ကိုင်ခြင်းဖြစ်ကာ ယခင်က တစ်နှစ်ငှားရမ်းခ ငွေကျပ်သိန်း ၂ဝဝ ခန့်မှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှစ၍ တစ်နှစ်ငှားရမ်းခ ငွေကျပ် သိန်း ၅၅ဝ နှုန်းဖြင့် တိုးမြှင့်ငှားရမ်း ခဲ့ကြောင်း သိရသည်။

Read 22 times Last modified on Friday, 13 October 2017 09:24