SJ WorldNews - шаблон joomla Авто

ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ (၁၄)ကြိမ်မြောက် အစည်းအဝေးတွင် JMC လုပ်ငန်းများ ကဏ္ဍအလိုက် ဆွေးနွေးနိုင်ခဲ့

Saturday, 20 January 2018 09:32 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ  ၁၉

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ( JMC-U)၏ (၁၄)ကြိမ်မြောက် အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရန်ကုန်ရုံး၌ ကျင်းပရာ JMC လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ကဏ္ဍအလိုက် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ JMC-U  ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် တပ်မတော်သား ကိုယ်စားလှယ် များဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် ဗိုလ်မှူးချုပ်ကျော်ဇံမြင့်(ငြိမ်း)၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ JMCU့   ဒုတိယဥက္ကဋ္ဌ(၁) စောအိုင်းဇက်ဖိုးနှင့် NCA   လက်မှတ်ရေးထိုးထားသော EAOs အဖွဲ့ခေါင်းဆောင်များ၊ အရပ်သား ကိုယ်စားလှယ်အဖွဲ့မှ JMC-U ဒုတိယဥက္ကဋ္ဌ(၂) ဦးပြည့်စုံနှင့် အရပ်သား ကိုယ်စားလှယ်များ၊ JMC-TSC နည်းပညာ အထောက်အကူပြု အဖွဲ့များ တက်ရောက်ကြသည်။

(၁၄)ကြိမ်မြောက် JMC-U အစည်းအဝေးကြီးသည်  ၂ဝ၁၈ ခုနှစ်၏ နှစ်စပိုင်းပထမဆုံး အစည်းအဝေးဖြစ်သဖြင့် ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ်အတွင်း JMC လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်အား ပြန်လည်သုံးသပ်နိုင်ခဲ့ပြီး အရပ်သား ကိုယ်စားလှယ်များ၏ လုပ်ငန်းလမ်းညွှန်(TOR )များကို ယခု (၁၄)ကြိမ်မြောက JMC-U အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။ JMC လုပ်ငန်းများ ဆောင်ရွက်မှုအဖြစ် ပြည်ထောင်စုအဆင့် JMC-U အစည်းအဝေးငါးကြိမ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် JMC-S အစည်းအဝေး(၃၉)ကြိမ်၊ ဒေသဆိုင်ရာ JMC-L အစည်းအဝေး ခြောက်ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာနှစ်လတာ ကာလအတွင်း JMC-S မှ ဦးဆောင်သော လူထုတွေ့ဆုံပွဲ ၁၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး လူဦးရေ ၅ဝဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ JMC လုပ်ငန်းများ ရှေ့ဆက် ဆောင်ရွက်နိုင်စေရန် JMCဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများက JMC-S နယ်မြေအသီးသီးမှာ ရှိသော တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အတွက် ကျင်းပဆောင်ရွက်ရန် ယခု JMC-U အစည်းအဝေးတွင် ဆုံးဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးအပြီး ညနေပိုင်းတွင် (၁၄)ကြိမ်မြောက် JMC-Uအစည်းအဝေး၏ သုံးရက်တာဆွေးနွေးမှု သဘောတူညီချက်များ၊ သဘောထားအမြင်များနှင့် ပတ်သက်၍ JMC-U အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ်၊JMC-U အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်တို့က သတင်းမီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲ ဆက်လက်ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင်JMC-Uအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်က ''ဒေသဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-L) ရုံးများကို ၁ဝ ရုံးဖွဲ့စည်းသွားဖို့ ဆုံးဖြတ်ထားပါတယ်။ လက်ရှိမှာတော့ အရေးကြီးတဲ့ နေရာတွေမှာ စောင့်ကြည့်နိုင်ဖို့ ဖွဲ့စည်းပြီးဖြစ်ပါတယ်။ လက်ရှိကတော့ လင်းခေးနဲ့ဖာပွန်မှာ ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းပြီးတဲ့JMC-L ရုံးတွေမှာ သူရဲ့JMC ဆိုင်ရာ လုပ်ငန်းစဉ်တွေ ကောင်းမွန်စွာလည်ပတ်နိုင်ပြီ ဆိုရင် ကျန်တဲ့နေရာတွေမှာ တိုးချဲ့ဖွဲ့စည်းသွားမှာပါ။ တိုးချဲ့နေရာတွေကတော့ အခုJMC-U အစည်းအဝေးမှာ အကြံပြုဆွေးနွေးတာပဲ ရှိပါသေးတယ်။ ဘယ်နေရာဖွဲ့မယ် ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ လက်ရှိမှာ NCA လက်မှတ်ရေးထိုးထားတဲ့EAOs တွေ ရှိသလို လက်မှတ်မထိုးရသေးတဲ့ EAOs တွေလည်း ရှိပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဟာJMC ဆိုတဲ့လုပ်ငန်းကို လုပ်ကိုင်ကြရတယ်။ လိုက်နာဆောင်ရွက်ရပါတယ်။

JMCလုပ်ငန်းစဉ် ဝင်လာတာနဲ့အမျှ လိုက်နာရမယ့် အချက်တွေနဲ့ ပြည်သူလူထုကို အကာအကွယပေးရမယ့် အချက်တွေ ပါဝင်ပါတယ်။   ဒီလိုမျိုးအချက်တွေကို ကျွန်တော်တို့ကျတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စောင့်ကြည့်တာဖြစ်ပါတယ်။ စည်းဝိုင်းဘောင်ထဲကနေ လုပ်ကြတာ ဖြစ်တဲ့အတွက် ထင်ရာလုပ်လို့ မရဘူးဆိုတဲ့ အနေအထားပါ။ စောင့်ကြည့်တယ်၊ ဥပဒေနဲ့အညီ လုပ်ကြတယ်ဆိုတဲ့ သဘောကို ဆိုလိုခြင်းဖြစ်ပါတယ်။NCA မထိုးထားတဲ့အဖွဲ့တွေမှာက နှစ်ဖက်သဘောတူ (Bilateral) အရ လက်မှတ်ထိုးထားတာရှိတယ်။ စာချုပ်ထဲမှာတော့ ပြည့်ပြည့်စုံစုံ မပါဘူးပေါ့။ အဲဒီအတွက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အနေအထားလေးတွေ၊ မတူတာလေးတွေတော့ ရှိတယ်။ အဲဒီမှာ အခွင့်အရေးဆိုတာက NCA ထိုးထားတဲ့ EAOs တွေမှာ သူတို့အဆိုပြုတဲ့ အချက်တွေကို အချိန်မီညှိနှိုင်းပြီး တစ်ဖက်နဲ့တစ်ဖက် လိုက်လျောပေးထားမယ့် အချက်လေးတွေအပေါ် ဆောင်ရွက်ရင် ပိုကောင်းမယ်ဆိုတဲ့ အချက်တွေကို ဆိုလိုရင်း ဖြစ်ပါတယ်။JMC ဖွဲ့စည်းပြီးနောက်ပိုင်း ကာလမှာ  တစ်ဖက်နဲ့တစ်ဖက် ထိတွေ့တိုက်ခိုက်မှုများ လျော့ကျအောင် ဖော်ဆောင်နိုင် တယ်လို့ပြောလို့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်JMC-S တွေ ဖွဲ့စည်းထား နိုင်တဲ့အတွက်   ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့ကျပြီး မတော်တဆ ထိတွေ့မှုတွေသာ ရှိတယ်လို့ ပြောရမှာပါ'' ဟု ပြောသည်။

မိုင်းရှင်းလင်းရေးနှင့် ပတ်သက်ပြီး တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုများ ရရှိစေရန် ညှိနှိုင်းဆွေးနွေးဆဲ ကာလဖြစ်ပြီး  ယုံကြည်မှု တည်ဆောက်ဆဲ ကာလဖြစ်သောကြောင့် လက်ရှိအခြေအနေတွင် မိုင်းရှင်းလင်းရေးကို ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ မိုင်းရှင်းလင်းရေးသည် နှစ်ဖက်မိခင်အဖွဲ့အစည်း အချင်းချင်း ယုံကြည်မှုရရှိကာဆုံးဖြတ်ရမည့် ကိစ္စဖြစ်ကြောင်း၊ ထိုဆုံးဖြတ်ချက် အပေါ်တွင် JMC  အနေဖြင့်  နှစ်ဖက်အဖွဲ့အစည်းများ အကြား စေ့စပ်ညှိနှိုင်းပေးရခြင်းသာ ဖြစ်ကြောင်း သိရသည်။

JMC-U အတွင်းရေးမှူး(၁)ဒေါက်တာ ရွှေခါးရ်က ''အရပ်သား စောင့်ကြည့်လေ့လာ သူတွေအတွက်JMC လုပ်ငန်းတွေမှာ ပါဝင်မှု လုပ်ငန်းလမ်းညွှန်(TOR)တွေ ရေးဆွဲအတည်ပြုပြီးဖြစ်ပါတယ်။ အဓိကအားဖြင့် အရပ်သား ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ အရပ်သားကိုယ်စားလှယ်တွေရဲ့ စံသတ်မှတ်ချက်နှုန်းထားတွေ၊ အရပ်သားတွေကို အကာအကွယ်ပေးမယ့် ကိစ္စရပ်တွေ  ပါဝင်ပါတယ်။

ပြည်ထောင်စုအဆင့်JMC-U မှာတော့ အရပ်သား ကိုယ်စားလှယ် ခြောက်ဦးပါပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်JMC-Sတွေမှာတော့ အရပ်သားပါဝင်မှုက မတူညီပါဘူး။  တချို့JMCSတွေမှာ ခြောက်ဦးကနေ ရှစ်ဦးထိ ရှိတယ်။ လိုအပ်ရင် လိုအပ်သလို ခန့်ပေးနေပါတယ်။ JMC-L မှာဆိုရင် အရပ်သားစောင့်ကြည့် လေ့လာသူတွေကို နှစ်ဦးစီနဲ့ခန့်ပြီး လုပ်မယ်လို့လျာထားပေမယ့် လိုအပ်ချက်အရ ယခု လင်းခေးမှာဆိုရင် အရပ်သားစောင့်ကြည့်သူရှစ်ဦး ရှိလာတော့မှာဖြစ်ပါတယ်''ဟု ပြောသည်။

မြေပြင်တပ်မှူးများ တွေ့ဆုံနိုင်ရေးသည် လက်ရှိတွင် (SOP)မူကြမ်း ထွက်လာပြီဖြစ်ရာ သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့အစည်းများမှ ဆုံးဖြတ်ချက်ချမှတ်ရန်သာ လိုတော့ကြောင်း သိရသည်။ သက်ဆိုင်ရာ တပ်မှူးများအား ယင်းမူကြမ်းကိုချပြပြီး ၎င်းတို့၏အကြံပြုချက်များ ရရှိလာလျှင် မူကြမ်းတွင် အချက်များပြန်လည် ဖြည့်စွက်ရမည်ဖြစ်သည်။ ယင်းအား JMC-U အစည်းအဝေး (၁၅)ကြိမ်မြောက် သို့မဟုတ်(၁၆)ကြိမ်မြောက်  အစည်းအဝေးတွင် အတည်ပြုနိုင်ရန်ခန့် မှန်းထားကြောင်း သိရသည်။    

Read 276 times Last modified on Saturday, 20 January 2018 09:34