SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှု အားပေး

Friday, 10 August 2018 08:58 font size decrease font size decrease font size increase font size increase font size

ပခုက္ကူ    သြဂုတ်  

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဒေါက်တာမြင့်ထွေး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊  ဒုတိယဝန်ကြီး ဦးမင်းသူတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ်     ချောက်ကန်ကျေးရွာရှိ အရှေ့ချောက်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးဝိလာသအား ဖူးမြော် ကြည်ညို၍ သာသနာရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ ဆွေးနွေး လျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချောက်ကန်ကျေးရွာ ကျေးရွာဘောလုံး ကွင်း၌ကျင်းပသည့် ဒေသခံပြည်သူများနှင့် စကားဝိုင်းသို့ တက်ရောက်၍ ငြိမ်းချမ်းရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်၊ အလုပ်အကိုင် အခွင့်အလမ်း၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျေးလက်ဒေသနေ အလုပ်လက်မဲ့ ဆင်းရဲသူများအား အခြေခံအိမ်တွင်းမှုသင်တန်း၊ အဆင့်မြင့် စက်ချုပ်သင်တန်း၊ မော်တာစက်ချုပ်သင်တန်း၊ ဧည့်ကြိုဝန်ဆောင်မှုသင်တန်း၊ အိပ်ခန်းဆောင် ဝန်ဆောင်မှုသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ် သင်ကြားပေးနေမှုကို လှည့်လည်ကြည့်ရှုသည်။

ထိုသို့ကြည့်ရှုစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က သင်တန်းများသို့ တက်ရောက် သင်ကြားနေကြသည့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် မိမိတို့သင်ယူ တတ်မြောက်ထားသည့် ပညာရပ်များဖြင့် မိမိဒေသတွင် ပြန်လည်အသုံးချသွားရန် လိုအပ်ကြောင်း၊ သို့မှသာ မိသားစုဝင်ငွေကို တိုးတက်စေမည့်အပြင် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုသင်ကြားနေသည့် ဘာသာရပ်အလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားတတ်မြောက်သွားရန်  လိုအပ်ကြောင်း၊ မရှင်းလင်းသည့် အချက်များရှိပါကလည်း ဆရာ၊ ဆရာမများထံတွင် မိမိနားလည် သဘောပေါက်သည်အထိ သင်ကြားသင်ယူသွားရမည်ဖြစ်ကြောင်း အားပေးစကား ပြောကြားသည်။

အဆိုပါ သင်တန်းကျောင်းကို ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ပြီး ယနေ့အထိ စက်မှုလက်မှု၊ အိမ်တွင်းမှုကျောင်း ဝန်ထမ်း၊ အထည်ချုပ်စက်ရုံဝန်ထမ်း၊ ဟိုတယ်ဝန်ထမ်း အပါအဝင်  သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၂၃ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းဆောင်အတွင်း ခင်းကျင်းပြသထားသည့် ပခုက္ကူစက်မှုဇုန်မှ စိန်စိုးစံကုမ္ပဏီ လီမိတက်၏ သုံးရာသီ ပရိဘောဂစက်ရုံထုတ် ပရိဘောဂပစ္စည်းများကို ကြည့်ရှုအားပေးသည်။

အဆိုပါ ပရိဘောဂစက်ရုံကို ပြည်တွင်းလုပ်သားများအား ကျွမ်းကျင်သော အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင်ပေးနိုင်ရန်၊ စွန့်ပစ်ပစ္စည်းမှ တန်ဖိုးမြင့်ထုတ်ကုန် ဆန်းသစ်တီထွင်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂ဝ၁၇ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့ပြီး လုပ်သားအင်အား ၁၂၂ ဦးဖြင့် ပရိဘောဂ အချောထည်များကို ထုတ်လုပ်လျက်ရှိသည်။

ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မန္တလေးတိုင်းဒေသကြီး ကျောက် ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ခြေရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း စိုက်ပျိုးရေးခြံတွင် ဖွင့်လှစ်ထားသည့် အခမဲ့ကွန်ပျူတာ သင်တန်းကျောင်း၌ ဒေသခံလူငယ်များအား ကွန်ပျူတာပညာရပ်များ သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးသည်။

ထိုသို့ကြည့်ရှုအားပေးစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သင်တန်းသားများ၏ သင်ကြားသင်ယူနိုင်မှု အခြေအနေကို စစ်ဆေးမေးမြန်း၍ သင်တန်းသားများ အနေဖြင့် သင်ကြားပေးသည့် ဘာသာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်ရန် လေ့ကျင့်သင်ကြားသွားရမည်ဖြစ်ကြောင်း၊ မိမိတို့သင်ယူ တတ်မြောက်သည့် ဘာသာရပ်ကိုလည်း ကျွမ်းကျင်စွာပြန်လည်အသုံးချခြင်းဖြင့် ဒေသအကျိုးနှင့် နိုင်ငံအကျိုးကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း အားပေးစကား ပြောကြားသည်။

အဆိုပါ ကွန်ပျူတာသင်တန်းကျောင်းကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့၍ သင်တန်း နှစ်ကြိမ်ဖွင့်လှစ်ခဲ့ကာ သင်တန်းသား ၁၇၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး  ယခုတတိယအကြိမ်တွင် သင်တန်းသား ၉၆ ဦး တက်ရောက်လျက် ရှိကြောင်း သိရသည်။                         

(သတင်းစဉ်)

Read 51 times Last modified on Friday, 10 August 2018 08:59