SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်လန်ဖူးမြို့ရှိ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ

Tuesday, 20 March 2018 20:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ မတ် - ၂၀

 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးတို့ လိုက်ပါပြီး ယနေ့ နေ့လယ်ပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအို ခရိုင်၊ ခေါင်လန်ဖူးမြို့သို့ ရောက်ရှိရာ ခေါင်လန်ဖူးမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသား များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား တွေ့ဆုံရာတွင် ခေါင်လန်ဖူးဒေသသည်သွားလာရေး ခက်ခဲသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် အစိုးရမှ ဆောင်ရွက် ပေးနေသကဲ့သို့ တပ်မတော်မှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်း ဆက်သွယ် မှုကောင်းမှသာ အခြားကဏ္ဍများမှာလည်း တိုးတက်ကောင်းမွန် လာမည်ဖြစ် ကြောင်း၊ ထို့အတူ စားသောက်ရေးနှင့် ပတ်သက်၍ လိုအပ်ချက်ရှိတိုင်း တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ဒေသခံ များ အနေဖြင့်လည်း ဒေသတွင်း ၀မ်းစာဖူလုံရေး အတွက် စိုက်ဧကတိုးချဲ့ခြင်း၊ သီးနှံပိုမိုထွက်ရှိအောင် ဆောင်ရွက်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ များနှင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများ ပူးပေါင်း၍ ၀မ်းစာဖူလုံရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် စပါးအထွက်နှုန်း တိုးရန်အတွက် ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်း ပြောကြား သည်။

 


ထို့နောက် ဝေးလံခေါင်ပါး၍ သွားလာမှုခက်ခဲသည့် ဒေသဖြစ်သဖြင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရန် လိုကြောင်း၊ အုပ်ချုပ်မှုခက်ခဲသည့် ဒေသဖြစ်သဖြင့် တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် ညီညီ ညွတ်ညွတ် နေထိုင်ရန်လိုကြောင်း၊ မိမိတို့ တပ်မတော်တွင် လည်းစည်းလုံး ညီညွတ်စွာဖြင့် နေထိုင်လျက်ရှိကြောင်း၊ သွေးစည်း ညီညွတ်မှုရှိမှ တွေ့ကြုံလာရသည့် အခက်အခဲများကို အာင်မြင်စွာ ဖြတ်ကျော်နိုင် မည်ဖြစ် ကြောင်း၊ ယခုဒေသသည် တစ်ဖက်နိုင်ငံနှင့် နီးကပ်သောကြောင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်၏ အချုပ်အခြာအာဏာ မထိခိုက်စေရေး၊ မိမိတို့ နိုင်ငံ၏ သယံဇာတ များဆုံးရှုံးခြင်းမရှိဘဲ စနစ်တကျရှိရေးအတွက် ဒေသခံ တိုင်းရင်းသားများအနေဖြင့် အုပ်ချုပ်မှု အဖွဲ့အစည်းများနှင့် ပူးပေါင်းကာကွယ် သွားကြရန် လိုကြောင်း ပြောကြားသည်။

 

 

ယင်းနောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာများရှိရန် လိုကြောင်း၊ ထို့ကြောင့် သားသမီးများ၏ ပညာရေးကို မြှင့်တင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခုလက်ရှိ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်၌ မှန်ကန်သော ဒီမိုကရေစီ အလေ့အကျင့်ရအောင် ဆောင်ရွက် ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဘာသာရေးအရ ခွဲခြားမှု၊ လူမျိုးရေးအရ ခွဲခြားမှုများ လုံးဝမရှိဘဲ တူညီသည့် စိတ်ဓာတ်ဖြင့် ဆောင်ရွက်နေကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ် သယ်ဆောင်ခြင်း၊ သုံးစွဲခြင်းများ မဖြစ်ပေါ်စေရန်နှင့် အရက်သေစာ သောက်စားမှုများကိုလည်း ထိန်းသိမ်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများက ခေါင်လန်ဖူးမြို့အချက်အလက်များနှင့် လိုအပ်ချက်များကို တင်ပြကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်နေမှုအား ဒေသခံပြည်သူများကို ရှင်းလင်း ပြောကြားသည်။

 

 

၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ဒေသခံ တိုင်းရင်းသားများအတွက် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော် များနှင့် ခရစ်ယာန် ဘာသာဝင်များအတွက် သမ္မာကျမ်းစာအုပ်များ၊ ခေါက်ဆွဲကြော် နှင့်ကိတ်မုန့်စသည့် စားသောက်ဖွယ်ရာများအား လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော် အရာရှိကြီးများက ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ငါးခြောက် စသည့် စားသောက်ဖွယ်ရာများကို လည်းကောင်း အသီးသီးပေးအပ်ရာ ရပ်မိရပ်ဖများ နှင့် ဒေသခံပြည်သူများက လက်ခံရယူကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်ပြီး ဒေသခံပြည်သူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

 

ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံ မြောက်ဖျားတွင်တည်ရှိပြီး ပူတာအိုခရိုင် အတွင်း ပါဝင်၍ အရှေ့ဘက်နှင့် မြောက်ဘက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် နီးစပ်စွာ တည်ရှိသည်။ ပတ်ဝန်းကျင်တွင် ရေခဲတောင်နှင့် သဘာဝရှုမျှော်ခင်းများဖြင့် သာယာ လှပသော ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂၃ စုနှင့် ကျေးရွာ ပေါင်း ၁၄၄ ရွာတည်ရှိပြီး ရ၀မ်နှင့် လီဆူလူမျိုးစု လူဦးရေ ၁၃၅၃၉ ဦးနေထိုင် လျက်ရှိကြောင်းနှင့် ယခုအခါတွင် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးရေးအတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်း၍ မဂွေဇ- ခေါင်လန်ဖူး ကားလမ်းအား ဖောက်လုပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ် အတွင်း ပြီးစီး မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

 

Read 296 times Last modified on Tuesday, 20 March 2018 20:50