SJ WorldNews - шаблон joomla Авто

ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

Wednesday, 16 May 2018 12:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မေ   ၁၅

ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့၏ သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

သတင်းစာ ရှင်းလင်းပွဲတွင်  ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြည်သူ့အတွက် ဒုတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန  အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး အဖြစ်သို့ရောက်ရှိစေရန် ဟူသည့် မျှော်မှန်းချက်ကို အကောင်အထည် ဖော်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ကိုင်တွယ် ကျင့်သုံးရသည့် ဥပဒေ ၄၉ ခုနှင့် တည်ဆဲဥပဒေ များနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ပြည်သူလူထု အခြေပြုရဲလုပ်ငန်း စနစ်ကို ကျင့်သုံးကာ  သက်ဆိုင်ရာ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး  နိုင်ငံဖြတ်ကျော် မှုခင်းများ   တားဆီးကာကွယ်ရေး အတွက် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့၊ အာဆီယံ ရဲအဖွဲ့၊ ဥရောပရဲအဖွဲ့၊ နိုင်ငံအလိုက် ရဲအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်လျက် ရှိကြောင်း။

အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဆက်ဆံရေးရုံး(BLO) ၁၂ ရုံးကို ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆက်ဆံရေးရုံး (BLO) အား မြန်မာနိုင်ငံ မောင်တောမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဖ်မြို့တို့၌ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အတွက်  ၁၉၉၉  ခုနှစ်တွင် မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် နောက်တိုးငါးနှစ် စီမံကိန်းများကို ၂ဝ၁၉ ခုနှစ်အထိ ရေးဆွဲကာ ဘိန်းအပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးခြင်းနှင့် သစ်တောစိုက်ပျိုး ထိန်းသိမ်းမှုတို့ကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ၂ဝ၁၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ကြောင်း။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ၂ဝ၁၆-၂ဝ၁၇  ဘဏ္ဍာနှစ်တွင် ကောက်ခံ လျက်ရှိသော အခွန်လေးမျိုးဖြစ်သည့် မြေခွန်၊ ယစ်မျိုးခွန်၊ တာတမံခွန်၊ ဓာတ်သတ္တုခွန် ငွေကျပ်သန်းပေါင်း ၃၃၉၃၄ ဒသမ ၅၉၁ ကို ကောက်ခံရရှိခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း ၃၆၅၇၇ ဒသမ ဝ၁၇ ကောက်ခံ ရရှိခဲ့သဖြင့် လျာထားချက် ပြည့်မီကျော်လွန်အောင် ကောက်ခံ ရရှိခဲ့ကြောင်း။

နှစ်နှစ်တာ   သက်တမ်းကာလအတွင်း ပြည်တွင်းအသင်း အဖွဲ့အသစ် ၃၆၆ သင်းကို လည်းကောင်း၊ သက်တမ်းတိုးသည့် အသင်းအဖွဲ့ ၈၁ သင်းကို လည်းကောင်း၊ နိုင်ငံတကာ အသင်းအဖွဲ့  အသစ် ၃ဝ၊ သက်တမ်းတိုး အသင်းအဖွဲ့  ၄၂ သင်းကို လည်းကောင်း မှတ်ပုံတင် ခွင့်ပြုပေးနိုင်ခဲ့ကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)အား နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ မြို့နယ် ၃၁၆ မြို့နယ်တွင်  ထူထောင်ဖွင့်လှစ် အကောင်အထည် ဖော်နိုင်ခဲ့ပြီး စုစုပေါင်းဝန်ဆောင်မှု ၂၉၁၉၅၄၉ ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် စီးပွားရေးဆိုင်ရာ ပြစ်မှုများနှင့် ပတ်သက်၍ ၂ဝ၁၆  ခုနှစ် ဧပြီ ၁ ရက်မှ  ၂ဝ၁၈ ခုနှစ် မတ် ၁၅ ရက်အထိ ၉၅ မှုကို စုံစမ်းစစ်ဆေးခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့သည့် အမှုများအနက်မှ ငွေကျပ်သိန်းပေါင်း ၅၃၅၄၄၃၂ ကျော်နှင့် အမေရိကန်ဒေါ်လာ ၁၈၅၆၆၉၄၅ ခန့်အပေါ် အခွန်စည်းကြပ်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ အကြောင်းကြား နိုင်ခဲ့ကြောင်း။

အကျဉ်းဦးစီးဌာန အနေဖြင့် ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်ဖြင့် အကျဉ်းထောင် အသစ်များဆောက်လုပ်ခြင်း၊ လက်ရှိအကျဉ်းထောင်များအား တိုးချဲ့ဆောက်လုပ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး အကျဉ်းထောင်စခန်း ၉၄ ခုတွင် ရေသန့်စက်များအား ငွေကျပ်သန်း ၈၅၄ ဒသမ ၆၃ အကုန်အကျခံ၍ တည်ဆောက် ပေးနိုင်ခဲ့ကြောင်း၊ မီးသတ်ဦးစီးဌာန အနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်လျင်မြန်စွာ ဆောင်ရွက် နိုင်ရန်  ပိုလန်နိုင်ငံချေးငွေဖြင့်  ခေတ်မီမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်များ ဖြည့်တင်း ပေးနိုင်ခဲ့ကြောင်း။

မီးသတ်ဦးစီးဌာန အနေဖြင့်   ထိရောက်သော မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်များအား ဖွဲ့စည်းပုံအရ တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ခန့်ထားခြင်း၊ ခရိုင်၊မြို့နယ်၊ နယ်မြေမီးသတ်စခန်းများ အသစ်တိုးချဲ့ ဖွင့်လှစ်ခြင်း၊မီးသတ်ယာဉ်၊ စက်နှင့်ပစ္စည်းကိရိယာများ ဖြည့်တင်းခြင်းနှင့် စခန်း အဆောက်အအုံများ တိုးချဲ့ဆောက် လုပ်နိုင်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်၊ သဘာဝ ဘေးအန္တရာယ် ဖြစ်စဉ်များတွင် အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ရှင်းလင်းသည်။

အလားတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ် အောင်ဝင်းဦးက  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး ဟူသည့် ရည်မှန်းချက် တာဝန်များကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း။

ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှု ရရှိစေရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး တစ်ရုံး၊ နယ်မြေရဲစခန်း ရှစ်ခု၊ ရဲကင်းစခန်း ၁၄ ခုတို့ကို အသစ်တိုးချဲ့ ဖွင့်လှစ်ခဲ့ပြီး ရဲကင်းစခန်းငါးခုအား နယ်မြေရဲစခန်းအဆင့်သို့ တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဖြစ်သည့် ရခိုင်ပြည်နယ် နယ်စပ်ဒေသ လုံခြုံရေးမြှင့်တင် ဆောင်ရွက်ရာတွင် ယခင်က အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲလေးခုဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိရာမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ လေးခုထပ်မံ ဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ခွဲရှစ်ခု၊ နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ခွဲမှူးရုံး သုံးရုံး တိုးချဲ့ဖွင့်လှစ် အင်အားဖြည့်တင်းကာ လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး(BLO)အား မြန်မာနိုင်ငံ မောင်တောမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဖ်မြို့တို့၌ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံ နယ်ခြားစောင့် တပ်များ အကြား အလံတင် အစည်းအဝေးများအား ဗဟိုအဆင့် နှစ်ကြိမ်၊ ကွပ်ကဲရေးမှူးအဆင့် နှစ်ကြိမ်၊ တပ်ရင်းမှူး အဆင့် ၁၂ ကြိမ်၊ တပ်ခွဲမှူးအဆင့် တစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံဖြတ်ကျော် မှုခင်းများ တားဆီးကာကွယ်ရေးအတွက်  အပြည် ပြည်ဆိုင်ရာရဲအဖွဲ့၊ အာဆီယံရဲအဖွဲ့၊ ဥရောပရဲအဖွဲ့၊ နိုင်ငံအလိုက်ရဲအဖွဲ့များနှင့် ဆက်သွယ်  ဆောင်ရွက်လျက်ရှိကြောင်း။

မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ရောင်းဝယ်/ပျံ့နှံ့မှု တားဆီး နှိမ်နင်းရန် တိုင်းဒေသကြီး/ ပြည်နယ်များတွင် အထူးစစ်ဆင်ရေး ရှစ်ကြိမ် ဆောင်ရွက်ခဲ့ပြီး အမှုပေါင်း ၁၃၈၈ မှု၊ တရားခံပေါင်း ၁၉၅၇ ဦးတို့အား မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့် အတူ အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  ပြည်သူ့အကျိုးပြု လုပ်ငန်းများအား သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်သူများတွေ့ကြုံရ သည့် သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အချိန်နှင့်တစ်ပြေးညီ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းသည်။

ယင်းနောက်  ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးကျော်လင်း က ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ Conceptual Plan 2030 တွင် အမျိုးသားမြို့ပြကွန်ရက်စနစ်၊ အနာဂတ်မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ် ခြောက်ခုလျာထားကြောင်း၊ ၎င်းတို့မှာ နယ်စပ်ကုန်သွယ်ရေး စခန်းများအနေဖြင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ယခုလက်ရှိနှင့် အနာဂတ်တွင်ရှိမည့် နယ်စပ်ကုန်သွယ်ရေး နေရာများ၊  နိုင်ငံတကာ လေဆိပ်များအနေဖြင့် ယခုလက်ရှိ နိုင်ငံတကာ လေဆိပ်များအပြင် ၂ဝ၃ဝ ပြည့်နှစ်တွင် ဖြစ်လာမည့် ကျောက်ဖြူ၊ ထားဝယ်စသည့် နိုင်ငံတကာ လေဆိပ်အသစ်များ၊ ကျောက်ဖြူ၊ ငရုတ်ကောင်း၊ မော်လမြိုင်၊ ထားဝယ်စသည့် ရေနက်ဆိပ်ကမ်းများ၊ စစ်တွေ၊ ကျောက်ဖြူ ၊ သီလဝါ၊ မော်လမြိုင်၊ ထားဝယ် ၊ ကော့သောင်း စသည့် ကမ်းရိုးတန်းသွား ဆိပ်ကမ်းများ၊ Inland Logistic Hub အနေဖြင့် Dry Ports တွင် ရန်ကုန်၊  မန္တလေး၊  နေပြည်တော်၊ မုံရွာ၊ လားရှိုး၊ ထီးချိုင့်၊ စစ်ကိုင်း၊ ဘားအံ စသည်တို့ နှင့် SEZ တွင် သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ် စသည်တို့နှင့် စက်မှုဇုန် ၁၉ ခုနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် မြဝတီ၊ မြို့သာ၊ မူဆယ်၊ဘားအံ စသည်များ၊ Tourist Attraction Zone အနေဖြင့် အင်းလေး၊ ပုဂံ၊ မြောက်ဦး၊ရန်ကုန်၊ မန္တလေး၊ ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ ပြင်ဦးလွင်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ် ရေခဲတောင်ဒေသ၊ ချင်းပြည်နယ် နတ်မတောင် ၊ ကန်ပက်လက် စသည်ဖြင့် ပါဝင်ထည့်သွင်း ရေးဆွဲထားရှိကြောင်း။

ထို့ပြင် Arterial Road Network Master Planအရ ၂ဝ၃၅ ခုနှစ်တွင် တောင်မြောက် အမြန်လမ်းမကြီး(၅)လမ်း၊  အရှေ့အနောက် အမြန်လမ်းမကြီး(၇)လမ်း၊ တောင်မြောက် အဓိက အသက်သွေးကြော လမ်းမကြီး(၆)လမ်း၊ အရှေ့အနောက် အဓိက အသက်သွေးကြောလမ်းမကြီး (၁၂)လမ်း ပေါ်ထွန်းလာမည်ဖြစ်ကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ နှစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ အနေဖြင့် အဆောက်အဦ ဦးစီးဌာနမှ  ကျန်းမာရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က လုပ်ငန်းအပ်နှံသည့် အဆောက်အအုံများကို တည်ဆောက်ခဲ့ကြောင်း၊ Construction Industry Development အတွက် လိုအပ်သည့် Construction Manual များ ရေးဆွဲထုတ်ပြန်ခဲ့ကြောင်း၊ ယခုနှစ်တွင် Myanmar National Building Code ကို မြန်မာဘာသာပြန်ဆို၍ တစ်နိုင်ငံလုံး ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ဧပြီ ၁ ရက်မှစတင်ကာ  အဆောက်အဦ ဦးစီးဌာန အနေဖြင့် အဆောက်အအုံများကို ကိုယ်တိုင် မဆောက်လုပ်ဘဲ Regulatory Body အနေဖြင့်သာ ပြောင်းလဲ ဆောင်ရွက်လျက်ရှိကြောင်း၊

Regulation  များနှင့် Standard and Specification များကိုသာ ရေးဆွဲလျက် ရှိကြောင်း။လမ်းဦးစီးဌာနအနေဖြင့် နှစ်နှစ်တာကာလ အတွင်း နောင်မွန်မှ ပူတာအိုအထိ ကားလမ်း ဖောက်လုပ်ပြီးစီးကာ ပန်နန်းဒင်အထိ ကားလမ်း ဖောက်လုပ်ပေးခဲ့သည့်အတွက် နေ့ချင်းပြန် သွားလာနိုင်ပြီဖြစ်ကြောင်း၊ မြစ်ကြီးနား -ဆွမ်ပရာဘွမ်-ပူတာအိုလမ်းမိုင် ၂၂ဝ ခန့်ကိုနေ့ချင်းပေါက် သွားနိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊  မြစ်ကြီးနားမှ ပူတာအိုအထိ ကားငယ်များအနေဖြင့် နေ့ချင်းပေါက် သွားလာနိုင်ပြီး ကားကြီးများမှာ ဆွမ်ပရာဘွမ်တွင် တစ်ညအိပ်၍ သွားလာနိုင်ပြီဖြစ်ကြောင်း။

ကယားပြည်နယ် လမ်းဦးစီး ဌာနပိုင် လမ်းများကို ၉၅ ရာခိုင်နှုန်း ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ပေးနိုင်ခဲ့ကြောင်း၊ ကရင်ပြည်နယ်တွင် ကော့ကရိတ် - မြဝတီလမ်းကို AC လမ်းအဖြစ် အဆင့်မြှင့်တင်ပြီး ADB ၏ အကူအညီဖြင့်  အိန္ဒု-ကော့ကရိတ်လမ်းကို အဆင့်မြှင့်တင်လျက်ရှိကြောင်း၊ ထို့ပြင် ချင်းပြည်နယ်မြောက်ဘက် အစွန်ဖြစ်သည့်  ကျီးခါးမှ တစ်ဆင့် တောင်ဘက် ပလက်ဝအထိ  တောင်မြောက်လမ်းကြီးအား ငါးနှစ်အတွင်း ဖောက်လုပ်ရန် ရည်မှန်းချက်ထားပြီး စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျီးခါးနှင့်တွန်းဇံ၊ တွန်းဇံနှင့် တီးတိန်ကြားတွင်  လိုအပ်သော လမ်း၊တံတားများ  အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း။

မတူပီ-ပလက်ဝလမ်းပိုင်းကိုလည်း နှစ်နှစ်တာအတွင်း မြေသားလမ်း အဆင့်ပေါက်အောင် ဖောက်လုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ JICA  ဖွံ့ဖြိုးရေး အေဂျင်စီအကူအညီဖြင့် ဟားခါး-ဂန့်ဂေါလမ်းအပိုင်း မိုင် ၈ဝ ကိုလည်း အဆင့်မြှင့်တင်လျက် ရှိကြောင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် ဆက်သွယ်မည့် ဆာဆီချောက်-ထန်တလန်လမ်းမကြီးကို ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း ဖောက်လုပ်နိုင်ခဲ့ပြီး လာမည့် သုံးနှစ်တာ ကာလအတွင်း အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း။

 စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တောအထိ ၉၄ မိုင်ခန့်ရှိ သည့်လမ်းမကြီးပေါ်ရှိ ရသေ့တောင်တံတား အပါအဝင် တံတားငါးစင်းကို ယခုနှစ်မတ်၃၁ ရက်က ဖွင့်လှစ်ခဲ့သည့်အတွက် စစ်တွေမှ မောင်တောအထိ  ၄ နာရီ ခရီးဖြင့် သွားရောက် နိုင်ပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် ရသေ့တောင်-ဘူးသီးတောင်လမ်းအပိုင်း မြေသားလမ်းကို ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း။

မင်းဘူး-အမ်း-စစ်တွေလမ်းပိုင်းကို နှစ်နှစ်တာကာလအတွင်း တိုးတက်အောင် ဆောင်ရွက် နိုင်ခဲ့သည့်အတွက် ယခုဆိုလျှင် ၁၁ နာရီခရီးဖြင့် မင်းဘူးမှ စစ်တွေအထိ သက်သောင့်သက်သာ သွားလာနိုင်ပြီဖြစ်ကြောင်း၊  ထို့ပြင် ရန်ကုန်မှ သံတွဲ-ငပလီကို မောင်းချိန် ကိုးနာရီဖြင့် သွားလာနိုင်ရန် နှစ်နှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ပြီး လာမည့်သုံးနှစ်အတွင်း ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်ပါက  ရန်ကုန်မှ သံတွဲအထိ မောင်းချိန် ခုနစ်နာရီဖြင့် သွားလာနိုင်မည်ဖြစ်ကြောင်း။

 အလားတူ  နှစ်နှစ်တာ ကာလအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်  ရှမ်းပြည်နယ် (မြောက်ပိုင်း) ဆက်သွယ်သော လမ်းများကို ၁၈ ပေကျယ် ကတ္တရာလမ်းများ အဖြစ် ဖောက်လုပ်ပေးနိုင်ခဲ့ကြောင်း၊ ဧပြီ ၁ ရက်တွင် မြောင်းမြကြိုးတံတား ကျိုးကျပြီးနောက် တစ်နိုင်ငံလုံးရှိ တည်ဆောက်ပြီး ကြိုးတံတား ၂၉စင်း၏  တံတားကြံ့ခိုင်မှု အခြေအနေများကို တိုင်းတာ စစ်ဆေးနိုင်ရန် တရုတ်နိုင်ငံ China Highway Construction Association၊ ဂျပန်နိုင်ငှဲုံ JICA နှင့် ကိုရီးယားနိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း။

မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် တစ်နိုင်ငံလုံးရှိ  မြို့ပေါင်း ၃၃ မြို့ကို Urban Planning အပြီးသတ်ရေးဆွဲ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အိမ်ရာကဏ္ဍအနေဖြင့် ၂ဝ၃ဝ ပြည့်နှစ်ထိ အိမ်ရာတစ်သန်း ဆောက်လုပ်ရန်ရှိပြီး နှစ်နှစ်တာကာလအတွင်း စုစုပေါင်း အိမ်ရာ ၁ဝ၉၂၄ ခန်းဆောင်ရွက်ခဲ့ကာ အခန်းပေါင်း ၅၇၄၈ ခန်းမှာ ၁ဝဝ ရာခိုင်နှုန်းနှင့် အခန်းပေါင်း ၅၁၇၆ခန်းကျော်မှာ  ၇ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း၊  လာမည့် ၃ နှစ်တာကာလအတွင်း အခန်းပေါင်း ၈ဝဝဝ ကျော်  ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊

PPP စနစ်ဖြင့် ဌာနမှအခန်းပေါင်း ၄ဝဝဝ ကျော်၊ ကုမ္ပဏီများဘက်မှ အခန်းပေါင်း ၆ဝဝဝ ကျော် စုစုပေါင်း အခန်းပေါင်း ၁ဝဝဝဝ ကျော် ဆောင်ရွက်ရန်ရှိကြောင်း။ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် ၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာ အားလုံး၏ ၈ဝ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ၉ဝ  ရာခိုင်နှုန်းတို့သည် ရာသီမရွေး သွားလာနိုင်သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်

ဖြစ်ကြောင်း၊ လူဦးရေ ၁ဝဝဝ နှင့် အထက်ကျေးရွာများ အားလုံးကို  ၂ဝ၂ဝ  ပြည့်နှစ်တွင် လည်းကောင်း၊ လူဦးရေ ၅ဝဝ နှင့် အထက်ရှိ ကျေးရွာအားလုံး၏ ၉၅ ရာခိုင်နှုန်းကို ၂ဝ၂၅  ခုနှစ်တွင်လည်းကောင်း၊  တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျေးရွာများတွင် လူဦးရေ ၂၅ဝ နှင့်အထက်ရှိ ကျေးရွာများ အားလုံး၏ ၇၅ ရာခိုင်နှုန်းနှင့်  လူဦးရေ ၂၅ဝ အောက်ရှိ ကျေးရွာ ၅ဝ ရာခိုင်နှုန်းကို ၂ဝ၃ဝ ပြည့်နှစ်တွင် ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူဦးရေ မည်သို့ပင် ရှိစေကာမူ တူညီသည့် အခွင့်အရေး ရရှိရန် လူဦးရေနည်းသည့် ပြည်နယ်များကို ခြွင်းချက်အနေဖြင့် သီးခြားစဉ်းစားပေးရန် ရည်မှန်းထားရှိကြောင်း။

ဂျာမနီနိုင်ငံ KfW အထောက်အပံ့ဖြင့် ရှမ်းပြည်နယ်အတွင်း လမ်းကိုးလမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကျေးလက်လမ်း ၁၈ လမ်းကို  Pilot Project ဖြင့် ဖောက်လုပ်ပေးနိုင်ခဲ့ကြောင်း၊  နှစ်နှစ်တာ ကာလအတွင်း တိုင်းဒေသကြီး ခုနစ်ခုတွင် တံတားကြီးပေါင်း ၂၈ စင်း၊ ပြည်ထောင်စုလမ်းမကြီး ၁၄၄ လမ်းတွင် ကွန်ကရစ်လမ်း ၄ဝ၅ မိုင်၊ ကတ္တရာလမ်း ၁ဝ၁၂ မိုင်၊ နိုင်လွန် ကတ္တရာ ၅၄၄ မိုင်ကို အဆင့်မြှင့်တင်ဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်းသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာကာလအတွင်း  ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ အဆိုပါဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှထွန်းက လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များကို တောင်သူပေါင်း ၅၉၃ဝဝဝဝ ကျော်ပိုင်သည့် ဦးပိုင်ပေါင်း ၉၆၉ဝဝဝဝ ကျော်တွင်  ဧကပေါင်း ၂၄၈၆ဝဝဝဝ ကျော်ကို လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်များ ထုတ်ပေး ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လျာထားချက်အပေါ် ၉၁ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်ကြောင်း။

စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာ နွေစပါး၊ မိုးစပါး စိုက်ဧက သန်းပေါင်း ၁၇ ဒသမ ၆၉၅ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အထွက်တင်းပေါင်း ၁၃၂၇ ဒသမ ၂၃ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး ဆန်မက်ထရစ်တန် ၁ ဒသမ ၇၄၇ သန်း ပြည်ပကိုတင်ပို့နိုင်ခဲ့ ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ နွေစပါး၊ မိုးစပါးစိုက်ဧက သန်းပေါင်း ၁၇ ဒသမ ၂၈၂ စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်းပေါင်း ၁၁ဝ၅ ဒသမ ၃၅၆ သန်း ထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ၂ဝ၁၈ ခုနှစ် မတ်လအထိ ပြည်ပကို ဆန်တင်ပို့နိုင်မှု အနေဖြင့် ဆန်မက်ထရစ်တန် ၃ ဒသမ ၅၁၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ၂ဝ၁၆-၂ဝ၁၇ခုနှစ်ထက် ပြည်ပကို ဆန်တင်ပို့မှုနှစ်ဆခန့် တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ တာဝန် ပေးချက်အရ ဆန်စပါး အသင်းချုပ်၏ ထိန်းချုပ်မှုနှင့် တောင်သူလယ်သမားများ၏ ဆန်စပါးအတွက် အခြေခံဈေးနှုန်းကို ညှိနှိုင်းသတ်မှတ် ပေးနိုင်ခဲ့ကြောင်း၊ စပါးတင်း ၁ဝဝ ကို ငွေကျပ် ငါးသိန်း သတ်မှတ်ပေးခဲ့ကြောင်း။

မိုးစပါး ၆၉၇ဝ၂ ဧက စိုက်ပျိုးထုတ်လုပ်ရန် ရည်မှန်းထားပြီး ၆၉၇၃၄ ဧက တိုး၍ စိုက်ပျိုးထုတ်လုပ် နိုင်ခဲ့ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွက် သီးနှံမျိုးစေ့ ဖြန့်ဖြူးလျက်ရှိရာ စပါးသီးနှံအနေဖြင့် ၂၂၇၉၅၅၉ တင်း ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း။

စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် ပုဂ္ဂလိက လယ်ယာဝန်ဆောင်မှု လုပ်ဆောင်နေသည့် လူဦးရေ ၁၈၉၆ ဦးကို ပေါင်းစပ်ပြီး အသင်း ၉၆ သင်းကို ဖွဲ့စည်းပေးနိုင်ခဲ့ကြောင်း၊ ၎င်းတို့ပိုင်ဆိုင်သည့် ထွန်စက်ကြီး ၁၄၃၇ စီးနှင့် ရိတ်သိမ်းခြွေလှေ့စက် ၂၃၃ စီးတို့ဖြင့်  လယ် ယာဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊  တစ်ပိုင်တစ်နိုင် သုံးစွဲနိုင်သည့် တောင်သူများထံ ထွန်စက်များ ရောင်းချပေးသည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း၊ လက်တွန်းထွန်စက် ၁၅၃ဝ၆ စီးနှင့် ထွန်စက်ကြီး ၃၆၃ စီး ရောင်းချပေးနိုင်ခဲ့ကြောင်း။

ထို့ပြင် ငွေကျပ်သိန်း ၃ဝဝ တန် လယ်ယာသုံး စက်ပစ္စည်းတစ်ခုအတွက် လယ်သမားက ငွေကျပ်သိန်း ၃ဝ သွင်းရုံဖြင့် လက်ဝယ်ရယူနိုင်သည့်စနစ်ကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့သည့် အတွက် တောင်သူလယ်သမားများထံ ထွန်စက်ကြီး ၁၃၈၅ စီးနှင့်ြေ>ွခလှေ့စက် ၅၉ စီးကို ဖြန့်ဖြူးဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း။

တောင်သူပိုင်စက်များ ပြင်ဆင်ပေးခြင်းနှင့် စက်အရန်ပစ္စည်း အလွယ်တကူ ရရှိနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခြင်း အနေဖြင့် စက်မှုလယ်ယာ စခန်း ၄၅ ခုတွင် ပြင်ဆင်ရေး ကိရိယာများကို တပ်ဆင်ပြီး တောင်သူပိုင်စက်များကို ပြင်ဆင်ပေးလျက် ရှိကြောင်း၊ တောင်သူလယ်သမားများ အတွက် လယ်ယာသုံး စက်ကိရိယာမောင်းနှင် ထိန်းသိမ်းရေးနှင့် ပြင်ဆင်ရေး သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ကြောင်း။

စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့် စပါးသီးနှံနှင့် ပတ်သက်၍ မျိုးသစ် ၂၅ မျိုးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် အပင်ဇီဝနည်းပညာ သုတေသနလုပ်ငန်း ဆောင်ရွက်မှုအဖြစ် အပင်တစ်သျှူး မွေးမြူထုတ်လုပ်ခြင်းနှင့် မျိုးထွန်းနည်းပညာကို အသုံးပြုကာ အချိန်တိုအတွင်း မူရင်းအပင်နှင့် ပုံစံတူ အပင်ပွားများ မွေးမြူခြင်းကို ဆောင်ရွက်နိုင်ခဲ့ကြောင်း။

မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း လုပ်ငန်းကို မြို့နယ်ပေါင်း  ၃၃ဝ ရှိသည့် အနက်မှ ၂၇၅ မြို့နယ်တွင် ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ ကောက်ယူရရှိခဲ့သည့် တိရစ္ဆာန်ကောင်ရေစာရင်း စာရင်းသွင်းခြင်း လုပ်ငန်းကို အတိအကျ ဆောင်ရွက်လျက် ရှိကြောင်း။

ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးလုပ်ငန်းစခန်း ၂၇ ခုက ငါးသားပေါက် ကောင်ရေ သိန်းပေါင်း ၁၂၅၉၁ အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ငါးသားပေါက် ကောင်ရေ သိန်းပေါင်း ၈ဝ ဒသမ ၈၇၉ သိန်းကို ပေးအပ်နိုင်ခဲ့ကြောင်း၊ နိုင်ငံတကာ အဆင့်မီသည့် ရေချို ငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာနကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း။

 ၂ဝ၁၇-၂၁ဝ၈ ဘဏ္ဍာနှစ်တွင် ၂ဝ၁၈ ခုနှစ် မတ်လကုန်အထိ နိုင်ငံပေါင်း ၄ဝ ကျော်သို့ ငါးတန်ချိန် ၅၆၈၂၂၇ ဒသမ ၃၂၇ မက်ထရစ်တန်၊ အမေရိကန် ဒေါ်လာသန်းပေါင်း ၇၁၁ ဒသမ ၇၁၇ တင်ပို့နိုင်ခဲ့ကြောင်း၊ မွေးမြူရေး ငါး/ပုစွန်များကို EU နိုင်ငံများသို့ တင်ပို့နိုင်ရန် National Residue Monitoring Plan ကို  အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီး ဖွင့်လှစ်ရန်အတွက် ငါးလုပ်ငန်းဆိုင်ရာ ပညာရှင်များနှင့် ဆွေးနွေးခဲ့ကြောင်း၊ ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု မပေါ်ပေါက်ခင် ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ်တစ်ခုအနေဖြင့် ငါးပညာရပ်တစ်ခုကို စတင် သင်ကြားပေးရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုလာမည့် ပညာသင်နှစ်တွင်  ငါးနှင့် ပတ်သက်သည့် ဘာသာရပ်များကို  မေဂျာ တစ်ခုအနေဖြင့် သင်ကြား နိုင်တော့မည်ဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ် မေ ၁၆ရက်မှ သြဂုတ် ၁၅ ရက်အထိကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားကြောင်း၊ ငါးဖမ်းကွက် အားလုံးကို ငါးမဖမ်းရဧရိယာအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ကြောင်း။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေရရှိရေး လုပ်ငန်းပေါင်း ၅၇၉၅ ခုကို ကျေးရွာပေါင်း ၄၂၃၉ ရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်း၊  ကျေးလက်မီးလင်းရေး အတွက် ကျေးရွာပေါင်း ၄ဝ၇၂ ရွာတွင် မီးလင်းရေး လုပ်ငန်းပေါင်း ၂၂၉၄၅၇ ခု ဆောင်ရွက်ခဲ့ကြောင်း၊ လူထုဗဟိုပြု စီမံကိန်းကို မြို့နယ်၄၇ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိပြီး လူဦးရေ ၇ ဒသမ ၁ သန်းကို အကျိုးပြုစေခဲ့ကြောင်း၊  မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း ၉၈၉၅ ရွာ၌ ဆောင်ရွက်ခဲ့ပြီး ကျေးရွာ ၈၉၆၃ ရွာအတွက် ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း စီမံကိန်းကို ရေးဆွဲ၍ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁ဝဝ ထောက်ပံ့ပေးခဲ့ကြောင်း၊  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ စုစုပေါင်း သင်တန်းကြိမ်ရေ ၁၄၉ဝ ဖွင့်လှစ်ပြီး ကျေးလက်ပြည်သူ ၃၉၆၈၉ ဦးကို ပို့ချပေးနိုင်ခဲ့ကြောင်း။

သမဝါယမ ဦးစီးဌာနအနေဖြင့် သမဝါယမ ဖွဲ့စည်းပေးမှု အနေဖြင့် အသင်းသစ် ၅၉၄ သင်း တိုးချဲ့ဖွဲ့စည်း ပေးနိုင်ခဲ့ကြောင်း၊ မြို့နယ်ပေါင်း ၂၉၁ မြို့နယ်ရှိ အသင်းသား ၂ ဒသမ ၅ သန်း ကျော်ကို ဘီလီယံပေါင်း ၅၈၆ ဒသမ ၅၄၂ ထုတ်ချေး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သမဝါယမ အသင်းသား တောင်သူ ၇၃၇၈ ဦးကို စက်ပစ္စည်း စီးရေစုစုပေါင်း ၇၈၅၁ စီး ငွေကျပ် အနေဖြင့် ဘီလီယံပေါင်း ၅၇ ဒသမ ၉၅၉ ကို ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်းသည်။

ထို့နောက် ပြည်သူ့အတွက် ဒုတိယတစ် နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို  သက်ဆိုင်ရာ ဌာနအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြ သည်။

ဟန်မင်းကျော်(သတင်းစဉ်)

Read 46 times Last modified on Wednesday, 16 May 2018 12:13