SJ WorldNews - шаблон joomla Авто

မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်သုံးသပ် ဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

Sunday, 13 August 2017 06:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၂

မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ(Forum of Myanmar Democratic Transition) ၏ ဗဟိုချုပ်ကိုင်သည့် စီးပွားရေး စနစ်မှ ဈေးကွက်စီးပွားရေး စနစ်သို့ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပသည်။ ဆွေးနွေးပွဲတွင် စာတမ်းရှင် ပါမောက္ခဒေါက်တာ Andreas Oberheitmann က မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အကဲဖြတ် အမှတ်ပေးရန် အညွှန်းကိန်း၊ အရှေ့ဂျာမနီ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ဂျာမနီနိုင်ငံ ပြန်လည် ပေါင်းစည်းရေးမှ ရရှိသည့် သင်ခန်းစာများတွင် ပါဝင်သည့် အကြီးစားနှင့် အသေးစား စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိက ပိုင်ပြုလုပ်ခြင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှု၏ အခန်းကဏ္ဍ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အုပ်ချုပ်မှုနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အဖွဲ့အစည်းများ၏ ပြုပြင်ပြောင်းလဲမှု၊ အစိုးရနှင့် အစိုးရပိုင် လုပ်ငန်းများ ပြန်လည်တည်ဆောက်ရေး၊ ငွေကြေးထိန်းချုပ်ရေး စနစ်၊ ဗဟိုဘဏ် လွတ်လပ်မှုရှိရေး၊ ယှဉ်ပြိုင်နိုင်ခွင့်ရှိသော မူဝါဒ ချမှတ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု အတွက် တန်းတူညီမျှ အားလုံးပါဝင်နိုင်သော စိန်ခေါ်မှုများ၊ လူတန်းစား ကွာဟမှုမရှိရေး၊ အရှေ့ဂျာမနီ ပြန်လည်တည်ဆောက်ခြင်း၊ အခြေခံ အဆောက်အဦများ၏ အခန်းကဏ္ဍ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် နည်းပညာနှင့် ဒစ်ဂျစ်တယ် နည်းပညာကဏ္ဍ၊ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ စသည့်တို့နှင့် စပ်လျဉ်း၍ စသည်ဖြင့် ဆွေးနွေးသည်။

ယင်းနောက် မျက်နှာစုံညီ ဆွေးနွေးမှု အစီအစဉ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုစီးပွားရေး ကော်မတီ အဖွဲ့ဝင် ဦးလေးညွန့်၊ မြန်မာနိုင်ငံ မျက်မှောက်ခေတ် ပြုပြင် ပြောင်းလဲရေး အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ အလှည့်ကျ အလုပ်အမှုဆောင်ဟောင်း ဒေါက်တာ သိန်းဆွေတို့က မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဗဟိုချုပ်ကိုင်သည့် စီးပွားရေး စနစ်မှ ဈေးကွက် စီးပွားရေး စနစ်သို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။ ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံသည် ဗဟိုချုပ်ကိုင်မှု စနစ်မှ ဈေးကွက်စီးပွားရေး စနစ်သို့ တိုက်ရိုက်အသွင် ကူးပြောင်းခဲ့ခြင်း မဟုတ်သည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းကို ကြည့်မည်ဆိုလျှင် လွတ်လပ်ပြီးခါစ တော်လှန်ရေး ကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ တပ်မတော် အစိုးရခေတ်၊ ဒီမိုကရေစီကို ကူးပြောင်းမှု ကာလခေတ်၊ အရပ်သား အစိုးရ ဒီမိုကရေစီခေတ် စသည်တို့ကို ဖြတ်သန်းခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိတို့၏ ဈေးကွက်စီးပွားရေး စနစ် ကူးပြောင်းမှုသည် အဆင့်များ ပိုမိုများပြားသည်ကို တွေ့ရကြောင်း။ ဘာသာရပ် ခေါင်းစဉ်ကို ကြည့်လိုက်သည်နှင့် လူများအနေဖြင့် ဘာကိုသွားမြင်ကြ သလဲဆိုပါက တစ်ချိန်က ကျင့်သုံးခဲ့သည့် ဗမာ့ဆိုရှယ်လစ် လမ်းစဉ်ကို မြင်ကြကြောင်း၊ ဗဟိုစီမံကိန်း စနစ်များကို ကျင့်သုံးခဲ့ပြီး အသေးစိတ် စီမံခန့်ခွဲခဲ့ကြောင်း၊ နှစ်ရှည် စီမံကိန်းများလည်း ချမှတ်ဆောင်ရွက် ပေးခဲ့ကြောင်း၊ ဗဟိုကွပ်ကဲမှု စနစ်နှင့် ဈေးကွက်စီးပွားရေး စနစ်များသည် ကောင်းသည့် အချက်များ ရှိသကဲ့သို့ မကောင်းသည့် အချက်များလည်း ရှိသည်ကို တွေ့ရကြောင်း၊   လွတ်လပ်ရေး ရပြီးကတည်းက ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးခဲ့ပါက ယခုအချိန်တွင် အခြားသော အာဆီယံနိုင်ငံများနှင့် တန်းတူညီတူ ရောက်နေပြီဟု ပြောကြရမည်ဖြစ်ကြောင်း။

တချို့က ဈေးကွက်စီးပွားရေး စနစ်ကိုသာ ကျင့်သုံးခဲ့မည် ဆိုပါက နေပြည်တော် ကွန်ဗင်းရှင်း စင်တာနှင့် လွှတ်တော်ကဲ့သို့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား တွေရှိပါ့မလားဟု ပြောဆိုခဲ့မှုများ ရှိကြကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်သည် အားသာချက်များ ရှိသကဲ့သို့ ထိန်းချုပ်မှု အားနည်းချက်များ ရှိနေသည်ကိုလည်း တွေ့ရကြောင်း ဆွေးနွေးသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တစ်ကြိမ်တည်းဖြင့် လုပ်၍မရကြောင်း၊ ယင်းလုပ်ငန်းမှာ စဉ်ဆက်မပြတ် လုပ်ကိုင်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် ရာတွင် အစိုးရက စွမ်းရည်ရှိရန် လိုအပ်သကဲ့လို၊ ပြည်သူကလည်း စွမ်းရည်ရှိရန် လိုအပ် ကြောင်း၊ အသွင်ကူးပြောင်းရေး လုပ်ငန်းများတွင် နိုင်ငံတိုင်း၌ အခက်အခဲ ရှိကြောင်း၊ မြန်မာနိုင်ငံက အခြားနိုင်ငံများ ထက်စိန်ခေါ်မှုများ ပိုရှိပါကြောင်း၊ ထို့ပြင် စိန်ခေါ်မှုတော်တော် များများမှာ သိကျွမ်းခင်မင်မှု၊ အဆက်အသွယ်ရှိမှု အပေါ်တွင် မူတည်နေကြောင်း။ မိမိတို့ စီးပွားရေး လောကတွင် မျှော်ဆဈေးကစားမှု ရှိခဲ့ကြောင်း၊ ယင်းမှာ နိုင်ငံအတွက် ရေရှည်ကောင်းမွန် မှန်ကန်သည့် လုပ်ရက် မဟုတ်ပါကြောင်း၊ ပုံသေ အတွေးအခေါ်ရှိသည့် Mindset မှာလည်း စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါကြောင်း၊ နောက်ဆုံးစိန်ခေါ်မှု တစ်ရပ်မှာ နိုင်ငံ၏ စီးပွားရေးမှာ Recover မဖြစ်သေးကြောင်း၊ သို့ဖြစ်၍ ကောင်းမွန်စွာ ရင်းနှီးမြှုပ်နှံသည့် ဝန်ကျင်ကောင်း တစ်ရပ်တည်ဆောက်ရန် လိုအပ်ကြောင်း ဆွေးနွေးသည်။ ကမ္ဘာ့ဘဏ်၊  အာရှဖွံ့ဖြိုးရေး ဘဏ်၏ အလှည့်ကျ အလုပ်အမှုဆောင်ဟောင်း ဒေါက်တာ သိန်းဆွေက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် Time Line Action Plan ရှိရန်လိုအပ်ကြောင်း၊ ထို့ပြင် Public Private Partnership ရှိရန် ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာသူများက ဗဟိုချုပ်ကိုင်သည့် စီးပွားရေး စနစ်မှ ဈေးကွက် စီးပွားရေး စနစ်သို့ ခေါင်းစဉ်နှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူ များက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ် ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition)၏ စစ်ပွဲများမှ ငြိမ်းချမ်းရေး ဆီသို့  အသွင်ကူးပြောင်းခြင်း ကဏ္ဍဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပရာ မျက်နှာစုံညီ ဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(မြန်မာ)မှ နည်းပညာ အရာရှိချုပ် Mr. Christophoros Politis က သဘာပတိအဖြစ် ဆောင်ရွက်ပြီး သီရိလင်္ကာ နိုင်ငံ Department of Govern-ment Information ညွှန်ကြားရေးမှူးချုပ် Dr.Ranga Kalansooriya နှင့် ဂျာမနီနိုင်ငံ နိုင်ငံရေး သိပ္ပံတက္ကသိုလ်မှ Prof. Dr. Aurel Coissant တို့က မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ စစ်ပွဲများမှ ငြိမ်းချမ်းရေးဆီသို့   အသွင်ကူးပြောင်းခြင်း ကဏ္ဍခေါင်းစဉ်အပေါ် ဆွေးနွေးကြသည်။ သီရိလင်္ကာနိုင်ငံ Department of Government Information ညွှန်ကြားရေးမှူးချုပ် Dr.Ranga Kalansooriya က သီရိလင်္ကာတွင် Civil War ဖြစ်ခဲ့ကြောင်း၊ တမီးလ်တိုက်ဂါး သီရိလင်္ကာဟု  လူသိများသည့် လက်နက်ကိုင် အဖွဲ့ရှိခဲ့ကြောင်း၊ တမီးလ်တိုက်ဂါး သီရိလင်္ကင်္ာ များသည် ခိုင်မာအားကောင်းကြောင်း၊ ၎င်းတို့တွင် ခိုင်မာအားကောင်းပြီး တိုက်ခိုက်နိုင်သည့် စွမ်းအားရှိကြောင်း၊ ၎င်းတို့သည် တိုင်းပြည်မှ ခွဲထွက်လိုကြကြောင်း၊ နောက်ဆုံးတွင် ရက်စက်သည့် စစ်ပွဲအဖြစ်ကို ဦးတည်ခဲ့ကြောင်း။ တမီးလ်တိုက်ဂါး သီရိလင်္ကာများ၏ ခေါင်းဆောင်မှု အပိုင်းသည် ပညာသင်ကြား ထားကြပြီး  ရည်မှန်းချက် ကြီးမားသူများ ဖြစ်ကြောင်း၊ ၂ဝဝ၉ ခုနှစ်အထိ   မည်သူမှ  မထိရဲသည့် အနေအထား ရှိခဲ့ကြောင်း၊ အဖွဲ့ အစည်း အဖြစ် ဖွဲ့စည်းထားပြီး တရားစီရင်ရေး၊ ဘဏ္ဍာရေးတို့ပါ စနစ်တကျ တည်ဆောက် ထားကြောင်း၊ တစ်ကမ္ဘာလုံးက ထောက်ပံ့နေမှုများလည်း ရှိပြီး တစ်ကမ္ဘာလုံးတွင် တရားဝင် စီးပွားရေးများ ရှိကြောင်း၊  အမျိုးသမီး အကြမ်းဖက် တိုက်ခိုက်ရေး သမားများလည်း ရှိပြီး Suicide တပ်ဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း။ ၂ဝဝ၉ ခုနှစ် မေလတွင် သီရိလင်္ကာတပ်ဖွဲ့က အင်အားအပြည့်ဖြင့် ချေမှုန်းခဲ့ရာ ၎င်းတို့၏ ခေါင်းဆောင် သေဆုံးသွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် တပ်က အောင်မြင်သွားခြင်းမှာ Strong Political Will ကြောင့် ဖြစ်ကြောင်း၊ Political Leadership Team တစ်ခုတည်းအနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ Military Structure ကိုလည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ တမီးလ်တိုက်ဂါး များအား ခွဲထွက်ခွင့်ကို လက်မခံဘဲ ငြိမ်းချမ်းရေး စကားဝိုင်းဆီကို ဦးတည်စေခဲ့ကြောင်း၊ ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ တမီးလ်တိုက်ဂါးများနှင့် ဆွေးနွေးခဲ့ပြီး ခွဲထွက်ကာ တမီးလ်တိုက်ဂါး အဖွဲ့နှစ်ဖွဲ့မှာ အစိုးရ အဖွဲ့ကို ထောက်ခံလာကြောင်း၊ ငြိမ်းချမ်းရေး မအောင်မြင်ရခြင်းမှာ တမီးလ်တိုက်ဂါးများက ငြိမ်းချမ်းရေး မလိုလားဘဲ ငြိမ်းချမ်းရေး စကားဝိုင်း လုပ်ဆောင် နေချိန်တွင် ၎င်းတို့အဖွဲ့ ခိုင်မာအားကောင်းရေးကို ပိုမိုဆောင်ရွက် ခဲ့သောကြောင့်ဖြစ်ကြောင်း။ မအောင်မြင်ခြင်း၏ နောက်အချက် တစ်ချက်သည် မီဒီယာကြောင့် ဖြစ်ကြောင်း၊ နှစ်ဖက် စလုံးက မီဒီယာကို အလိုကျ အသုံးပြုခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဆက်သွယ်ရေး နည်းလမ်းမရှိဘဲ ဟန်ပြသာ ဖြစ်ခဲ့သည့်အတွက် အောင်မြင်မှု မရှိခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာပြည်တွင်လည်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတာ ရှိကြောင်း၊ သီရိလင်္ကာ နိုင်ငံ၏ အဖြစ်အပျက်ကို နမူနာယူပြီး သင်ခန်းစာ ယူစေလိုကြောင်း ဆွေးနွေးသည်။ ဂျာမနီနိုင်ငံ  နိုင်ငံရေး သိပ္ပံတက္ကသိုလ်မှ Prof. Dr. Aurel Croissantu က ဥရောပတိုက်တွင် လူနည်းစုနှင့် လူများစုများ ကြားတွင် ပဋိပက္ခများ ရှိနေသကဲ့သို့ စကော့တလန်၊ စပိန်နှင့် အီတလီနိုင်ငံ မြောက်ပိုင်းတွင်လည်း ထိပ်တိုက်ရင်ဆိုင်မှုများ၊ လူမျိုးရေးဆိုင်ရာ အတိုက်အခံများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဘော့စနီးယား၊ ဥရောပနှင့် အာရှတွင် ဖြစ်ပေါ်နေသည့် စစ်ပွဲများသည်  ပြည်တွင်းစစ်နှင့် လူမျိုးစုများကြား ပဋိပက္ခများ ဖြစ်ကြောင်း၊ ပဋိပက္ခများတွင် ဘာသာရေးနှင့် ပတ်သက်သည့် ပဋိပက္ခသည် ဒုတိယ အဆင့်တွင်ရှိနေကြောင်း၊ ဘာသာရေးနှင့် လူမျိုးရေးကို ကိုယ်စားပြု၍ ဖြစ်နေကြကြောင်း။ ငြိမ်းချမ်းရေးကို အဓိပ္ပာယ် ဖွင့်ဆိုမည် ဆိုပါက Positive Peace နှင့် Negative Peace ဟူ၍ နှစ်မျိုးရှိကြောင်း၊ Negative Peace တွင် ငြိမ်းချမ်းရေး ဆိုသည်မှာ စစ်မရှိရဟူ၍ ဖြစ်ကြောင်း၊ စစ်မဖြစ်ခြင်းကို ငြိမ်းချမ်းရေးဟု ပြောမည်ဆိုပါက ကျဉ်းမြောင်းသည့် အဓိပ္ပာယ်ဖြစ်ကြောင်း၊ Positive  Peace ရရန်သည် ခက်ခဲတတ်ကြောင်း၊ Positive Peace တွင် အခြေခံအုတ်မြစ် သုံးခုရှိကြောင်း၊ Economic and Social Development ၊ Justice နှင့် Freedom ဟူ၍ သုံးခုရှိကြောင်း၊ ယင်းတို့ကို တစ်ပြိုင်နက်တည်း

ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ Positive Peace ရေရှည်တည်တံ့ရန် အတွက် Rule of Law လိုအပ်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ၊ Social Justice နှင့် Tolerance တို့ လိုအပ်မည် ဖြစ်ကြောင်း၊ ထိုအချက်များ ပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ Rule of Law ၊ ဒီမိုကရေစီ၊ သည်းခံမှု၊ Dialogue ဆွေးနွေးခြင်းတို့ ပါဝင်ကြောင်း၊ ထိုအချက်များတွင် ဆွေးနွေးခြင်းသည် အဓိက အကျဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် Civil Society ကို တည်ဆောက်မည် ဆိုပါက Dialogue ဆိုသည့် ဆွေးနွေးမှု မရှိဘဲ မဖြစ်နိုင်ကြောင်း၊  Positive   Peace ကို ဆက်လက် ဆွေးနွေးလိုကြောင်း၊ Ethnic Conflict များက ပိုမိုကြာပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် ပိုမိုခက်ခဲကြောင်း။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဓိက ငါးချက်ပါဝင်ကြောင်း၊ နှစ်ဖက်စလုံးက တိုက်ပွဲတွင် ပါဝင်နေသူများကို လက်နက်များ သိမ်းပြီး လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်း ပေးခြင်း၊ အခွင့်အလမ်းများ ဖန်တီးပေးခြင်း တို့ကို ဆောင်ရွက်ပေးသင့်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အသိပညာပေးရမည် ဖြစ်ကြောင်း၊ Rule of Law တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးကြောင်း၊ တရားဥပဒေ စိုးမိုးမှု ရရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ Peace Economy အဖြစ် ပြောင်းလဲပေးရမည် ဖြစ်ကြောင်း၊ နောက်ဆုံးအချက် အနေဖြင့် လူမျိုးစုပေါင်းများစွာ ပါဝင်နေသည့် နိုင်ငံဖြစ်ပါက ပဋိပက္ခ ဖြစ်နေသည့် အဓိက အချက်များကို ရှာဖွေရမည် ဖြစ်ကြောင်း၊ ကိုင်တွယ်ဖြေရှင်းရမည့် မူဝါဒများကို ချမှတ်ပေးရမည် ဖြစ်ပြီး ရေရှည်တည်တံ့သည့်  ငြိမ်းချမ်းရေးကို ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။ အာဏာခွဲဝေခြင်းတွင် နှစ်ခုရှိကြောင်း၊ Power Sharing ကို ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး အတွက်သာမက ကောင်းမွန်သည့် အုပ်ချုပ်ရေးဖြစ်အောင်   ပြုလုပ်နိုင်ရန် ဖြစ်ကြောင်း၊ အာဏာမျှဝေမှုသည် တစ်တိုင်းပြည်လုံး သင့်လျော်သည့် ပုံစံဖြစ်ရမည် ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်သည့် အရင်းအမြစ်များနှင့် နယ်မြေများကို   မည်သို့ထိန်းချုပ်မည် ဆိုသည်ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာသူများက စစ်ပွဲများမှ ငြိမ်းချမ်းရေးဆီသို့ အသွင်ကူးပြောင်းခြင်း ကဏ္ဍနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ ထို့နောက် မွန်းလွဲ ၂ နာရီခွဲတွင် အဆိုပါ ခေါင်းစဉ်ဖြင့် မျက်နှာစုံညီ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ငြိမ်းချမ်းရေး ကော်မရှင်မှ ဦးကျော်လင်းဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး ကော်မရှင်မှ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ Center For Affair Studiesမှ ဦးအေးမောင်ကျော်နှင့် ငြိမ်းဖောင်ဒေးရှင်းမှ Daw Ja Nan Lahtaw တို့က မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စစ်ပွဲများမှ ငြိမ်းချမ်းရေးဆီသို့ အသွင်ကူးပြောင်းခြင်း ကဏ္ဍ ခေါင်းစဉ်အပေါ် ဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက် လာသူများက စစ်ပွဲများမှ ငြိမ်းချမ်းရေးဆီသို့ အသွင်ကူးပြောင်းခြင်း ကဏ္ဍနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition) ၏ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် မီဒီယာ အခန်းကဏ္ဍ ဆွေးနွေးပွဲကို ယနေ့ညနေ ၄ နာရီခွဲတွင် ကျင်းပရာ မျက်နှာစုံညီ ဆွေးနွေးမှု အစီအစဉ်တွင် DW Akademie မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Isabella Kurkowski က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာတိုင်းမ် အယ်ဒီတာချုပ် Mr. Kavi Chongkittavorn ၊ မီဒီယာ လွတ်လပ်ခွင့် ပြည်ပကျွမ်းကျင် ပညာရှင် Mrs. Dunja Mijatovic နှင့် မြန်မာသတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းတို့က မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် မီဒီယာ အခန်းကဏ္ဍ ခေါင်းစဉ်အပေါ် ဆွေးနွေးကြသည်။ မြန်မာတိုင်းမ် အယ်ဒီတာချုပ် Mr. Kavi Chongkittavorn က မီဒီယာသည် တိုင်းပြည်၏ ရန်သူမဟုတ်ကြောင်း၊ ခင်မင်ရင်းနှီးမှု ရှိရမည်ဖြစ်ကြောင်း၊ ယင်းကိုနားလည်ရန် လိုကြောင်း၊  ယခင်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ မီဒီယာ ကဏ္ဍကို သေချာစွာ သတ်မှတ်ထားပြီး အပြည်ပြည်ဆိုင်ရာက အသိအမှတ် ပြုထားသည့် မီဒီယာကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခဲ့ကြောင်း၊ ယင်းမှာ ထူးခြားသည့် တိုးတက်မှုဖြစ်ကြောင်း၊  တခြားတိုင်းရင်းသား လူမျိုးစုများက ယုံကြည်သည့် မီဒီယာဖြစ်သည့် အတွက် ပြုပြင်ပြောင်းလဲ ရေးသည် ထင်ဟပ်စေခဲ့ကြောင်း။ မြန်မာနိုင်ငံအတွက် တိုင်းပြည်၏ အသံကို နိုင်ငံတကာသို့ ဖော်ပြနိုင်ရန် အရေးတကြီး လိုအပ်နေကြောင်း၊ မီဒီယာ ပေါ်လစီအတွက် Mindset ကို ပြောင်းလဲရမည် ဖြစ်ကြောင်း၊ Access to Information ကို နိုင်ငံသားတိုင်း ရပိုင်ခွင့်ရှိပြီး သတင်းသမား အတွက်သာ ရရှိသည့် အထူးအခွင့်အရေး မဟုတ်ကြောင်း၊ Diversity သည် အင်အားသာဖြစ်ကြောင်း၊ Diversity နှင့်ပတ်သက်၍ သတင်းရေးသား ဖော်ပြမှုများရှိရမည် ဖြစ်ကြောင်း၊ မီဒီယာနှင့် ဆက်စပ်နေသူများသည် မီဒီယာကို ကောင်းမွန်စွာ ထိန်းညှိ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သတင်းသမား များသည် ပြည့်စုံသည့်သူများ မဟုတ်သည့် အတွက် အမှားရှိနိုင်ကြောင်း၊ သို့သော် သတင်းသမားများ အနေဖြင့် မှန်ကန်မှု ရှိစေရန် ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။ မီဒီယာ လွတ်လပ်ခွင့်  ပြည်ပကျွမ်းကျင် ပညာရှင် Mrs. Dunja Mijatovic က မြန်မာနိုင်ငံကဲ့သို့ အသွင်ကူးပြောင်းစ နိုင်ငံများတွင် တွေ့ကြုံရသည့် အခြေအနေများကို နားလည်ကြောင်း၊ အကူးအပြောင်းကို တည်ဆောက်ရသည်မှာ ခက်ခဲကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေသည် အခြားနိုင်ငံများ၏ အခြေအနေနှင့် ကွဲပြားမှုရှိကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အတွက် မီဒီယာ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ မီဒီယာသည် ရန်သူမဟုတ်ကြောင်း၊ မိတ်ဆွေသာ ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မီဒီယာကို အသုံးချနိုင်ရမည် ဖြစ်ကြောင်း၊ မီဒီယာနှင့် ပတ်သက်၍ Regulation များကိုလည်း တည်ထောင်ရမည်ဖြစ်ပြီး Code of Conduct ကို လိုက်နာစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် မီဒီယာသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မီဒီယာ အနေဖြင့် အစိုးရကို ထောက်ခံရမည်ဟု မဆိုလိုသော်လည်း ပါဝင်ကူညီ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မီဒီယာ၏ လွတ်လပ်ခွင့်ကိုလည်း အစိုးရက ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ အချင်းချင်း ယုံကြည်မှုသည် အရေးကြီးပြီး အတူတကွ ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မီဒီယာများ အနေဖြင့် ခိုင်မာမှု ရှိစေရန် ကြိုးစားရမည် ဖြစ်ကြောင်း၊ မီဒီယာသည် လူ့အဖွဲ့အစည်း အတွင်း ပြဿနာများ ပေါ်ပေါက်စေရန်  လုပ်ဆောင်ခဲ့သည်များကို လေ့လာတွေ့ရှိရကြောင်း၊ ပြည်သူအတွက်လည်း အကျိုးမရှိ နိုင်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းမျိုးသည် Freedom of Experssion ဟူ၍ မဆိုနိုင်ကြောင်း၊ မီဒီယာ ဆိုသည်မှာ လူ့အဖွဲ့အစည်းကို အကျိုးပြုရမည် ဖြစ်ကြောင်း၊ အစိုးရဘက်မှ အခြေအနေ အားလုံးကို ပွင့်လင်းစွာ မီဒီယာကို ပြောကြားရန် လိုအပ်သကဲ့သို့ မီဒီယာ ဘက်မှလည်း အခြေအနေမှန်ကို ဖော်ပြရန် လိုအပ်ကြောင်း ဆွေးနွေးသည်။

မြန်မာသတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက တိုင်းပြည်တော်တော် များများတွင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံတွင်  အခြား တိုင်းပြည်များထက် ပိုမိုရင်ဆိုင်ရကြောင်း၊ နိုင်ငံတကာ၏ အာရုံစိုက်မှုကိုလည်း ခံရကြောင်း၊  ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် မီဒီယာ ကဏ္ဍကို ကြည့်မည်ဆိုပါက မီဒီယာက စတုတ္ထမဏ္ဍိုင် ဖြစ်ပြီး မဏ္ဍိုင်သုံးခုကို ထိန်းညှိရကြောင်း၊ မီဒီယာ၏ တာဝန်ဝတ္တရားသည် အရေးကြီး သကဲ့သို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်မှုကလည်း အရေးကြီးကြောင်း။ မီဒီယာ၏ တာဝန်ဝတ္တရားသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပိုမိုချောမွေ့စေရန် ဖြစ်နိုင်သမျှ ငြိမ်းချမ်းအောင် ဆောင်ရွက်ရန် လိုကြောင်း၊ မီဒီယာ ကဏ္ဍအနေဖြင့် ပြည်သူ လူထု၏ Mindset များကို ပြောင်းရန်လိုကြောင်း၊ မြန်မာမီဒီယာ၏ လက်ရှိတာဝန် ဝတ္တရားသည် International Image ကိုလုံခြုံအောင် ဆောင်ရွက်ရန်လိုကြောင်း၊ Ethnic နှင့် ပတ်သက်၍ နိုင်ငံတကာတွင် ဖော်ပြနေသည့် Report များသည် Sensitive Issue များကို  သတင်းယူနေကြောင်း၊ အပြည်ပြည်ဆိုင်ရာ အာရုံစိုက်မှုကို ဆွဲဆောင်နေကြောင်း၊ ဒေသတွင်း မီဒီယာက မလွှမ်းမိုးနိုင်သည့် အတွက် နိုင်ငံတကာ အသိုက်အဝန်းက တကယ့် အခြေအနေကို  နားလည်အောင် မလုပ်နိုင်ကြောင်း၊ မီဒီယာ လွတ်လပ်ခွင့် မရှိသည့် အတွက်ဖြစ်ကြောင်း၊ အတွေ့အကြုံနှင့် Professional Skill မရှိသည့် အတွက်ဖြစ်ကြောင်း။ ဥပဒေအချို့သည်  ဂျာနယ်လစ်များကို ခြိမ်းခြောက်နေကြောင်း၊ အစိုးရ ဌာနများမှ သတင်းရယူ ရေးသည်လည်း ဂျာနယ်လစ်များ အတွက် အခက်အခဲ ဖြစ်နေကြောင်း၊ အဟန့်အတား ဖြစ်နေသည့် ဥပဒေများကို ဖျက်သိမ်းနိုင်ရေးနှင့် ဥပဒေ အသစ်များကို ရေးဆွဲပြီး ဂျာနယ်လစ်များကို ပံ့ပိုးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ မီဒီယာ ကဏ္ဍကို တဖြည်းဖြည်း တိုးတက်အောင်  ဆောင်ရွက်နေကြောင်း၊ ဒီိမိုကရေစီ အသွင်ကူးပြောင်းရေး တွင်သာမက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လုံခြုံအောင် မီဒီယာက ဆောင်ရွက်နိုင်ကြောင်း၊ မီဒီယာများ အနေဖြင့် Professional ဖြစ်အောင် ကြိုးစားရမည် ဖြစ်ကြောင်း ဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများက  ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

Read 76 times Last modified on Sunday, 13 August 2017 06:56