SJ WorldNews - шаблон joomla Авто

ယနေ့ကမ္ဘာ့ လူဦးရေသည် ၇ ဒသမ ၆ ဘီလီယံခန့်ရှိနေ၊ ခရစ်နှစ် ၂၁ဝဝ တွင် ၄ ဘီလီယံ ထပ်မံတိုး လာလိမ့်မည်ဟု ခန့်မှန်းထား

Thursday, 12 July 2018 09:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်   ၁၁

၂ဝ၁၈ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများနှင့် သံတမန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွား ဆရာမများ၊ ကျောင်းသား၊  ကျောင်းသူများ၊  ကုလသမဂ္ဂအဖွဲ့အစည်း အသီးသီးမှ  ကိုယ်စားလှယ်များ၊ INGOs ၊ NGOs များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက ကမ္ဘာ့လူဦးရေ သန်း ၅ဝဝဝ ပြည့်သည့် ၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်ကို ကုလသမဂ္ဂက ကမ္ဘာ့လူဦးရေနေ့အဖြစ် ၁၉၈၉ ခုနှစ်တွင် စတင် သတ်မှတ်ခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့်  လူဦးရေဆိုင်ရာပြဿနာများကို အာရုံစိုက်မိလာစေရန်အတွက် ၁၉၉ဝ ပြည့်နှစ်မှစ၍ ''ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား'' ကို နှစ်စဉ်ကျင်းပခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့လူဦးရေနေ့၏ ဆောင်ပုဒ်မှာ ''လူ့အခွင့်အရေး အခြေခံလို့ မိသားစုစီမံကိန်းဖော်ဆောင်စို့'' ဖြစ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့်လည်း အရေးကြီးသည့်  ယခုကဲ့သို့ အထိမ်းအမှတ်နေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက် ရှိကြောင်း။

မိသားစုစီမံကိန်း ဖော်ဆောင်ခြင်းအားဖြင့် လိုချင်သည့် ကလေးအရေအတွက်ကို ရယူ နိုင်မည်ဖြစ်ပြီး သားဆက်ခြား ကာလကိုလည်း ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ မိသားစုစီမံကိန်းကို  လက်လှမ်းမီ ရယူနိုင်မည်ဆိုပါက သားဖွားမိခင် သေဆုံးမှုကို ၃ဝ ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ပြီး အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုကိုလည်း ၂၁ ရာခိုင်နှုန်း ထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသအတွင်းတွင် သားဖွားမိခင် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေပြီး ကလေးအရှင် တစ်သိန်းမွေးဖွားတိုင်း မိခင် ၂၈၂ ဦး သေဆုံးလျက် ရှိကြောင်းနှင့် နှစ်စဉ် မြန်မာနိုင်ငံတွင် မိခင် ၂၇ဝဝ ခန့်သည် ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားစဉ်တွင် သေဆုံးနေသည်ဟု စာရင်းများအရ သိရှိရကြောင်း၊ သားဖွားမိခင် သေဆုံးမှု အရေအတွက်တွင် သားပျက်/သားလျှောခြင်းကြောင့် သေဆုံး မှုရာခိုင်နှုန်းမှာ ကိုယ်ဝန်ဆောင်မိခင်များ သေဆုံးနှုန်း၏ ၁၂ ရာခိုင်နှုန်းရှိပြီး မိခင်သေဆုံးရခြင်း အကြောင်းရင်းများတွင် သားပျက်/သားလျှောခြင်းကြောင့် သေဆုံးမှုမှာ တတိယအများဆုံး ဖြစ်သည်ဟု သိရှိရကြောင်း၊ အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်း အမျိုးသမီးငယ်များသည် သားပျက်/သားလျှောနှုန်း အမြင့်ဆုံးကြုံတွေ့နေရပြီး မိခင်နှင့်မွေးကင်းစ ကလေးသေဆုံးမှုများ၊ နာမကျန်းဖြစ်မှုများကို လျှော့ချနိုင်ရန် အတွက် မိခင်နှင့်ကလေး စောင့်ရှောက်မှုနှင့် အသိပညာပေး လုပ်ငန်းအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ပြီး ယင်းနှင့်တိုက်ရိုက် ဆက်စပ်နေသည့် မိသားစု စီမံကိန်းနှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများ အရည်အသွေး ပိုမိုကောင်းမွန်အောင်နှင့် လူတိုင်းလက်လှမ်းမီအောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်ကြောင်း။

ကုလသမဂ္ဂ၏ ခန့်မှန်းတွက်ချက်မှုအရ ယနေ့ကမ္ဘာ့လူဦးရေသည် ၇ ဒသမ ၆ ဘီလီယံခန့် ရှိနေပြီဖြစ်ကြောင်း၊ ခရစ်နှစ် ၂ဝ၃ဝ တွင် နောက်ထပ် ၁ ဘီလီယံတိုးလာပြီး ခရစ်နှစ် ၂၁ဝဝ တွင် ၄ ဘီလီယံ ထပ်မံတိုးလာလိမ့်မည်ဟု ခန့်မှန်းထားကြကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုတွင် ကလေးမွေးဖွားနှုန်း မြင့်မားနေပြီး ကလေးမွေးဖွားနှုန်း မြင့်မားခြင်းသည် ဆင်းရဲမှုနှင့်ဆက်စပ်နေကြောင်း၊ ယနေ့ကာလတွင် လူဦးရေတိုးနှုန်းကို လျှော့ချရန် နည်းလမ်းများ စွာရှိနေသည့်အထဲမှ အထိရောက်ဆုံး နည်းလမ်းတစ်ခုမှာ''မိသားစုစီမံကိန်း နည်းလမ်းများ'' ကို ထိထိရောက်ရောက် အသုံးချနိုင်စေရန် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း။

၂ဝ၁၅ ခုနှစ်တွင် ကောက်ယူခဲ့သည့် မြန်မာ နိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက် စစ်တမ်းအရ အိမ်ထောင်သည် အမျိုးသမီး ၅၂ ရာခိုင်နှုန်းသည် မိသားစုစီမံကိန်းနည်းလမ်းများကို  အသုံးပြုလျက်ရှိကြောင်း၊ အဆိုပါ   ၅၂   ရာခိုင်နှုန်းအနက် ခေတ်မီနည်းလမ်း များကို အသုံးပြုမှုမှာ ၅၁ရာခိုင်နှုန်းရှိပြီး ၁ ရာခိုင်နှုန်းမှာ မိရိုးဖလာ နည်းလမ်းကိုသာ အသုံးပြုနေသည်ဟု သိရှိရကြောင်း၊ သို့သော် မျိုးဆက်ပွားနိုင်သည့် အသက်အရွယ် အတွင်းတွင်ရှိသည့်   အိမ်ထောင်သည်အမျိုးသမီး ၁၆ ရာခိုင်နှုန်းမှာ ခေတ်မီသားဆက်ခြား နည်းလမ်းများ သုံးချင်သော်လည်း အသုံးပြုနိုင်မှုမရှိခြင်း၊ အိမ်ထောင် သည် အမျိုးသမီး ၅ ရာခိုင်နှုန်းမှာ ကလေး တစ်ဦးနှင့်တစ်ဦးအကြား အချိန်အတိုင်းအတာ တစ်ခုခြားလိုခြင်း၊ အိမ်ထောင်သည် အမျိုးသမီး ၁၁ ရာခိုင်နှုန်းမှာ မွေးဖွားမှုကို ကန့်သတ် လိုခြင်း စသည့်စိန်ခေါ်မှုများစွာ ရှိနေသည်ကိုလည်း သိရှိရကြောင်း။

မိသားစုစီမံကိန်း ဖော်ဆောင်ခြင်းဖြင့် လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများကို အထောက်အပံ့ဖြစ်စေပြီး  အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများ၏ လူမှုဘဝကို လည်းမြှင့်တင် ပေးနိုင်မည်ဖြစ်ကြောင်း၊ မိသားစုစီမံကိန်းများ ဖော်ဆောင်မည်ဆိုပါက သားဖွားမိခင်များ၊  မွေးကင်းစ ကလေးငယ်များနှင့် ကလေးများ အချိန်မတိုင်မီ သေဆုံးမှုကို ကာကွယ်ပေးခြင်း၊ နာမကျန်းမှုနှင့် မသန်စွမ်းမှု အခြေအနေများကို ကာကွယ်ပေးခြင်း၊ လုပ်သားအင်အားစုတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေခြင်းမှ တစ်ဆင့် ဆင်းရဲမှုကိုလျှော့ချပေးခြင်း၊ ကလေးများတွင် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ရလဒ်ကောင်းများ ဖြစ်ထွန်းစေခြင်း၊ စာသင်ကြားခွင့် ပိုရရှိစေခြင်းဖြင့် ပညာတတ်ကလေးငယ်များ ပိုမိုများပြားလာစေခြင်း၊ ပိုမိုကျန်းမာပျော်ရွှင်သည့် မိသားစု အခြေအနေများ ဖန်တီးပေးနိုင်ခြင်း၊  မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်များနှင့် အခြားဆက်စပ်စရိတ်များ လျှော့ချနိုင်ခြင်းနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်ရေး တို့တွင်   အထောက်အပံ့ ပေးနိုင်မည်ဖြစ်ကြောင်း။

ထို့ပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်(၃)အရ ခရစ်နှစ် ၂ဝ၃ဝ ပြည့်နှစ်တွင် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီ ရရှိစေရေး၊  မိသားစုစီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များ ရရှိစေရေးနှင့် ပညာပြန့်ပွား ရေး၊ အမျိုးသားအဆင့် မဟာဗျူဟာများ၊ အစီအစဉ်များ ချမှတ်ရာတွင် မျိုးဆက်ပွား ကျန်းမာ ရေးဆိုင်ရာ အကြောင်းအရာများ ပါဝင်ရေး စသည်တို့ ရရှိစေရန်အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့ကြပြီး ဖြစ်ကြောင်း။

ယခုကဲ့သို့အခမ်းအနားမျိုး ကျင်းပရသည့်အတွက် မိသားစုစီမံကိန်း၏ အရေးပါမှုများကို သတိပြုမိလာစေပြီး အဆောတလျင်ဆောင်ရွက် သွားရမည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကတိ ကဝတ်များကို ပြန်လည်အမှတ်ရ စေနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် လူတစ်ဦးချင်းစီနှင့် ဇနီးမောင်နှံများတွင် မိသားစုအရွယ်အစား ဆုံးဖြတ်ရန်အတွက် အခွင့်အရေးရှိပြီးအဆိုပါအခွင့်အရေးမှာ  သားဖွားမိခင်များ သေဆုံးမှုနှင့် နာမကျန်းဖြစ်မှုများကို လျှော့ချရန်အတွက်  အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ မိသားစုစီမံကိန်း မြှင့်တင်ခြင်း၊သားဆက်ခြား ဆေးဝါးများ ဖြန့်ဝေခြင်း၊ ပညာပေးဆွေးနွေးခြင်းနှင့် မိသားစုစီမံကိန်းဆိုင်ရာ ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်းများကလည်း လူထုအခြေပြု အသိပညာပေး လှုပ်ရှားမှုများနှင့် ဝန်ဆောင်မှု ရရှိနိုင်သည့်နေရာများကို လမ်းညွှန်ပေးမှုများ ဆောင်ရွက်ပေးနေသည်ကို သိရှိရကြောင်း။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကို အခြေခံသည့် မိသားစု စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြနိုင်ရန် အတွက် နိုင်ငံတကာ အသိုက်အဝန်း နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပြီး လူဦးရေဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများတွင် အစိုးရနှင့်အတူ ပြည်တွင်းပြည်ပမှ ဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ကူညီ လာစေရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက ''လူ့အခွင့် အရေးအခြေခံလို့ မိသားစုစီမံကိန်း ဖော်ဆောင်စို့'' "Family  Planning  is  a  Human Right" ဆောင်ပုဒ်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှ ခေတ္တဌာနေ ကိုယ်စားလှယ် Ms. Kaori Ishikawaက ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် မိသားစုစီမံကိန်းနှင့် ပတ်သက်သည့် ဗီဒီယိုနှင့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ဖြစ်သည့် ''လူ့အခွင့်အရေး အခြေခံလို့ မိသားစုစီမံကိန်းဖော်ဆောင်စို့' "Family Planning is a Human Right"ဆောင်ပုဒ်နှင့် ပတ်သက်သည့်  Animation Video Clip တို့ ကို ပြသကြသည်။

အခမ်းအနားအပြီးတွင် ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် ပြခန်းငယ်များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။        

 (သတင်းစဉ်)

Read 42 times Last modified on Thursday, 12 July 2018 09:37