ပေါက် မတ် ၂၃
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် အတွင်းရှိ သုံးမွှာတာချောင်း ကျေးရွာ၌ သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရပြီး မကြာမီ ရက်ပိုင်းအတွင်း ရေပြတ်လပ်နိုင်သဖြင့် ရေအလှူရှင်များ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
''ကန်ရေကိုပဲ အမှီပြုနေရတာပါ။ ချွေတာပြီး သုံးနေကြတာတောင် နောက်ငါးရက်စာလောက်ပဲ ရတော့မှာပါ။ အကူအညီတွေ တောင်းထားပါတယ်။ ရေပြတ်လပ်မှုနဲ့ နှစ်စဉ်ကြုံတွေ့ရတာပါ။ ရေအလှူရှင် မပေါ်ရင် ရွာနဲ့ တစ်မိုင်ခွဲကျော်ဝေးတဲ့ ရွှေပြည်သာကျေးရွာကို နွားလှည်းတွေနဲ့ သွားဝယ်ပြီး သုံးနေရပါတယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းအခြေအနေနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာ ''၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရရန်ပုံငွေနဲ့ သုံးမွှာတာချောင်းကျေးရွာမှာ စက်ရေတွင်း တူးဖော်ခဲ့ပေမယ့် ပေ ၆ဝဝ ကျော်တဲ့အထိ ရေမရခဲ့ပါဘူး။ GP survey တိုင်းတဲ့အခါမှာ မြေအောက်ရေ ရရှိနိုင်မှု နည်းပါးကြောင်း အဖြေထွက်ခဲ့တဲ့ အတွက် ဆက်လက် မတူးဖော်နိုင်ဘဲ ရပ်နားခဲ့ရပါတယ်။
မတ် ၂၁ ရက်မှာ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေဂါလန် ၃၆ဝဝ သွားရောက်ပေးဝေ ထားပါတယ်''ဟု မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်က ပြောသည်။
သုံးမွှာတာချောင်းကျေးရွာ ရေရရှိရေး အတွက် ရွာနှင့် ၂ မိုင်ခန့်ဝေးသော သက္ကယ်ချောင် ကျေးရွာတွင် စက်ရေတွင်း တူးဖော်၍ သုံးမွှာတာချောင်း ကျေးရွာအရောက် ရေပိုက်လိုင်း သွယ်တန်းနိုင်မည့် အခြေအနေကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးတင့်ဝေနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သုံးမွှာတာချောင်းကျေးရွာတွင် အိမ်ခြေ ၆၂ အိမ်၊ လူဦးရေ ၃၆ဝ ကျော်၊ နွားကောင်ရေ ၄ဝဝ ကျော်ရှိကာ ပဲစင်းငုံ၊ ပြောင်း၊ ပြောင်းဖူးနှင့် မြေပဲတို့ကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး လက်ရှိ အသုံးပြုနေသော ကန်ရေမှာ လွန်စွာ နည်းပါးကာ နောက်ကျိနေ၍ ကျန်းမာရေး အရ သောက်သုံးရန် မသင့်သည့် အခြေအနေ ရှိနေကြောင်း၊ အလှူရှင်များကို အဓိက မျှော်လင့်နေပြီး သုံးစွဲရန်ရေနှင့် စက်ရေတွင်း လှူဒါန်းလိုပါက ဦးမြဝင်း(ရာအိမ်မှူး) ဖုန်း-ဝ၉-၄၂၇၈၄၈၁ဝ၈၊ ဦးအောင်မြင့်သန်း(ကျောင်းအုပ်)ဖုန်း-ဝ၉-၄၅၉၈၇၈ဝ၁၉ တို့ထံ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။