SJ WorldNews - шаблон joomla Авто

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး ခြံစည်းရိုးတစ်လျှောက် ပတ်လမ်းများကို ရာသီမရွေး သွားလာနိုင်သော လမ်းများအဖြစ် စီမံချက်များ ချမှတ်ပြီး ဖော်ဆောင်ပေးရမည်ဖြစ်

Wednesday, 21 February 2018 11:39 font size decrease font size decrease font size increase font size increase font size

(ပြည်သူ့လွှတ်တော် အစည်းအဝေး)

နေပြည်တော်  ဖေဖော်ဝါရီ  ၂ဝ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂ဝ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေး ခန်းမဆောင်၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကော်မတီ ၁၄ ခု သက်တမ်း တိုးမြှင့်ခြင်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ အသိပေးတင်ပြသည်။

ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်အတွင်း ဖော်ထုတ်ပြီး မြေနေရာများ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး အတွက် မည်ကဲ့သို့ ဆောင်ရွက်ထားပါသနည်း၊ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များ မည်ကဲ့သို့ ရေးဆွဲထားပါသနည်း၊ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသော အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ဥတ္တရသီရိ မဲဆန္ဒနယ်မှ ဦးကျော်မင်းလှိုင်၏ ဥတ္တရသီရိမြို့နယ်အတွင်း   လမ်းမီးခွန်နှင့် သန့်ရှင်းရေးခွန်များ ပါဝင်သော ပစ္စည်းခွန်များ ကောက်ခံ ရာတွင် ပိုင်ရှင်များ ရှိနေပြီး အဆောက်အအုံ မရှိသော၊ အဆောက်အအုံ ရှိနေပြီး လူမနေသော၊ အဆောက်အအုံ ဆောက်လက်စရပ်ထားသော မြေကွက်များကို အခွန်ပေးဆောင်နေရသော ပြည်သူများနှင့် မျှတမှုရှိစေရေး၊ ပြည်သူ့ဘဏ္ဍာများ မှန်မှန်ကန်ကန် ရရှိစေရေးတို့အတွက် မည်ကဲ့သို့ စည်းကြပ်ကောက်ခံနေပြီး မီးဘေးနှင့် မသမာသူများ ခိုအောင်းနိုင်သောကြောင့် လုံခြုံရေး ကိစ္စအတွက် မည်ကဲ့သို့ စီမံခန့်ခွဲနေသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍   နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်က ရှင်းလင်းဖြေကြားသည်။

ထို့ပြင် မြောင်းမြမဲဆန္ဒနယ်မှ ဒေါက်တာစိုးမိုးသူ၏   ရန်မနိုင်တိုက်နယ် ဆေးရုံတွင် စံကိုက်ဆေးရုံ အဆောက်အဦအား မည်သည့် အချိန်တွင် စတင်ဆောက်လုပ်ပြီး လူနာကုသခြင်းများ ဆောင် ရွက်နိုင်မည်ကို သိလိုကြောင်း မေးခွန်း၊ မတူပီမဲဆန္ဒနယ်မှ  ဦးပါထန်းက မတူပီမြို့နယ် ဆဘောင်သဲကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေး ဌာနအဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်း၊  လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေးက လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်တို့မှ လျှောက်ထားသည့် သူနာပြု/သားဖွား သင်တန်းသားဦးရေ တိုးမြှင့်တက် ရောက်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် မိုးမိတ်မဲဆန္ဒနယ်မှ ဦးတိုးသောင်က မိုးမိတ်မြို့နယ်တွင် တိုင်းရင်းဆေးရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားသည်။

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနကပေးပို့သော ''မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ''နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ထန်းတပင် မဲဆန္ဒနယ်မှ ဦးနေမျိုးထွန်းက ပြင်ဆင်ချက်ဖြင့်  အတည်ပြုရန် ရှင်းလင်းဖတ်ကြားပြီး  လွှတ်တော်၏အဆုံး အဖြတ်ရယူခြင်းများ ဆောင်ရွက်သည်။

ယင်းနောက် ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေ တင်သွင်းသည့် ''ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး အတွက် လည်းကောင်း၊  ဒေသခံဌာနေ တိုင်းရင်းသားတို့၏  အသက်အိုးအိမ်၊ ထာဝရ လုံခြုံမှုရှိသော လူမှုဘဝကို ထူထောင်နိုင်ရန် ဒေသခံ တိုင်းရင်းသားတို့၏ လိုအပ်ချက်များကို ရေတိုရေရှည် စီမံကိန်းများ ပွင့်လင်း မြင်သာစွာ ချမှတ်၍ ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း'' အဆိုကို   လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်က အစိုးရအနေဖြင့် ယခုလက်ရှိ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး  အစိုးရ၏ မြေပြင် ဆောင်ရွက်ချက်များအပေါ် ဒေသခံပြည်သူများ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ပြည်သူပူးပေါင်း ပါဝင်မှုမရှိပါက အောင်မြင်နိုင်မည် မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ်သားများ၏ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းရင်းသားများ အပါအဝင် လူနည်းစုပြည်နယ်သားများလည်း ချန်လှပ်ထား၍ မရနိုင်ကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့က ပြန်လည်ထူထောင်ရေး ဆိုင်ရာ စီမံကိန်းများနှင့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ပွင့်လင်းမြင်သာစွာ ရှင်းလင်းခဲ့သည်ကို တွေ့ရှိခဲ့ပြီဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အဆိုပါစီမံကိန်းများ အောင်မြင်ထိရောက်စွာ အကောင်အထည်ဖော်မှု ရှိ၊ မရှိ စောင့်ကြည့် ထိန်းညှိရမည်ဖြစ်ကြောင်း၊ သို့ပါ၍အစိုးရအနေဖြင့် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး နိုင်ငံရေး၊ နိုင်ငံတကာ အရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်   ဘက်ပေါင်းစုံမှ ကြိုးစားလုပ်ဆောင်နေသည်ကို အငြင်းပွားဖွယ် မရှိတွေ့မြင်နေရကြောင်း၊ နိုင်ငံတကာ မျက်နှာစာတွင် ရခိုင်လူမျိုးများ၏ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိမှုနှင့် စည်းလုံးညီညွတ်မှုကို ပြသနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးသန်းဝင်းက အကြမ်းဖက် တိုက်ခိုက်ခံရမှုများနှင့်  ပဋိပက္ခ အလွန်ကာလ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်နိုင်ခြေရှိသည့် အခြေအနေ များတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေး၊ အသက်

အိုးအိမ်စည်းစိမ်များ လုံခြုံရေးသည် မလွဲမသွေ လိုအပ်မည်ဖြစ်ကြောင်း၊  ဖွံ့ဖြိုးတိုးတက်မှု အတွက် လူသားများ၏ လုံခြုံမှုသည် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး   လုံခြုံမှုမရှိသည့် အနေအထားတစ်ရပ်တွင် လူမှုစီးပွား ဘဝတိုးတက်မှုကို ထိခိုက်စေမည် ဖြစ်သကဲ့သို့ ပဋိပက္ခပိုမိုဖြစ်ပွားသည်ကို လေ့လာတွေ့ရှိရကြောင်း၊  မျက်မှောက်ခေတ်  ကမ္ဘာ့နိုင်ငံ အတော်များများတွင် တရား မဝင် ဝင်ရောက် အခြေချနေထိုင်မှု ပြဿနာများ ကြုံတွေ့ရလျက်ရှိပြီး ဒေသခံများနှင့် Immigrants များအကြား ပဋိပက္ခများ ဖြစ်ပွားမှုရှိသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကိုလိုနီခေတ် ကာလများနှင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကာလများမှာ ရခိုင်ဒေသအတွင်း အလားတူ ပြဿနာများ ကြုံတွေ့ခဲ့ရကြောင်း၊ မတူကွဲပြား ခြားနားမှုများကြောင့် ဒေသခံ တိုင်းရင်းသား များနှင့် တရားမဝင်  ဝင်ရောက်လာသူများအကြား ပဋိပက္ခများ ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့ရပြီး ပိုမိုဆိုးဝါးစေသည့် အချက်က မိမိတို့နိုင်ငံ၏ နယ်မြေကို ရရှိလိုမှုကြောင့် ၁၉၄၂၊ ၁၉၄၇၊ ၁၉၄၈ နှင့် ၁၉၅၁ ခုနှစ်တို့တွင် တရားမဝင် ဝင်ရောက်လာသူများ မူဂျာဟစ်အမည်နှင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှု၊ လက်ရှိကာလ ၂ဝ၁၆၊ ၂ဝ၁၇ ခုနှစ်တို့အတွင်း အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ကြောင်း။

ယခုလိုအခြေအနေများ ဖြစ်ပေါ်လာချိန်တွင် မိမိတို့ အနေဖြင့် အမျိုးသား လုံခြုံရေး (National Security)ကို မဖြစ်မနေ စဉ်းစားဆောင်ရွက် လာရမည်ဖြစ်ကြောင်း၊ National Security ကို ဆောင်ရွက်သည့် တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားများအတွက် Human Securityကို ဖော်ဆောင်ပေးခြင်းအားဖြင့် National Security ကိုပါ ရရှိလာစေမည် ဖြစ်သကဲ့သို့ အပြန်အလှန်အားဖြင့် National Security မရှိဘဲ Human Securityကို ဖော်ဆောင်ရန် မလွယ်ကူသည်ကိုလည်း အထူးသတိပြုရမည် ဖြစ်ကြောင်း၊ Human Security ကိုဖော်ဆောင်ရာတွင် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်  ရေတိုရေရှည် စီမံကိန်းများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး အတွက်  လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသူများကိုလည်း  အထူး အခွင့်အရေးပေးပြီး အသေးစား၊ အလတ်စား စက်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခွင့် ရရှိလာနိုင်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်စေရန် အတွက်  လိုအပ်ပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ပေးရမည် ဖြစ်ကြောင်း၊ ထို့ပြင် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုစေမည့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ပိုမိုတိုးတက်စေရေး အားပေးရန် လိုအပ်ပြီး ကျောက်ဖြူရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းကို အချိန်မီပြီးစီးနိုင်ရေး အလေးထား ပံ့ပိုးပေးသင့်ကြောင်း။

ကျန်းမာရေးကဏ္ဍတွင်လည်း အမျိုးသား ကျန်းမာရေး စီမံချက်အတိုင်း လိုက်ပါအကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည့်အတွက် ကျေးလက် ကျန်းမာရေးဌာန၊ ဌာနခွဲများ၊ ဆေးရုံများ၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရေး၊ ဝန်ထမ်းများ  တိုးချဲ့ခန့်ထားနိုင်ရေး တို့ကို အထူးဦးစားပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေး၊ ဒေသခံဌာနေ တိုင်းရင်းသားတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိသော လူမှုဘဝကို ထူထောင်နိုင်ရေး၊ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသား လုံခြုံရေးနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုနှစ်ရပ်စလုံးကို ဟန်ချက်ညီစွာ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အကြံပြုဆွေးနွေးသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးခင်မောင်သန့်က နိုင်ငံတော်အနေဖြင့် နိုင်ငံသား တိုင်းရင်းသားများ၏ အကျိုးစီးပွားအတွက် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အလေးထားပြီး ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခင်နယ်ခြားစောင့် ကင်းစခန်းများ၊ ရဲတပ်ရင်းများ ကိုယ်တိုင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်အတွက် ဌာနေတိုင်းရင်းသားများ၏ ယုံကြည်မှုများ ကျဆင်းခဲ့ရပြီး  ယုံကြည်အားကိုးမှုကို ပြန်လည် တည်ဆောက်ရန် လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် အဖွဲ့များကို ပြင်ဆင်ဖွဲ့စည်းပြီး  အထောက်အကူ ပစ္စည်းများအပါအဝင်  အင်အားတိုးမြှင့် ချထားခြင်း၊ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ တစ်ဦးချင်းစီ၏ အရည်အချင်း တိုးတက်မြင့်မားစေရန် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊  မြန်မာ-ဘင်္ဂလားဒေ့ရှ်  နယ်စပ်ခြံစည်းရိုး ကာရံထားသော်လည်း လုံခြုံမှုရှိသည့် နယ်စပ်ခြံစည်းရိုးဖြစ်ရေး ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးတို့ အတွက် ခြံစည်းရိုး တစ်လျှောက် ပတ်လမ်းများကို ရာသီမရွေး သွားလာနိုင်သော လမ်းများအဖြစ် စီမံချက်များချမှတ်ပြီး ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား သံတမန်ကျင့်ဝတ်နှင့် စည်းကမ်းများကို တိကျစွာ လိုက်နာရမည်ဖြစ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ ဥပဒေများ၊ သဘောတူညီချက်များ၊ စာချုပ်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံအကြား ရေပြင်ချင်းပါ ထိစပ်နေသည့်အတွက် ရေပိုင်နက် လုံခြုံရေးကိုပါ အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် လိုကြောင်း။

၂ဝ၁၇ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွင် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား များ၏ အကွက်ကျကျ ဆောင်ရွက်မှုများကြောင့် နိုင်ငံတကာ သတင်းမီဒီယာမှာ သတင်းအမှားများ လျင်မြန်စွာပျံ့နှံ့ခဲ့ရပြီး နိုင်ငံတကာ အပါအဝင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဖိအားပေးမှုကို မြန်မာနိုင်ငံ အနေဖြင့် များစွာခံခဲ့ရကြောင်း၊ ထို့ကြောင့် သတင်းအမှန် ပြန်ကြားရေးသည် ဒေသလုံခြုံရေး အတွက် အရေးပါသကဲ့သို့ လုပ်ကြံသတင်းများကြောင့် ဒေသခံ တိုင်းရင်းသားများ၏ စိုးရိမ်စိတ်များကို  မိမိတို့၏ မိတ်ဖက်နိုင်ငံများတွင် ရှိသည့်  သတင်းဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မီဒီယာကျင့်ဝတ်နှင့်အညီ သတင်းမှန်များအား နိုင်ငံတကာကမှန်မှန်ကန်ကန်နှင့်  မြန်ဆန်စွာ သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများ၊ ဌာနေတိုင်းရင်းသား ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပွင့်လင်းမြင်သာစွာ တိုင်ပင်ဆွေးနွေးပြီး   ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

ပြည်ထောင်စုကြီးအရေး ဖြစ်သည့်အတွက် နိုင်ငံရေးသမားများအနေဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်သင့်ကာ နိုင်ငံရေး အမြတ်မထုတ်သင့်ကြောင်း အကြံပြု ဆွေးနွေးသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြန်လည်ရှင်းလင်း ဖြေကြားပြီး လွှတ်တော်က မှတ်တမ်း တင်ထားရန်  ဆုံးဖြတ်ကြောင်း ကြေညာသည်။               

အောင်လှိုင်ဝင်း

Read 76 times Last modified on Wednesday, 21 February 2018 11:41