SJ WorldNews - шаблон joomla Авто

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့ ကျင်းပ

Thursday, 14 June 2018 12:08 font size decrease font size decrease font size increase font size increase font size

(ပြည်သူ့လွှတ်တော် အစည်းအဝေး)

နေပြည်တော်   ဇွန်   ၁၃

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး  ၁၄ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမဆောင် ၌ကျင်းပသည်။

အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ခြောက်ခုနှင့်စပ်လျဉ်း၍ အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း တို့က ရှင်းလင်း ဖြေကြားကြသည်။

မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ ၂၁-၂-၂ဝ၁၈  ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်  မည်သည့်အတွက် Zero Lineç Zero  Line  Areaç  No  Man  Land စကားလုံးများ သုံးစွဲရသည်ကို  ရှင်းပြရန်နှင့် Zero Line Area တွင် နေထိုင်သူများမရှိ စေရေး  မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှ ထွန်းက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ်ဖြေကြား မည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင်  အပိုင်းနှစ်ပိုင်းပါနေသည်ကို တွေ့ရှိရကြောင်း၊ ပထမပိုင်းမေးခွန်းတွင် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ  ၂၁  ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်၏ နှစ်နိုင်ငံခရိုင်အဆင့် နယ်စပ်အာဏာပိုင်များ တွေ့ဆုံဆွေးနွေးပွဲကို နောက်နေ့ထုတ် သတင်းစာတွင် Zero Lineç ၊ Zero Line Areaç ၊ No  Man's  Land စကား

လုံးများကို သုံးစွဲဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ စိစစ်ခဲ့ကြောင်း၊သတင်းရယူပေးသည့် သတင်းထောက်အပါအဝင် အယ်ဒီတာ အဖွဲ့ဝင်အဆင့်ဆင့်ကစိစစ်ထောက်ပြ ပြင်ဆင်ရန် အားနည်းခဲ့ခြင်းကြောင့် တရားဝင် အသုံး အနှုန်းဖြစ်သည့် နယ်နိမိတ်မျဉ်း(Boundary Line)ကို မဖော်ပြနိုင်သည်ကို တွေ့ရှိရကြောင်း၊ နောင်တွင် အလားတူမဖြစ်စေရန်အတွက်  စီစဉ်ဆောင်ရွက်ထားပြီးလည်း ဖြစ်ကြောင်း၊တရားဝင် အသုံးအနှုန်းဖြစ်သည့် နယ်နိမိတ်မျဉ်းကို  နိုင်ငံပိုင်မီဒီယာများ အပါအဝင် ပုဂ္ဂလိကမီဒီယာ အဖွဲ့အစည်း အသီးသီးသိရှိစေရန်အတွက်လည်း အသိပေး အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ထို့ပြင် မှန်ကန်သည့် အသုံးအနှုန်းကို အများပြည်သူ သိရှိစေနိုင်ရန် အတွက် ဝေါဟာရ အသုံးအနှုန်းများနှင့် နိုင်ငံတော်၏    အချုပ်အခြာအာဏာ အမည်ဖြင့် ပညာပေး ဆောင်းပါးတစ်ပုဒ်ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီးဖြစ်ကြောင်း။

ဆက်လက်၍  Zero  Lineç ၊ Zero Line Areaç ၊ No Man's  Land   အသုံးများနှင့် ပတ်သက်၍ အနည်းငယ် ရှင်းပြလိုကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်တွင် အပိုင်း နှစ်ပိုင်းရှိသည့်အနက်   နတ်မြစ်ပုံသေ နယ်နိမိတ် သတ်မှတ်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို  ၁၉၆၆  ခုနှစ်  မေ ၉ ရက်တွင် ချုပ်ဆိုခဲ့ကြောင်း၊  နတ်မြစ်မြောက်ဘက် ကုန်းပိုင်းနယ်နိမိတ် သတ်မှတ်ခြင်းဆိုင်ရာ စာချုပ်ကို  ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း။

အဆိုပါကုန်းတွင်း နယ်နိမိတ် စာချုပ်အပိုင်း ၄  အပိုဒ်  ၁၄  တွင် နှစ်နိုင်ငံနယ်နိမိတ်ကို လွယ်ကူစွာ စီမံခန့်ခွဲ အုပ်ချုပ်နိုင်ရန်အတွက် နယ်နိမိတ်မျဉ်းမှ  တစ်ဖက်တစ်ချက်  ပေ ၁၅ဝ အတွင်း  မည်သည့်အဆောက်အအုံမှ မဆောက်လုပ်ရန်  "In  order  to  make  the boundary line easily  indentifiable and prevent the emergence of boundary-line intersected villages, neither High Contracting Party shall allow to build new  houses  or  other  structures  of permanent or temporary nature, within a  zone  of  150  feet  on  each  side  of the  boundary  line."  ဟု  ပြဋ္ဌာန်းထားကြောင်း။

ပြဋ္ဌာန်းချက်အရ   နယ်နိမိတ်မျဉ်းကို အလွယ်တကူ ခွဲခြားနိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော် ကျေးရွာများ   တည်ဆောက်ခြင်းကို ဟန့်တားနိုင်ရန်အတွက် စာချုပ်ဝင် နိုင်ငံအနေဖြင့် နယ်နိမိတ်မျဉ်းမှ ပေ ၁၅ဝ အကွာ ဇုန်အတွင်းမည်သည့် အဆောက်အအုံကိုမှ ဆောက်လုပ်ခွင့် မရှိသည့်အပြင် ဆောက်လုပ်မှုများ တွေ့ရှိရပါက ပြန်ဖျက်ပေးရန် တာဝန်ရှိသော်လည်း ထိုနိုင်ငံ၏ အချုပ်အခြာအာဏာသည် နယ်နိမိတ်မျဉ်းအထိ သက်ရောက်မှုရှိကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ် တစ်လျှောက် နယ်နိမိတ်မျဉ်းမှ ပေ ၁၅ဝ အကွာတွင် ခြံစည်းရိုး ကာရံထားသော်လည်း  မြန်မာနိုင်ငံ၏  အချုပ်အခြာ အာဏာသည် ခြံစည်းရိုးရှေ့ ပေ  ၁၅ဝ  နယ်နိမိတ်မျဉ်း သွယ်တန်းနေသည့် နေရာအထိ သက်ရောက်ကြောင်း၊  အဆောက်အအုံ ဆောက်လုပ်ခွင့် မပြုသည့်အခါ အလိုအလျောက် လူနေထိုင်မှုကိုလည်း တားမြစ်ထားသကဲ့သို့ ဖြစ်နေသည့်အတွက် ဒေသခံပြည်သူများက အဆောက်အအုံ မဆောက်လုပ်ရဇုန်ကို  No   Man's  Land   ဟု  မှားယွင်းစွာ အရပ်အခေါ်အနေဖြင့် အသုံးပြုနေခြင်းဖြစ်ကြောင်း။

ဆက်လက်၍ Zero Line, Zero Line Area ဆိုသည့် အသုံးအနှုန်းနှင့် ပတ်သက်၍ ရှင်းပြလိုကြောင်း၊ နယ်နိမိတ်မှတ်တိုင်များနှင့် နယ်နိမိတ် မျဉ်းသွယ်တန်းမှုကို နှစ်ဖက်မြေတိုင်းကျွမ်းကျင်သူများက ပူးတွဲစစ်ဆေးသည့် အခါ နည်းပညာ အခေါ်အဝေါ်အဖြစ် နယ်နိမိတ်မျဉ်းကို Zero  Line ဟု အလွယ်တကူ အသုံးပြုလေ့ရှိကြောင်း၊  နည်းပညာရပ်ပိုင်းဆိုင်ရာ အခေါ်အဝေါ် သက်သက်သာဖြစ်ပြီး ထိုသို့သုံးစွဲခြင်းသည်     အဆောက်အအုံ မဆောက်လုပ်ရဇုန် မျဉ်းကြောင်း 150 feet non-construction  line နှင့် နယ်နိမိတ်မျဉ်း (Boundary Line)တို့ကို ကွဲပြားစေရန် လည်းကောင်း၊ non-construction ဇုန်ကို ပိုမိုပေါ်လွင်စေရန် လည်းကောင်း ခေါ်ဝေါ်ခြင်း ဖြစ်ကြောင်း၊  ဆိုလိုသည်မှာ  နယ်နိမိတ်မျဉ်း (Boundary Line )မှ တစ်ဖက်တစ်ချက် 150 feet လိုင်းအထိသည်  non-construction ဇုန်ဖြစ်သည်ဟု ပေါ်လွင်စေရန်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ်ကို ပူးတွဲစစ်ဆေးရာတွင် မြေပြင်၌ တိုင်းတာရေး ကိရိယာများ အသုံးပြုပြီး မျဉ်းကြောင်းများ၊ ဇုန်များပုံဖော်ပြီး မြေပြင်

ရှိ အဆောက်အအုံများသည် နယ်နိမိတ်မျဉ်းကို  ကျော်လွန်ခြင်း ရှိ၊ မရှိနှင့်  non-construction  ဇုန်အတွင်း  ဝင်ရောက်နေခြင်း ရှိ၊ မရှိ စစ်ဆေးလေ့ရှိကြောင်း၊ စစ်ဆေးရာတွင်  မြန်မာဘက်မှ  ဒေသအာဏာပိုင်များ၊ လုံခြုံရေးအရ တာဝန်ရှိသူများသည်လည်း မြန်မာဘက် မြေတိုင်းကျွမ်းကျင်သူများနှင့် လိုက်ပါလေ့ရှိကြောင်း၊၎င်းတို့အနေဖြင့် Zero Line ဟူသည့် အသုံးအနှုန်းကို ယဉ်ပါးလျက်ရှိကြောင်း၊ ထို့ကြောင့် နယ်နိမိတ်မျဉ်းကို  ကိစ္စရပ်တစ်ခုခုအတွက်  ရည်ညွှန်းသည့်အခါ နှစ်နိုင်ငံမြေတိုင်း ကျွမ်းကျင်သူများ အသုံးပြုလျက်ရှိခြင်းတို့ကြောင့်    နယ်နိမိတ်မျဉ်းကို Zero   Line ဟု  အလွယ်တကူ ရည်ညွှန်းပြောဆိုရာတွင် တွင်ကျယ်လာခြင်းဖြစ်ကြောင်း၊ ထို့အတူ Zero   Line အနီးနေရာကိုလည်း Zero  Line  Area  ဟု  ဆက်စပ်သုံးစွဲ လာခဲ့ကြကြောင်း။

ယင်းအသုံးကို   မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယ  မြေတိုင်းကျွမ်းကျင်သူများ (Technical) အဆင့် အစည်းအဝေးများတွင် အသုံးပြုခဲ့သည်မှာ ကြာမြင့်ပြီဟုသိရကြောင်း၊ ဥပမာ  ၂ဝဝ၆  ခုနှစ်တွင်  မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ   မြေတိုင်းညွှန်ကြားရေးမှူး အဆင့် အစည်းအဝေး မှတ်တမ်း၊  ၂ဝ၁၁ ခုနှစ်တွင်  မြန်မာ-ဘင်္ဂလားဒေ့ရှ် မြေတိုင်း ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးမှတ်တမ်းတို့ ဖြစ်ကြောင်း၊ နည်းပညာ ကျွမ်းကျင်သူများက နယ်နိမိတ်မျဉ်း ကို(Zero  Line)ဟု  သုံးစွဲခြင်းမှာ နယ်နိမိတ်တိုင်းတာရေး ဆိုင်ရာနှင့် ပတ်သက်ပြီး အသုံးပြုခြင်းဖြစ်သည့်အတွက်  ပြဿနာမရှိနိုင်သော်လည်း   ဒေသအာဏာပိုင်များနှင့် အများပြည်သူများက အသုံးပြုပါက နားလည်မှု လွဲမှားကာ ရှုပ်ထွေးမှုရှိလာနိုင်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့်  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ် သဘောတူညီချက် စာချုပ်ပါ အသုံးအနှုန်းအတိုင်း နယ်နိမိတ်(Boundary Line) ကိုသာ သုံးစွဲရမည်ဖြစ်ကြောင်း၊ ယင်းသို့သုံးစွဲမှသာ မှန်ကန်မည်ဖြစ်ကြောင်းကို တင်ပြလိုကြောင်း။

ဒုတိယပိုင်းမေးခွန်းဖြစ်သည့် Zero Line Area  အမှန်အသုံးအနှုန်း နယ်နိမိတ်မျဉ်း၏ သတ်မှတ်ဧရိယာ အတွင်းတွင် နေထိုင်သူများ မရှိစေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊   ရခိုင်ပြည်နယ် အစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများက  တည်ဆဲဥပဒေများနှင့်အညီ   ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ဘီးလင်းမဲဆန္ဒနယ်မှ   ဦးတင်ကိုကိုဦး (ခ)ဦးအတွတ်၏  နိုင်ငံအတွင်း နေထိုင်သူ အားလုံးအား ID နံပါတ်တစ်ခုချင်းစီဖြင့် Database တည်ဆောက်ခြင်းကို ဦးစားပေး ဆောင်ရွက်ပေးရန်   အစီအစဉ်  ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက   ကမ္ဘာ့နိုင်ငံများတွင် လူဦးရေ မှတ်ပုံတင်ခြင်း(e-ID Population))နှင့် နိုင်ငံသား မှတ်ပုံတင်ခြင်း

(National  Registration)  ဟူ၍ အဓိကအားဖြင့်  စနစ်နှစ်မျိုးရှိသည်ကို  တွေ့ရှိရကြောင်း၊    နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းကို    နည်းပညာ အသုံးပြု၍ Digital စနစ်ဖြင့် ပြောင်းလဲထုတ်ပေးမည့် စနစ်ကိုသာ လုပ်ဆောင်မည်ဆိုလျှင်  နိုင်ငံအတွင်းနေထိုင်သည့် လူအားလုံး၏ အချက်အလက်များကို ရရှိရန်ခက်ခဲနိုင်ခြင်း၊ နိုင်ငံသားများ၏ ကိုယ်ရေး အချက်အလက်များကိုသာ ထိန်းသိမ်းနိုင်ပြီး လုံခြုံရေးအရ အခြားအစိုးရ အဖွဲ့အစည်းများနှင့် မျှဝေသုံးစွဲမှု မပြုနိုင်ခြင်း၊ နိုင်ငံတော်က အကောင်အထည် ဖော်နေသည့် e-Government  စနစ်နှင့် Single Platform တစ်ခုတည်းဖြစ်ရန် ဆောင်ရွက်၍ မရခြင်းစသည့် အားနည်းချက်များကို   တွေ့ရှိရကြောင်း။

နည်းပညာအသုံးပြု၍ နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးသည့်စနစ်တွင် နိုင်ငံအတွင်း နေထိုင်သူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် လက်ဗွေ၊ မျက်ကြည်လွှာ၊ မျက်နှာဓာတ်ပုံများကို သိမ်းဆည်း၍ လူတစ်ဦးချင်း အတွက် Unique ID Number တစ်ခုစီပေး၍ Database တွင် မှတ်တမ်းတင် ထိန်းသိမ်းခြင်းလုပ်ငန်းကို ပထမအဆင့်အနေဖြင့် ဆောင်ရွက်ပြီး မှတ်တမ်းတင်ပြီးသည့် သူများကို နိုင်ငံသားစိစစ်ပြီး   နိုင်ငံသားစိစစ်ရေးကတ်ကို  Smart Card  ဖြင့် ထုတ်ပေးခြင်း လုပ်ငန်းကို ဒုတိယအဆင့်အနေဖြင့်   ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ NeID (National electronic Identity) စနစ်ဖြင့် မှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနိုင်သည့်  အခက်အခဲများနှင့် ကြာမြင့်ချိန်ကို သိရှိနိုင်ရန်အတွက် လုပ်ငန်းစမ်းသပ် ဆောင်ရွက်ခြင်းကို ပြည်ထောင်စုနယ်မြေ၊ မန္တလေး၊ ရန်ကုန်နှင့် ရခိုင်တို့တွင် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ စတင်ဆောင်ရွက်ချိန်မှ ၂ဝ၁၈ ခုနှစ် မတ် ၁၉ ရက်အထိ စုစုပေါင်း လူဦးရေ  ၄၄၃၄၉ ဦး  ကောက်ယူပြီးစီးခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးခွဲများ ဖြစ်သည့်   မြဝတီ၊ ကော့သောင်း၊  တာချီလိတ်၊  ရန်ကုန်နှင့် မန္တလေးတို့တွင် ၃၆၆၄၃ ဦး၊ ပြည်ပအလုပ်သမား လက်မှတ်ထုတ်ပေးရေးရုံး (ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်)တွင် ၄၉၆၉၈ ဦး၊ ထိုင်းနိုင်ငံသံရုံးတွင် ၂ဝ၁၄၅၈ ဦးနှင့် ထိုင်းနိုင်ငံရှိ CI  စခန်း ၁၁ ခုတွင် ၁ဝ၅ဝ၄ဝ၆ ဦးတို့၏ ကိုယ်ရေးအချက်အလက်နှင့် လက်ဗွေ၊ မျက်ကြည်လွှာ၊ မျက်နှာဓာတ်ပုံများ ကောက်ယူနိုင်ခဲ့ကြောင်း၊ NeID  စနစ် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လေ့လာ ဆန်းစစ်ခြင်း၊ စမ်းသပ်ဆောင်ရွက်ခြင်း၊ မူဝါဒရယူခြင်းနှင့် ကော်မတီများ ဖွဲ့စည်းခြင်းလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ရသေ့တောင်မဲဆန္ဒနယ်မှ  ဒေါ်ခင်စောဝေ၏ မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် ကမန်လူမျိုးလူဦးရေ စုစုပေါင်းနှင့် မြို့နယ်အလိုက် ကမန်လူဦးရေ မည်မျှရှိသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ အရာတော်မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်သင်း၊  မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းနှင့်  ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ဝက်လက်မဲဆန္ဒနယ်မှ ဦးမြင့်သိန်း တင်သွင်းသည့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အကောက်များ အပြည့်အဝ ရရှိရေးအတွက် ပွင့်လင်းမြင်သာစွာစနစ် တကျစိစစ် ကြပ်မတ်ကောက်ခံပေးနိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 ယင်းအဆိုနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ၏ အခွန်စနစ်ကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ခေတ်မီသည့်   စီမံဆိုင်ရာ အခွန်အုပ်ချုပ်မှုစနစ်ကို ကူးပြောင်းသည့် လုပ်ငန်းစဉ်ကို ၂ဝ၁၂ ခုနှစ် မှစတင်၍   လုပ်ဆောင်လျက်ရှိကြောင်း၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှစ၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အထိ ပထမငါးနှစ်တာကာလ သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊    ယင်းဆောင်ရွက်မှုအပေါ် အခြေခံ၍  ၂ဝ၁၇-၂ဝ၁၈ မှစတင်၍ ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်အထိ  ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို   ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ ဒုတိယအဆင့် အခွန်ဆိုင်ရာ ဥပဒေပြောင်းလဲရေး အစီအစဉ်များကို ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးကိုလည်း ဖြန့်ဝေအသိပေးထားပြီး ဖြစ်ကြောင်း၊ အစိုးရနှင့်ပြည်သူများအကြား နိုင်ငံတော်၏ ဘတ်ဂျက်ခွင့်ပြုမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်မှုများကို   ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း၊   အဆိုရှင်၏ အဆိုအား ကြိုဆိုကြောင်းနှင့် ပြည်ထောင်စု အစိုးရကလည်း  စီမံဆောင်ရွက်နေသည့် အချက်များဖြစ်သောကြောင့်  လွှတ်တော်က အတည်ပြု ဆုံးဖြတ်သည့်အတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် အဆိုရှင်၏ သဘောထား ရယူရာ အဆိုရှင်က လွှတ်တော်က အတည်ပြုပေးရန် တင်ပြသည်။

ထို့နောက်   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုအားအတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တင်သွင်းသည့် မြန်မာ့ပုလဲလုပ်ငန်း ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အတိုင်း လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍  အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂ဝ၁၇ ခုနှစ်)နှင့်စပ်လျဉ်း၍   တင်သွင်းထားသည့် ပြင်ဆင်ချက်များ ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ သဘောထားရယူခြင်း တို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  အဆိုပါဥပဒေကြမ်း၏   အပိုဒ်၊  အပိုဒ်ခွဲအလိုက် လွှတ်တော်က အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ဇွန် ၁၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။        

Read 14 times Last modified on Thursday, 14 June 2018 12:13