SJ WorldNews - шаблон joomla Авто

အင်္ဂလန် အသင်းရဲ့ အမြင့်ဘောတွေကို ခရိုအေးရှား ထိန်းချုပ်နိုင်ဖို့ မလွယ်

Wednesday, 11 July 2018 13:13 font size decrease font size decrease font size increase font size increase font size

၂၀၁၈  ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် သုံးသပ်ချက်

ခရိုအေးရှား အင်္ဂလန်

လုဇ်နီကီကွင်း

 ပွဲချိန်

နံနက်   ၀၀း၃၀

နောက်ဆုံးသုံးကြိမ် တွေ့ဆုံမှု

၁၀- ၉- ၂၀၀၉ အင်္ဂလန် ၅ - ၁ခရိုအေးရှား

၁၁- ၉- ၂၀၀၈ ခရိုအေးရှား    ၁ -၄ အင်္ဂလန်

၂၂-၁၁-၂၀၀၇  အင်္ဂလန် ၂ - ၁ခရိုအေးရှား

ခရိုအေးရှား နောက်ဆုံး သုံးပွဲရလဒ်

၈-  ၇- ၂၀၁၈ ရုရှား ၂-၂ ခရိုအေးရှား

၂-  ၇-  ၂၀၁၈ ခရိုအေးရှား    ၁-၁ ဒိန်းမတ်

၂၇- ၆- ၂၀၁၈ အိုက်စလန်    ၁-၂ ခရိုအေးရှား

အင်္ဂလန် နောက်ဆုံး သုံးပွဲရလဒ်

၇-  ၇- ၂၀၁၈    ဆွီဒင် ၀-၂ အင်္ဂလန်

၎-  ၇-  ၂၀၁၈ ကိုလံဘီယာ   ၁ - ၁ အင်္ဂလန်

၂၉- ၆- ၂၀၁၈ အင်္ဂလန် ၀- ၁ ဘယ်လ်ဂျီယံ

..........

၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲက ဇူလိုင် ၁၁ ရက်ညမှာ ဆီမီးဖိုင်နယ်  ဒုတိယပွဲစဉ်ကို ယှဉ်ပြိုင်မှာဖြစ်ပြီး ကမ္ဘာ့ ဖလားသမိုင်း တစ်လျှောက် ယခင်က ဆီမီးဖိုင်နယ်ကို နှစ်ကြိမ်သာ တက်နိုင်ဖူးတဲ့ အင်္ဂလန်နဲ့  ဆီမီး ဖိုင်နယ်ကို တစ်ကြိမ်သာ  တက်လှမ်းနိုင်ခဲ့ဖူးတဲ့  ခရိုအေးရှားအသင်းတို့  တွေ့ဆုံနေပါတယ်။

ကစားပုံ ခြားနားတဲ့ နှစ်သင်းပွဲဖြစ်လို့ အားပေးရကျိုး နပ်မှာပါ။

.............

ဆီမီးဖိုင်နယ်ကို တက်ရောက်လာတဲ့ လေးသင်းထဲမှာ  ခရိုအေးရှားနဲ့ အင်္ဂလန်တို့ ပါဝင်လိမ့်မယ်လို့  ပြိုင်ပွဲမစတင်မီ က မထင်ခဲ့ကြပါဘူး။ ခရိုအေးရှားဆိုရင်  ၁၉၉၈  ကမ္ဘာ့ဖလားပြိုင်ပွဲမှာ   ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ခဲ့ခြင်းက  နောက်ဆုံးဆီမီးဖိုင်နယ် တက်လှမ်းမှုဖြစ်ခဲ့သလို အင်္ဂလန်ကလည်း ၁၉၉၀ ကမ္ဘာ့ဖလား နောက်ပိုင်း ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း မရှိတာကြောင့် ဒီနှစ်သင်းကို ဆီမီးဖိုင်နယ်  တက်လာမယ်လို့မထင်ကြတာဖြစ်ပါ တယ်။ နှစ်သင်းတက်လှမ်း လာတဲ့ အနေအထားကို ကြည့်မယ်ဆိုရင် အင်္ဂလန်က ခက်ခက်ခဲခဲ သိပ်မရှိဘဲ ဆီမီးဖိုင်နယ်ကို တက်လှမ်းလာနိုင်ခဲ့တာ တွေ့ရပါတယ်။ အင်္ဂလန်က  အုပ်စုတွင်းပွဲတွေမှာ တူနီးရှားကို နှစ်ဂိုးပြတ် ဦးဆောင်နိုင်ပြီးမှ တစ်ဂိုးပြန်ပေးရလို့ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲမှာ ပနားမားကို ၆ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင် ရခဲ့တယ်။ အုပ်စု နောက်ဆုံးပွဲမှာတော့ အုပ်စုတက်ပြီးသားဖြစ်တဲ့အတွက် ဘယ်လ်ဂျီယံကို  အရန်ကစား သမား တွေ အားလုံးပွဲ ထွက်စေပြီး ကစားခဲ့ရာမှာ တစ်ဂိုးတည်းနဲ့ ရှုံးခဲ့ရခြင်းက  အင်္ဂလန်ကိုဆီမီးဖိုင်နယ် တက်လာ စေဖို့ အကောင်းဆုံး အခွင့်အလမ်းကို ရရှိစေနိုင်ခဲ့တာဖြစ်ပါတယ်။

အုပ်စုဒုတိယနေရာ ရခဲ့တာကြောင့် ၁၆ သင်း ရှုံးထွက်အဆင့်မှာ ကိုလံဘီယာနဲ့ တွေ့ဆုံခဲ့ပြီး   အကြိတ်အနယ် ကစားခဲ့ရာက   တစ်ဂိုးစီ သရေကျခဲ့ပေမယ့် ပယ်နယ်တီ အဆုံးအဖြတ်ခံယူပြီး   ကွာတားဖိုင်နယ်ကို    တက်လှမ်း

လာနိုင်ခဲ့တယ်။ ကွာတားဖိုင်နယ်မှာ တော့ ပွဲချောင်ခဲ့ပြီး ဆွီဒင်နဲ့ရင်ဆိုင်ရာမှာ နှစ်ဂိုးပြတ် အနိုင်ရလို့  ဒီအဆင့်ကို တက်လှမ်းလာတာဖြစ်ပါတယ်။ အုပ်စုဒုတိယ နေရာရခဲ့တဲ့အတွက် အင်္ဂလန်က ဗိုလ်လုပွဲအထိ အင်အားကြီး အသင်းတွေနဲ့ မတွေ့ဘဲ လမ်းကြောင်း ချောင်ခဲ့ပါတယ်။

ခရိုအေးရှား အသင်းကတော့ အကောင်းဆုံး ကစားသမားတွေ ပါဝင်နေပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းလာရာမှာ အုပ်စု တွင်းမှာတော့ သုံးပွဲစလုံး အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ် တက်လှမ်းလာပါတယ်။ ၁၆ သင်းရှုံးထွက် အဆင့်မှာတော့ ဒိန်းမတ်နဲ့ တစ်ဂိုးစီသရေကျပြီး ပယ်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ကံကောင်းပြီး အနိုင်ရခဲ့သလို ကွာတား ဖိုင်နယ်မှာလည်း အိမ်ရှင် ရုရှားကို ပွဲချိန်မိနစ် ၉၀အတွင်း တစ်ဂိုးစီသရေ၊ အချိန်ပို အပြီးမှာ နှစ်ဂိုးစီ သရေကျလို့ ပယ်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ အနိုင်ရပြီး  ဆီမီးဖိုင်နယ်ကို တက်လှမ်းလာတာဖြစ်ပါတယ်။ ခရိုအေးရှားအသင်း ကွင်းလယ်မှာ မိုဒရစ်နဲ့ ရာကီတစ်တို့ ရှိနေခြင်းက သူတို့အသင်းရဲ့ အဓိက အားသာချက်ဖြစ်ပြီး   တောင်ပံ တိုက်စစ်မှာ ပါရီဆစ်နဲ့ ရီဘစ်တို့ကလည်း  မြန်နှုန်းမြင့် တိုက်စစ်ကစားသမားတွေဖြစ်တာကြောင့်  ထိုက်တန်စွာနဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်း လာနိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ အခု အင်္ဂလန်နဲ့ ပွဲစဉ်မှာ ညာနောက်ခံ ကစားသမား ဗာဆယ်ကို ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်သလို   ဂိုးသမား ဆူဘာဆစ်လည်း  ရုရှားနဲ့ ပွဲအပြီးမှာ တံကောက်ကြော ဒဏ်ရာရခဲ့တဲ့အတွက် ခရိုအေးရှားရဲ့ ပွဲထွက်အခင်းအကျင်း ပြောင်းလဲဖွယ်ရှိပါတယ်။   တိုက်စစ်မှူး မန်ဇူကစ်ကလည်း   ပွဲပန်းပြီး   ရုရှားနဲ့ ပွဲအပြီးမှာ ဒဏ်ရာရခဲ့ ဟန်ရှိတာကြောင့် အချိန်မီပြန် လည်ကြံ့ခိုင် လာခြင်း မရှိရင် အရင်ပွဲတွေက ခြေစွမ်းမျိုး ရဖို့မလွယ် ကူနိုင်ပါဘူး။

အင်္ဂလန် အသင်းကတော့ နည်းပြဆောက်ဂိတ်ရဲ့ ရဲဝံ့တဲ့ ကစားသမား ရွေးချယ်မှု အသီးအပွင့်တွေကို ကောင်းကောင်း ခံစားနေရပါပြီ။ ဗဟိုခံစစ်မှာ   ဂျွန်စတုန်းကို လက်စတာခံစစ်မှူး မက်ဂွိုင်ယာ နဲ့တွဲသုံးခြင်းက အင်္ဂလန် အသင်းရဲ့ ခံစစ်ကို အထူးကောင်းမွန် စေရုံသာမက   အရပ်မြင့်မားလွန်းတဲ့သူတို့   နှစ်ဦးရဲ့ခေါင်းတိုက် သွင်း ဂိုးတွေကို  မြင်တွေ့ကြပြီးဖြစ်ပါတယ်။ တောင်ပံတိုက်စစ်ကစားသမား ထရစ်ပီယာဆိုရင်လည်း မျက်နှာသစ် ကစားသမားဖြစ်ပေမယ့် လုပ်အားနှုန်း အထူးကောင်းမွန်ပြီး  သူရဲ့ထောင့်ဖြတ် ဘောတွေကနေ  ပြိုင်ဘက်တွေကို ခြိမ်းခြောက်နိုင်ခဲ့တာတွေ့ရပါတယ်။  မက်ဂွိုင်ယာဆိုရင်  လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြင့်ဘောတွေကို အများဆုံး ဦးအောင်ဖြတ် ထုတ်နိုင်တဲ့ ကစားသမားအဖြစ်  စံချိန်တင်ထားပြီး အမြင့်ဘော  ၃၃ ကြိမ်ကို ဦးအောင် ရှင်းထုတ်နိုင်ခဲ့လို့ အင်္ဂလန်ရဲ့ အကောင်းဆုံးမျိုးဆက်သစ်လို့ ချီးကျူးရမှာပါ။ အင်္ဂလန်အသင်းသွင်းယူ ထားတဲ့ ငါးဂိုးကလည်း တည်ဘောတွေကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ ခရိုအေးရှား အသင်းက တည်ဘော လေးကြိမ် ကနေ နှစ်ဂိုးပေးခဲ့ ရတဲ့အတွက် အင်္ဂလန်ရဲ့ တည်ဘောတွေကနေ ဂိုးသွင်းယူမှုကို တားဆီးပိတ်ဆို့နိုင်ဖို့ခက်ခဲမှာပါ။ အင်္ဂလန်အသင်းက တိုက်စစ်မှာ ဟယ်ရီကိန်းကို အထောင်ထားကစားပေမယ့် တကယ်တမ်းဂိုးသွင်းရင် နောက်တန်း ကနေတက်ပြီး သွင်းယူတဲ့ ဗျူဟာကို အဓိကထားကစား ပါတယ်။ ဒါတောင် ဟယ်ရီကိန်းက လေးပွဲ ကစား အပြီး ခြောက်ဂိုး သွင်းယူထားနိုင်သလို အင်္ဂလန်အတွက် ကစားပေးတဲ့နောက်ဆုံး ရှစ်ပွဲမှာ ခုနစ်ဂိုးအထိ သွင်းယူ ထားနိုင်တာကြောင့် သူ့ရဲ့ သွင်းဂိုးတွေကို ခရိုအေးရှားနဲ့ ပွဲမှာ ပြန်လည်မြင်တွေ့ နိုင်ပါတယ်။ အင်္ဂလန်အသင်း ၂ ဂိုး- ၁ ဂိုးဆိုတဲ့ အနိုင်နဲ့ ဗိုလ်လုပွဲ တက်လှမ်း သွားနိုင်ပါတယ်။

..........................

ဗုဒ္ဓဟူးနေ့ ည (ကြာသပတေးနေ့ နံနက်) ပွဲစဉ်

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်

ခရိုအေးရှား -  အင်္ဂလန် နံနက် ၀၀း၃၀

သိမှတ်ဖွယ်ရာ အချက်အလက်များ

အင်္ဂလန်နောက်ခံ ကစားသမား မက်ဂွိုင်ယာသည် ယခု ၂၀၁၈ ကမ္ဘာ့ဖလားတွင် အမြင့်ဘောဦးနိုင်မှု  ၃၃ကြိမ် အထိ  ပြုလုပ်နိုင်ရာ တခြား အသင်းများမှ နောက်ခံ ကစားသမားများထက် သိသိသာသာ အသာရထား။

....................

အင်္ဂလန်အသင်းသည် ယခုနှစ် ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းမှာ သုံးကြိမ် မြောက်ဖြစ်ပြီး  ယခင် နှစ်ကြိမ်မှာ ၁၉၆၆ ကမ္ဘာ့ဖလားနှင့် ၁၉၉၀ ကမ္ဘာ့ဖလားတို့တွင် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၆ ကမ္ဘာ့ဖလား ပွဲတွင် ဗိုလ်စွဲနိုင်။

.................

ခရိုအေးရှား အသင်းသည် ယခုကမ္ဘာ့ဖလားပွဲတွင် ကစားသမားရှစ်ဦး ဂိုးသွင်းထားနိုင်ကာ မတူညီသော ကစား သမားများ ဂိုးပိုသွင်းနိုင် သည့်အသင်းဆို၍    ကိုးဦးဂိုးသွင်းထားနိုင်သော ဘယ်လ်ဂျီယံသာရှိ။

..........................

အင်္ဂလန်သည် ယခုကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ၁၁ ဂိုးသွင်း ထားနိုင်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခဲ့မှု သမိုင်းတွင် ၁၉၆၆ ပြိုင်ပွဲက ဗိုလ်စွဲစဉ် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့သော ၁၁ ဂိုးစံချိန်ကို လိုက်မီထား။

..............................

ခရိုအေးရှားအတွက် ဆီမီးဖိုင်နယ်တက်လှမ်းနိုင်ခြင်းမှာ ကမ္ဘာ့ဖလား သမိုင်းတွင် ဒုတိယ အကြိမ် မြောက်ဖြစ်ပြီး ပထမ တစ်ကြိမ်မှာ ၁၉၉၈ ပြိုင်ပွဲ တွင်ဖြစ်။

.....................

ခရိုအေးရှားသည် ၁၆ သင်းအဆင့်တွင် ဒိန်းမတ်၊ ကွာတားဖိုင်နယ်တွင် ရုရှားတို့ကို ပယ်နယ်တီဖြင့် အနိုင်ရခဲ့ရာ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ခုအတွင်း ထိုသို့ ပယ်နယ်တီမှ နှစ်ပွဲအနိုင်ရခဲ့ဖူး သည့် အသင်းဆို၍ ၁၉၉၀ ကမ္ဘာ့ဖလား ပြိုင်ပွဲက ယူဂို ဆလားဗီးယားနှင့် အီတလီတို့ကို ပယ်နယ်တီဖြင့် နိုင်ခဲ့သော အာဂျင်တီးနားတစ်သင်းသာရှိ။

...............

အင်္ဂလန် အသင်းသည် ယခုကမ္ဘာ့ဖလား ပြိုင်ပွဲ၏ အဖွင့်နှစ်ပွဲ၌ ဂိုးပေါက်တည့် ကန်ချက် ၁၅ကြိမ်လုပ်နိုင် ခဲ့သော်လည်း နောက်ဆုံးသုံးပွဲတွင် ခြောက်ကြိမ်သာ ဂိုးပေါက်တည့်ကန်နိုင်။

......................

ခရိုအေးရှားသည် ကမ္ဘာ့ဖလား ရှုံးထွက် အဆင့်ပွဲများတွင် ခြောက်ပွဲ ကစားခဲ့ရာ  တစ်ပွဲသာရှုံးဖူးပြီး ၁၉၉၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် ပြင်သစ်ကို ရှုံးခဲ့ခြင်းဖြစ်။

...................

ရုရှားနှင့် ပွဲတွင် ကရာမာရစ် သွင်းယူသည့် ဂိုးကို ဖန်တီးပေးခဲ့သော ခရိုအေးရှားတိုက် စစ်မှူး မန်ဇူကစ်သည် ယခု ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ အသင်းအတွက် သွင်းဂိုး လေးဂိုး၌ ပါဝင်ပတ်သက်ခဲ့ကာ သုံးဂိုးသွင်းပြီး တစ်ဂိုးဖန်တီး ပေးနိုင်ခဲ့။

.................

အင်္ဂလန်အသင်း သွင်းယူထားသော ၁၁ဂိုးတွင် ရှစ်ဂိုးမှာ တည်ဘောများမှ သွင်းယူခဲ့ခြင်းဖြစ်။  ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ခု တည်းတွင် တည်ဘောမှ ဂိုးအများဆုံး သွင်းနိုင်ခဲ့သည့် ယခင်အသင်းမှာ ပေါ်တူဂီဖြစ်ပြီး ၁၉၆၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် တည်ဘောမှ ရှစ်ဂိုးသွင်းခဲ့၍ ယခု အင်္ဂလန်မှာ စံချန်သစ် တင်နိုင်ရန် နီးစပ်နေ။

......................

ထိပ်တိုက်တွေ့ဆုံမှု

အင်္ဂလန်နှင့် ခရိုအေးရှားတို့ သည် ခုနစ်ကြိမ် ရင်ဆိုင်တွေ့ခဲ့ ဖူးရာတွင် အင်္ဂလန်က လေးကြိမ် အနိုင်ရကာ   ခရိုအေးရှားက   နှစ်ကြိမ် အနိုင်ရပြီး တစ်ပွဲသရေကျခဲ့။   ပြိုင်ပွဲကြီးများတွင်  အင်္ဂလန်နှင့် ခရိုအေးရှား အသင်းတို့ ယခင်က တစ်ကြိမ်သာ  တွေ့ဆုံဖူး။ ယူရို ၂၀၀၄ အုပ်စုအဆင့်ပွဲစဉ်တွင် တွေ့ဆုံခြင်း ဖြစ်ပြီး  အင်္ဂလန်အသင်းက ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရ။

 

ဆောင်း.ပါးရှင်(ဇေယျာ)

Read 30 times Last modified on Wednesday, 11 July 2018 13:14