SJ WorldNews - шаблон joomla Авто

ရွှေတိဂုံစေတီတော် (၂၆ဝ၆) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဖွင့်လှစ်

Wednesday, 21 February 2018 09:49 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဖေဖော်ဝါရီ ၂ဝ

ရန်ကုန်မြို့ရှိ  လေးဆူဓာတ်ပုံ  ရွှေတိဂုံစေတီတော်၏  (၂၆ဝ၆)  နှစ်မြောက်  ဗုဒ္ဓ ပူဇနိယ တပေါင်းပွဲတော်ကို  ယနေ့မှစ၍  မတ် ၁ ရက် (တပေါင်းလပြည့်နေ့) အထိ ၁ဝ ရက်တိုင်တိုင် ဗုဒ္ဓပူဇာ၊  ဓမ္မပူဇာ၊  သံဃ ပူဇာပွဲများဖြင့်   စည်ကားသိုက်မြိုက်စွာ   ကျင်းပပူဇော်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီတွင်လည်း  စေတီတော် ရင်ပြင်တော်၌  နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်များ  လှည့်လည်ပူဇော်ပြီး   နံနက် ၉ နာရီတွင် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ တပေါင်းပွဲတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

တပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယ အဘိဓဇမဟာ ရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ နိုင်ငံတော်သြဝါဒါ စရိယ ဘဒ္ဒန္တဂုဏေသန ကျိုက်ပိကျောင်း ဆရာတော်ထံမှ ဧည့်ပရိသတ်အပေါင်းက ကိုးပါးသီလ  ခံယူဆောက်တည် ကြသည်။ ဆက်လက်၍     သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြ သည်။

ထို့နောက်   သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပရိသတ်များက  မဟာပဋ္ဌာန်းပစ္စယနိဒ္ဒေသ ဒေသနာတော်များကို ရွတ်ဖတ်ပူဇော်ကြပြီး ရတနာဃရ စံအိမ်တော်အတွင်း အသင့်နေရာယူထားသည့် သံဃာတော်များက အသံမစဲ မဟာပဋ္ဌာန်း တရားဒေသနာတော်များကို ဆက်လက်ရွတ်ဖတ် ပူဇော်တော်မူကြသည်။

အဆိုပါ အသံမစဲမဟာပဋ္ဌာန်း တရားဒေသနာတော်များ  ရွတ်ဖတ်ပူဇော်ခြင်းကို သံဃာတော်အပါး  ၁၂ဝ  က  ၂၁၆ နာရီ ကြာ  နေ့ညမပြတ် ရွတ်ဖတ်ပူဇော်ကြမည် ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်တွင် တပေါင်းပွဲတော် အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်  (တပေါင်း လဆန်း ၁၄ ရက်)  ညနေ  ၄ နာရီတွင် သံဃာတော် ၁၁၇ ပါးနှင့် သီလရှင် ၂၇ ပါး  စုစုပေါင်း ၁၄၄ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်ကြောင်း  သိရသည်။

ထို့နောက်  မတ်  ၁ ရက်   (တပေါင်း လပြည့်နေ့) နံနက် ၅ နာရီတွင် ရွှေတိဂုံ စေတီတော်  ရင်ပြင်တော်  ရာဟုထောင့် အောင်မြေ၌    ဆွမ်းတော်ကြီး ဆက်ကပ် လှူဒါန်းကြမည်ဖြစ်ပြီး  ယင်းနေ့  နံနက် ၉  နာရီတွင်  ချမ်းသာကြီးတန်ဆောင်း၌ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းတို့    ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ 

Read 72 times Last modified on Wednesday, 21 February 2018 09:50