SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်

Wednesday, 15 November 2017 10:02 font size decrease font size decrease font size increase font size increase font size

မနီလာ (ဖိလစ်ပိုင်) နိုဝင်ဘာ ၁၄

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် အကြိမ်(၂ဝ)မြောက် အာဆီယံ+ ၃ ထိပ်သီး အစည်းအဝေး၊ နှစ်(၄ဝ)ပြည့် အထိမ်းအမှတ် အာဆီယံ-ကနေဒါ ထိပ်သီး အစည်းအဝေး၊ နှစ်(၄ဝ)ပြည့် အထိမ်း အမှတ် အာဆီယံ-အီးယူ ထိပ်သီး အစည်းအဝေး၊ (၁၂)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေး၊ (၁၅)ကြိမ်မြောက် အာဆီယံအိန္ဒိယ ထိပ်သီးအစည်း အဝေး၊ ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ASEAN သဘော တူညီ ချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားနှင့် အာဆီယံ ဥက္ကဋ္ဌရာထူး လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားတို့သို့ တက်ရောက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာရစ် ချက်တေလာဆွန်အား ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် မနီလာမြို့ Philippines International Convention Centre (PICC) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မနီလာမြို့ Philippines International Convention Centre (PICC) ၌ကျင်းပသည့် အကြိမ် (၂ဝ)မြောက် အာဆီယံ+ ၃ ထိပ်သီး အစည်းအဝေး၊ နှစ်(၄ဝ)ပြည့် အထိမ်းအမှတ် အာဆီယံ-ကနေဒါ ထိပ်သီး အစည်းအဝေးနှင့် နှစ်(၄ဝ)ပြည့် အထိမ်းအမှတ် အာဆီယံ-အီးယူထိပ်သီး အစည်းအဝေးတို့သို့ တက်ရောက်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ မှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများအား ဖိလစ်ပိုင် သမ္မတနိုင်ငံ သမ္မတ မစ္စတာရိုဒရီဂို ဒူတာတေးက တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် (၁၂)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးနှင့် (၁၅)ကြိမ်မြောက် အာဆီ ယံ-အိန္ဒိယ ထိပ်သီး အစည်းအဝေးတို့သို့ တက်ရောက်သည်။ ညပိုင်းတွင် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့် အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ASEAN သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနား၊ (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ပိတ်ပွဲအခမ်းအနားနှင့် စင်ကာပူနိုင်ငံသို့ အာဆီယံဥက္ကဋ္ဌ ရာထူးလွှဲပြောင်းပေး အပ်ခြင်း အခမ်းအနားတို့သို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အာဆီယံ ခေါင်းဆောင်များသည် အလုပ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ASEAN သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ၂ဝ၁၇ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင် သမ္မတ နိုင်ငံ သမ္မတ မစ္စတာရိုဒရီဂို ဒူတာတေးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ၂ဝ၁၈ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်မည့် စင်ကာပူသမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းထံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်နှင့် အဆောင်အယောင်တူငယ်ကို လွှဲပြောင်း ပေးအပ်သည်။

ယင်းနောက် စင်ကာပူသမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ အစည်းအဝေးပွဲများ၊ ပိတ်ပွဲအခမ်းအနားနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်း ပေးအပ်ပွဲတို့သို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီး ယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များ၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာ ၁၃ ရက်ညပိုင်းတွင် မနီလာမြို့ Philippines International Convention Centre (PICC) ၌ကျင်းပသည့် အာဆီယံ + ၃ ခေါင်းဆောင်များနှင့် အရှေ့အာရှ စီးပွားရေး ကောင်စီ မျက်နှာစုံညီ တွေ့ဆုံပွဲ၊ (၉)ကြိမ် မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးနှင့် (၉)ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်း အဝေးတို့သို့ တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guterres အား နိုဝင်ဘာ ၁၃ ရက် ညပိုင်းတွင် မနီလာမြို့ Philippines International Convention Centre (PICC) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။တွေ့ဆုံစဉ် ရခိုင်ပြည်နယ်၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အကြံပြုချက်အပေါ် ကုလသမဂ္ဂ အနေဖြင့် ပါဝင်အကူ အညီပေးနိုင်မှု အခြေအနေတို့ကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

Read 27 times Last modified on Wednesday, 15 November 2017 10:04