ဖျာပုံ မတ် ၃
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့၏နှစ်များစွာ တွေ့ကြုံနေရသည့် သောက်သုံးရေ အခက်အခဲကို ဂျပန်နိုင်ငံမှ နှစ်ရှည်ချေးငွေရယူပြီး (JICA) စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ရာ ဖျာပုံမြို့ပန်းခြံအနီး မြစ်ရေစုပ်ယူနေ သည့် စက်ရုံအနီးတွင် စက်တပ်ရေယာဉ်များဖြတ် သန်းမောင်းနှင်ခြင်းနှင့် စက်တပ်ရေယာဉ်ကြီး/ငယ်များ ကျောက်ချရပ်နားခြင်းမပြုရန် ကန့်သတ်တားမြစ်ထားသော်လည်း လိုက်နာမှုမရှိကြသဖြင့် ဖျာပုံမြစ်ရေ ပို၍ညစ်ညမ်းစေသဖြင့် မြစ်ရေသန့်သုံးစွဲသူများ၏စိတ်ကို အနှောင့်အယှက်ဖြစ်စေသည်။ မြစ်ရေသန့် သုံးစွဲလာသည့်ကာလမှာ ၁ဝ လခန့်ရှိနေပြီး စတင်သုံးစွဲခဲ့သည့်ရက်မှယနေ့အထိ သုံးစွဲသူပြည်သူများ အနေဖြင့် သံသယစိတ်ဖြင့်သုံးစွဲခဲ့သော်လည်း မြစ်ရေသန့်၏ အရည်အသွေးကောင်းမွန်ခြင်း၊ ပေးဆောင်ရသည့်ဝန်ဆောင်ခ၊ ရေပေးဝေသည့်ကြာမြင့်ချိန်၊ ရရှိသည့် ရေပမာဏတို့ကို ပြည်သူများ ယုံကြည် လက်ခံအားထား အသုံးပြုလာကြပြီဖြစ်၍ သတ်မှတ်ထားသည့် ရေသွယ်တိုင်များပင် ပြည့်မီတော့မည် ဖြစ်ကြောင်းသိရသည်။ မြစ်ရေသန့်ကို ပြည်သူများ အားထားသုံးစွဲလာမှုအပေါ် စက်တပ်ရေယာဉ်များ၏ လိုက်နာဆောင်ရွက်မှု မရှိခြင်းတို့သည် မြစ်ရေသန့် သုံးစွဲမှုပမာဏ လျော့နည်းသွားနိုင်သည်။ မြစ်ရေသန့်လုပ်ငန်းသည် ကာလရှည် ချေးငွေရယူဆောင်ရွက်ထားသည့် (JICA) စီမံကိန်းအား ဘက်စုံအဟန့် အတားများ ဖြစ်ပေါ်လာနိုင်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် အလေးထားကြပ်မတ် ဆောင်ရွက်ပေးရန် မြစ်ရေသန့်သုံးစွဲနေသူ ပြည်သူများက လိုလားလျက်ရှိကြောင်း သိရသည်။