SJ WorldNews - шаблон joomla Авто

လယ်ယာမြေ အဆင့်မြှင့်တင် ပြုပင်ခြင်း အောင်မြင်မှု ပိတ်သိမ်းပွဲ ကျင်းပ

Tuesday, 13 March 2018 10:25 font size decrease font size decrease font size increase font size increase font size

ပွင့်ဖြူ  မတ်  ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် သမဝါယမ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် စေတကူကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမ အသင်းသားများ၏ လယ်ယာမြေ အဆင့်မြှင့်တင် ပြုပြင်ခြင်း အောင်မြင်မှု ပိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက စေတကူကျေးရွာ သမဝါယမ အသင်းသားများ၏ လယ်ယာမြေအနီး ယာယီမဏ္ဍပ်၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်း ဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင်က စေတကူကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းသား တောင်သူများအား လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်ရေး အတွက် မိမိတို့သမဝါယမ ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အခြေခံသမဝါယမ အသင်းများ ဖွဲ့စည်း၍ တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အသင်းသား တောင်သူများအနေဖြင့်လည်း မိမိတို့ရရှိသည့် အခွင့်အရေးကို အကျိုးရှိစွာ အသုံးချဆောင်ရွက်ကြစေလိုကြောင်းနှင့် ယခုဖြည့်ဆည်း ဆောင်ရွက်ပေးထားသည့် သမဝါယမ ပံ့ပိုးချေးငွေများကိုလည်း အချိန်မီအခါမီ အပြေအကျေ ပေးဆပ်သွားကြရန် ရှင်းလင်းဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းက လယ်ယာမြေ အဆင့်မြှင့်တင်ပြုပြင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားပြီး မြို့နယ် သမဝါယမ အသင်းစု ဥက္ကဋ္ဌ ဦးတင်အုန်းက လယ်ယာမြေ အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်း၊ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မကွေးတိုင်း ဒေသကြီး သမဝါယမ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင်၊ မြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းနှင့် ဝန်ထမ်းများက   အသင်းသား တောင်သူများနှင့်အတူ လယ်ယာမြေများအား စက်ယန္တရားများဖြင့် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် သမဝါယမ ဦးစီးဌာနမှ စေတကူကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း   သမဝါယမအသင်း ငါးသင်းမှ တောင်သူဦးရေ ၁၁၁ ဦးအားအသင်းသား တောင်သူတစ်ဦးလျှင် ပံ့ပိုးချေးငွေကျပ် သုံးသိန်းနှုန်းဖြင့် ပံ့ပိုးပြီး စုစုပေါင်း လယ်ယာ မြေဧက ၁၁၈၂ ဧကအား လယ်ယာမြေ အဆင့်မြှင့် ပြုပြင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ 

Read 62 times Last modified on Tuesday, 13 March 2018 10:27