SJ WorldNews - шаблон joomla Авто

မောင်တော ဒေသ အခြေခံ အဆောက်အဦများ ပြန်လည်ပြုပြင် တည်ဆောက်ရေးနှင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည်နေရာ ချထား ပေးနိုင်ရေး မြေပြင်ကွင်းဆင်းကြည့်ရှု

Wednesday, 13 September 2017 09:23 font size decrease font size decrease font size increase font size increase font size

စစ်တွေ      စက်တင်ဘာ     ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်သည် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင်  မောင်တောဒေသ ပြန်လည်ပြုပြင် တည်ဆောက် ရေးနှင့်  နေရပ်စွန့်ခွာတိမ်းရှောင်သူများ ပြန်လည်နေရာချ ထားပေးနိုင်ရေး မြေပြင်ကွင်းဆင်း ကြည့်ရှုနိုင်ရန် စစ်တွေမြို့မှ  ဘူးသီးတောင်မြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက် ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား   မောင်တောမြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးအောင်ကျော်ဇောနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီးARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများတိုက်ခိုက်မှုကြောင့်   ပျက်စီးသွားသောလမ်း၊ တံတားများနှင့် နယ်စပ်ပတ်လမ်း အခြေအနေ များကို မြေပုံ နှင့်တကွ ရှင်းလင်းပြသသည်။

 ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော နှင့်အတူ ဘူးသီးတောင်-ငါးကျည်တောက်-ကထီးလှ-ပြင်ခေါင် လမ်းပိုင်းပေါ်ရှိ ပြုပြင်မွမ်းမံ ပေးရမည့် လမ်းပိုင်းနှင့် ပြုပြင် ဆောက်လုပ်ပေးရမည့်   တံတားများ၏အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ငါးကျည်တောက်ကျေးရွာတွင် အစ္စလာမ် ဘာသာဝင်များအား နယ်မြေတည်ငြိမ် ရေးအတွက် ငြိမ်းချမ်းစွာ နေထိုင်ရေး တွေ့ဆုံဆွေးနွေးမှာကြားသည်။

 ထို့နောက် ဘူးသီးတောင်မြို့နယ် ငါးရံ့ချောင်းကျေးရွာ အုပ်စု တောင်ဘဇာအထက်တန်းကျောင်း၌ ခေတ္တ နေရပ် စွန့်ခွာတိမ်းရှောင်ရာမှ ပြန်လည်ရောက်ရှိလာသော ဒေသခံ ပြည်သူများအား တွေ့ဆုံအားပေး စကား ပြောကြားပြီး စားနပ် ရိက္ခာများ ကူညီ ထောက်ပံ့ပေးသည်။

ညနေပိုင်းတွင် မောင်တောဒေသ မြောက်ပိုင်း တောင်ပြိုဝဲ မြို့သို့ရောက်ရှိကာ နတလကျေးရွာများတွင် နေထိုင်သော တိုင်းရင်းသားများအား တွေ့ဆုံ အားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ယင်းနောက် တောင်ပြိုဝဲမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌  ခေတ္တခိုလှုံရောက်ရှိနေသော ဒေသခံ များအား နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်၍ မိမိနေရပ်၊ မိမိနေအိမ်များသို့ မိသားစုအလိုက် စည်းစည်း လုံးလုံးပြန်လည်သွားရောက် နေထိုင်နိုင်ရေး နှစ်သိမ့်အားပေး စကားပြောကြားကာ စားနပ်ရိက္ခာများ ကူညီ ထောက်ပံ့ပေးသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် တောင်ပြိုဝဲ မြို့နယ်မြေ အတွင်းရှိ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် တစ်လျှောက် ခြံစည်းရိုး၊ ခြံစည်းရိုးပတ်လမ်း အခြေအနေနှင့် ချဉ်းကပ်လမ်း တို့ကို အသေးစိတ် လိုက်လံ ကြည့်ရှုကြကြောင်း သိရသည်။                                     

...........

Read 116 times Last modified on Wednesday, 13 September 2017 09:29