နေပြည်တော် ၊ ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့ဖြစ်သော ဧပြီ ၁၄ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအက အဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲ ဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲကြသည်။
မဟာသင်္ကြန်အကျနေ့ ညပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်ရှိ အားကစားခန်းမအနီး၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ မြိတ်တပ်နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များ၌ လည်းကောင်း၊ ယိမ်းအကအလှ ယှဉ်ပြိုင် ကပြမှုများနှင့် အတာရေသဘင် ဆင်နွှဲခြင်းများ ပြုလုပ်ကြရာ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်၍ အတာသင်္ကြန်ယိမ်း အကအဖွဲ့များ၏ ယှဉ်ပြိုင်ကပြ ဖျော်ဖြေမှုများကို ကြည့်ရှု အားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ ရေသဘင် ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။