SJ WorldNews - шаблон joomla Авто

ဟိုင်းကြီးကျွန်းမြို့၌ ကြိမ်ထည်ပစ္စည်း ပြုလုပ်ရောင်းချသူများ ဝင်ငွေကောင်း၍ အဆင်ပြေလျက်ရှိ

Saturday, 13 January 2018 10:26 font size decrease font size decrease font size increase font size increase font size

ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၌ ကြိမ်ထည်ပစ္စည်းများ ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက် ရှိကြောင်းသိရသည်။ ကြိမ်ထည်ပစ္စည်းများ ပြုလုပ်ရာတွင် ကုန်ကြမ်းအနေဖြင့် နဘက်ကြိမ်၊ ကုန်းကြိမ် စသည့်ကြိမ် အမျိုးအစားများကို အသုံးပြုကြပြီး နဘက်ကြိမ်အရှည် ရှစ်တောင်တစ်လုံးလျှင်ငွေကျပ် ၆ဝဝ နှင့် ကုန်းကြိမ်အရှည် ရှစ်တောင်တစ်လုံးလျှင် ငွေကျပ် ၁ဝဝ ရှိသည်။ ကြိမ်ကုလားထိုင်တစ်လုံးလျှင် နဘက်ကြိမ် သုံးလုံးနှင့်ကုန်းကြိမ် ၂၅ လုံးခန့် အသုံးပြုရပြီး အချိန်တစ်ရက်ခန့် ပြုလုပ်ရသည်။ ကြိမ်စားပွဲခုံပြုလုပ်ပါက နဘက်ကြိမ် ငါးလုံးနှင့်ကုန်းကြိမ်အလုံး ၄ဝ လောက်ကုန်ကျပြီး ဟိုင်းကြီးကျွန်းမြို့၌ ပြုလုပ်သောပစ္စည်းများမှာ ခေါင်းအုံး၊ လက်ဆွဲခြင်း၊ ကလပ်ချီ၊ ဘင်ခုံ၊ ကုလားထိုင်၊ စားပွဲစသည့် ပစ္စည်းများဖြစ်သည်။ ''ကြိမ်ထည်ပစ္စည်းများမှာ မိုးရာသီတွင် ကုန်ကြမ်းရှားပါးတဲ့အတွက် လုပ်ငန်းများ ခေတ္တရပ်နားထားရတယ်။ ယခုပွင့်လင်းရာသီရောက်မှသာ ကုန်ကြမ်းများ ဝယ်ယူရရှိတဲ့အတွက် လုပ်ငန်းပုံမှန် လည်ပတ်နိုင်ပြီး ရောင်းအားလည်း တိုးမြင့်လာတဲ့အတွက် လုပ်ငန်းအဆင်ပြေပါတယ်''ဟု ကုန်းတန်းကျေးရွာမှ ကြိမ်ထည်လုပ်ငန်းလုပ်ကိုင်သူ ဦးလှမြိုင်က ပြောသည်။ ကြိမ်ခေါင်းအုံး တစ်လုံးလျှင် ငွေကျပ် ၂ဝဝဝ၊ ကလပ်ချီနှင့် ဘင်ခုံတစ်လုံးလျှင် ငွေကျပ်၃ဝဝဝ၊ ကုလားထိုင်တစ်လုံးလျှင် ငွေကျပ် ၈ဝဝဝ၊ စားပွဲတစ်လုံးလျှင် ငွေကျပ် ၂ဝဝဝဝ ဖြင့်ရောင်းချလျက်ရှိပြီး အဆိုပါပစ္စည်းများကို တည်းခိုခန်း၊ ဟိုတယ် များမှလည်း ကြိုတင်မှာယူလျက်ရှိသဖြင့် ကြိမ်လုပ်ငန်း လုပ်ကိုင်သူ ဒေသခံများ ဝင်ငွေကောင်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

Read 119 times Last modified on Saturday, 13 January 2018 10:40