SJ WorldNews - шаблон joomla Авто

နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး စစ်ကိုင်းတိုင်း ဒေသကြီးရှိ ဒေသ ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေး

Wednesday, 15 November 2017 08:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁၄

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင် ဦးဆောင်သည့် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့က စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ဗန်းမောက်၊ ကသာ၊ ပင်လည်ဘူးမြို့နယ်တို့၌ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (ဗန်းမောက်)၌ ဆောင်ရွက်လျက်ရှိသော လက်ထောက်ညွှန်ကြားရေးမှူး နေအိမ်နှင့် လေးခန်းတွဲဝန်ထမ်းနေအိမ် တည်ဆောက်နေမှုအား လည်းကောင်း၊ ထိုမှတစ်ဆင့် ဝန်းသို-ဗန်းမောက်လမ်း (၅/၁) မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား   သတ်မှတ် အချိန် ကာလအတွင်း ပြီးစီးရေးနှင့် အရည်အသွေး စံချိန်စံညွှန်းကောင်းမွန်အောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

 ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ကသာ)သို့ရောက်ရှိပြီး ရုံးတည်ဆောက်ထားရှိမှု၊ လက်ထောက်ညွှန်ကြားရေးမှူး နေအိမ်နှင့် နှစ်ခန်းတွဲဝန်ထမ်း အိမ်ရာ တည်ဆောက် ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း(ကသာ)  တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး  တာဝန် ရှိသူများအား လိုအပ်သည်များမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပင်လည်ဘူး)သို့ ရောက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။ ဆက်လက်၍ ကျောင်းဝင်းအတွင်းရှိ ကျောင်းသားအိပ်ဆောင်၊  ကျောင်းသူအိပ်ဆောင်၊ စားရိပ်သာ ၊ စားဖိုဆောင်၊ ရေချိုးခန်းအိမ်သာနှင့် ရာသီသီးနှံစိုက်ခင်း စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။  ယင်းနောက် မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ပင်လည်ဘူး)သို့ ရောက်ရှိပြီး လက်ထောက်ညွှန်ကြားရေးမှူး နေအိမ်နှင့် လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ တည်ဆောက် ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

Read 16 times Last modified on Wednesday, 15 November 2017 08:54