SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်

Tuesday, 14 November 2017 09:16 font size decrease font size decrease font size increase font size increase font size

မနီလာ(ဖိလစ်ပိုင်) နိုဝင်ဘာ ၁၃

ဖိလစ်ပိုင်နိုင်ငံ   မနီလာမြို့၌  ရောက်ရှိနေသည့်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  ယနေ့တွင် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား၊ (၃၁) ကြိမ်မြောက် အာဆီယံ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေး (Plenary Session)၊ အာဆီယံ ခေါင်းဆောင်များနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီ  မျက်နှာစုံညီတွေ့ဆုံပွဲ(ASEAN BAC)၊ နှစ်(၄ဝ)ပြည့် အထိမ်းအမှတ် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၊ (၂ဝ)ကြိမ်မြောက် အာဆီယံ- တရုတ်ထိပ်သီး အစည်းအဝေး၊ (၁၉)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီး အစည်းအဝေးနှင့် (၂ဝ)ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီး အစည်းအဝေးတို့သို့ တက်ရောက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် မနီလာမြို့ Cultural Center of   the Philippines(CCP) ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ဒူတာတေးနှင့်ဇနီးတို့က ဖွင့်ပွဲအခမ်းအနားနှင့် ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အာဆီယံနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက် လာကြသည့် မိတ်ဖက်နိုင်ငံများမှ နိုင်ငံအကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲများအား Cultural Center of the Philippines(CCP) အဝင်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဖွင့်ပွဲအခမ်းအနားမစတင်မီ နိုင်ငံအကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲများသည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ အစီအစဉ်အရ အခမ်းအနားကို အာဆီယံ အထိမ်းအမှတ် သီချင်းဖြင့် ဖွင့်လှစ်ပြီး အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်  မနီလာမြို့  Philippines Interna-tional Convention Centre (PICC)၌ ကျင်းပသည့်  (၃၁)ကြိမ်မြောက် အာဆီယံ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေး (Plenary Session) သို့တက်ရောက်ရာ အစည်းအဝေး မစတင်မီ  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး  အစည်းအဝေးသို့ တက်ရောက်သည်။

(၃၁)ကြိမ်မြောက် အာဆီယံမျက်နှာစုံညီ ထိပ်သီးအစည်းအဝေး (Plenary Session) အပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုသ်ချန်အိုချာနှင့်  မနီလာမြို့ Philippines International Convention Centre (PICC) ရှိ ဧည့်ခန်းမ၌ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်  အာဆီယံ ခေါင်းဆောင်များနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီ မျက်နှာစုံညီတွေ့ဆုံပွဲ (ASEAN BAC) သို့ တက်ရောက်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Philippines International Convention Centre (PICC)ရှိ Summit Hall ၌ ကျင်းပသည့် နှစ်(၄ဝ)ပြည့် အထိမ်းအမှတ် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၊ (၂ဝ)ကြိမ်မြောက်   အာဆီယံ-တရုတ် ထိပ်သီးအစည်း အဝေး၊ (၁၉)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးနှင့် (၂ဝ)ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီး အစည်းအဝေးတို့သို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားနှင့် အစည်းအဝေးပွဲများသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

Read 31 times Last modified on Tuesday, 14 November 2017 09:20