SJ WorldNews - шаблон joomla Авто

ဆောင်းရာသီ ရောက်ရှိလာသဖြင့် နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်း၌ အပန်းဖြေသူများဖြင့် စည်ကား

Wednesday, 15 November 2017 09:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁၄

ယခုကာလသည် ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့်  နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း၌  အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း   နေပြည်တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါအပန်းဖြေစခန်းသို့ လာရောက်သူများသည် ရေပူစိမ်သူများ၊ လာရောက်လေ့ လာသူများ၊  အပန်းဖြေလိုသူများ ဖြစ်ကြပြီး မိသားစုလိုက်သော် လည်းကောင်း၊ အဖွဲ့လိုက်ဖြင့်သော် လည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်းသော် လည်းကောင်း လာရောက်ကြခြင်းဖြစ်သည်။

ရေပူစမ်းမှထွက်ရှိသော ရေသည် အပူချိန် ၉၈  ဒီဂရီစင်တီဂရိတ်ရှိပြီး  တစ်နာရီလျှင် ဂါလန် ၈ဝဝဝ မှ ၁ဝဝဝဝ အထိထွက်ရှိကာ ကြက်ဥများကို သုံးမိနစ်ခန့် ထိုရေပူတွင်စိမ်၍ စားနိုင်ကြောင်း သိရသည်။

''ရေပူကန်ထဲကိုစိမ်လိုက်တာနဲ့ အညောင်းအညာတွေ ပြေသွားတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွ သွားသလိုခံစားရတယ်။ ဆောင်းရာသီဆိုတော့ ပိုပြီးစိမ်လို့ကောင်းတယ်။ မနှစ်က ဆောင်းရာသီလာတုန်းကထက် ဝန်ဆောင်မှုတွေလည်း ပိုကောင်းလာတာ တွေ့ရတယ်''ဟု နေပြည်တော်မှ ကိုရဲမင်းနိုင်က ပြောသည်။

နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်းတွင် သဘာဝအလျောက် ရေပူများ ထွက်ရှိနေသော နေရာသုံးခုရှိပြီး ၎င်းနေရာများမှ ထွက်ရှိသောရေပူများကို ရေပူစီးကြောင်းတစ်ခုဖြင့် စုပြီးရေပူစုကန်ထဲ ပေါင်းထည့်ထားသည်။ ထိုကန်မှတစ်ဆင့် အမျိုးသား၊ အမျိုးသမီးသီးသန့် နှစ်ခန်းတွဲ ရေကန်နှစ်ကန်တွင် မိသားစုအလိုက် သီးခြားအပန်ဖြေနိုင်ရန် စီစဉ်ထားပြီး ပြင်ပရေစိမ်ကန် နှစ်ကန်တွင်လည်း အများပြည်သူများ အပန်းဖြေအသုံးပြုနိုင်ရန် စီစဉ်ထားသည်။ ဝန်ဆောင်ခအနေဖြင့် ဝင်ကြေးအဖြစ် လူတစ်ဦးလျှင် ငွေကျပ် ၅ဝဝ ၊ ကားတစ်စီးလျှင် ငွေကျပ် ၂ဝဝဝ၊ ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၅ဝဝ ဖြင့် ကောက်ခံပြီး ပြင်ပစုပေါင်း ရေစိမ်ကန်တွင် အခကြေးငွေမယူဘဲ သီးခြားရေစိမ်ကန်များတွင် တစ်ဦးလျှင် တစ်နာရီ ငွေကျပ် ၁ဝဝဝ နှုန်းကောက်ခံကြောင်း သိရသည်။

အဆိုပါရေပူစမ်း အပန်းဖြေစခန်းသည် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၂၇၁/၄ မိုင်ရှိ ကင်းသာလမ်းခွဲမှ ပင်လောင်းအတိုင်း ဆက်လက်သွားလျှင် တောင်ကျရွာအလွန်ရှိ မိုင်တိုင်အမှတ် ၂၄/၄ မှ လမ်းခွဲ အတိုင်း ၁ မိုင် ၆ ဖာလုံခန့် ကတ္တရာလမ်းအတိုင်း သွားလျှင် နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်းကို ရောက်ရှိမည်ဖြစ်သည်။ ထို့ပြင် တောင်ကျရွာအနီးရှိ ဆင်ထိန်းသိမ်းရေး စခန်းမှ အပျော်စီးဆင်များကိုလည်း စီးနိုင်မည်ဖြစ်သည်။ ယင်းရေပူစမ်းအပန်ဖြေစခန်းတွင် ဒေသထွက်ကုန်များဖြစ်သည့် မျှစ်ချဉ်၊ ဖာလာ၊ နနွမ်းခါး၊ တညှင်းသီး၊ ငှက်ပျောသီး၊ ပျားရည်၊ သစ်ခွပန်းနှင့် ဆေးဖက်ဝင် သစ်ဥသစ်ဖုများကို ဝယ်ယူနိုင်မည်ဖြစ်ပြီး တောင်ပေါ်ဒေသ တိုင်းရင်းသားများဖြစ်သည့် ရှမ်း၊ ကယန်း၊ ကယား၊ ကရင်လူမျိုးများ၏ ယဉ်ကျေးမှုဓလေ့စရိုက်များကိုလည်း  လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 24 times Last modified on Wednesday, 15 November 2017 09:11