SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်တို့ အကြား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ ဆွေးနွေး

Friday, 13 July 2018 09:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ လက်ထောက် အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဗျူရို၏ ညွှန်ကြားရေးမှူး ကုလသမဂ္ဂလက် ထောက်အတွင်းရေးမှူးချုပ် Mr. Haoliang Xu အား ယနေ့နံနက် ၉ နာရီခွဲတွင် လည်း ကောင်း၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများအဖွဲ့ (IOM) ၏ ညွှန်ကြား ရေးမှူးချုပ် Mr. William Lacy Swing အား နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

Mr. Haoliang Xu နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရ၊ UNDP  နှင့် UNHCR တို့ အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာ အကောင်အထည်ဖော်ရေး ကိစ္စ၊ မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုစီမံကိန်း ရေးဆွဲဆောင်ရွက်လျက် ရှိသည့်ကိစ္စ၊ ကုလ သမဂ္ဂဖွံ့ဖြိုးမှု  အကူအညီပေးရေး မူဘောင် အပြီးသတ် ရေးဆွဲနိုင်ရေးကိစ္စနှင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်တို့အကြား လက်ရှိနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

Mr. William Lacy Swing နှင့်တွေ့ဆုံစဉ် IOM ကဆောင်ရွက်လျက်ရှိသည့် ကိစ္စများ၊ ရွှေ့ပြောင်းသွားလာ နေထိုင်သူများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဘက်မှ လိုအပ်သည့် အကူအညီများကို IOMက ဆက်လက် အကူအညီပေးရေး ကိစ္စ၊ နေရပ်စွန့်ခွာသွားသူများ အား ပြန်လည်လက်ခံရေးကိစ္စ၊ မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။                    

(သတင်းစဉ်)

Read 28 times Last modified on Friday, 13 July 2018 09:10