SJ WorldNews - шаблон joomla Авто

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင် ကချင်ပြည်နယ် နောင်မွန်းမြို့နယ်ရှိ ရပ်ဘော့တံတား(နောင်မွန်း) ဖွင့်ပွဲ အခမ်းအနား တက်ရောက်

Sunday, 14 January 2018 08:48 font size decrease font size decrease font size increase font size increase font size

ပူတာအို     ဇန်နဝါရီ     ၁၃

ကချင်ပြည်နယ်  ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည်  ယနေ့နံနက်ပိုင်းတွင် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်အနီး ကဆန်ခချောင်းပေါ်ရှိ ရပ်ဘော့တံတား(နောင်မွန်း) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အားပေးသည်။

အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးဝင်းခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊   မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးခန်းလင်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်တာဝန်ရှိသူများ၊  ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့က တံတားတည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရပ်ဘော့တံတား(နောင်မွန်း) တည်ဆောက်ပေးသည့်အတွက် ဒေသခံပြည်သူ  တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ရပ်ဘော့တံတား(နောင်မွန်း)ကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးခန်းလင်၊ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဦးဝင်းညွန့်၊ ရဝမ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးရမ်နမ်းဖုန်၊ လီဆူတိုင်းရင်းသား ဦးမိုးရွှေနှင့် တံတားအထူးအဖွဲ့(၁) ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် ရပ်ဘော့တံတား(နောင်မွန်း) ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် ဇနီးနှင့်အဖွဲ့ဝင်များက မော်ကွန်းကျောက်စာ တိုင်ကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဒေသခံတိုင်းရင်းသားများနှင့် အတူ တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ပူတာအိုခရိုင်  ခေါင်လန်ဖူးမြို့သို့ ရောက်ရှိကြပြီး မြို့နယ်ခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်  ဒေသခံပြည်သူများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ခေါင်လန်ဖူးမြို့သို့ ယခင်က ဆိုင်ကယ်အပါအဝင် အခြားနည်းလမ်းဖြင့် သွားပါက ၁၂ ရက်ကြာ သွားရောက်ရသည်ဟု သိရပြီး ယခုအခါတွင် နေ့ချင်းသွားနိုင်သည် အထိ ခရီးပေါက်ပြီဟု သိရကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု လိုအပ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်း ဆက်သွယ်မှုကောင်း မွန်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်း ရေးနှင့် တရားဥပဒေ စိုးမိုးရေးသည်လည်း လိုအပ် ကြောင်း၊ ဒေသ၏ အဓိကလိုအပ်ချက် တစ်ခုဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တပ်မတော်  အင်ဂျင်နီယာတပ်ဖွဲ့တို့က ပူးပေါင်း ဖောက်လုပ်ပေးလျက် ရှိကြောင်း။

မိမိတို့မြန်မာနိုင်ငံတွင် သာယာလှပသည့် နေရာများစွာရှိကြောင်း၊ ယင်းတို့အနက် ယခု  မြောက်ပိုင်းဒေသသည် လာရောက်လည်ပတ်ရန် အခက်အခဲများရှိကြောင်း၊ သို့သော်လည်း ဒေသအပေါ် ခုံခုံမင်မင် ချစ်မြတ်နိုး၍ သစ္စာ ရှိစွာနေထိုင်ကြပြီး မိမိတို့၏ အမျိုးဂုဏ်ကို ထိန်း သိမ်းစောင့်ရှောက်နေကြသည့် ဒေသခံ တိုင်းရင်းသားများအား ချီးကျူးကြောင်း၊ မိမိတို့ဒေသ အား ချစ်ခင်မြတ်နိုးစွာ ဆက်လက်နေထိုင်ကြပြီး  မိမိတို့နိုင်ငံ၏ အင်အားတစ်ခုဖြစ်လာမည်ဟု မျှော်လင့် ဆုတောင်းကြောင်း၊ နောက်ပိုင်းတွင် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်အပါအဝင် လိုအပ်သည်များကို ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။  

ယင်းနောက် ခေါင်လန်ဖူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဒေသ၏ အချက်အလက်များနှင့်  ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ငွေကျပ်သိန်း ၁ဝဝ ကို ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ခေါင်လန်ဖူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အသုံးပြုနိုင်ရန် ကွန်ပျူတာ တစ်စုံအား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည်  နောင်မွန်းမြို့သို့ ရောက်ရှိကြပြီး နောင်မွန်းမြို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကာ ဒေသခံယဉ်ကျေးမှု အဖွဲ့၏ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှု ကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် နောင်မွန်းမြို့မှ ပြန်လည်  ထွက်ခွာကြပြီး ပူတာအိုမြို့သို့  ညနေပိုင်းတွင် ပြန်လည်ရောက်ရှိသည်။

(၅ဝဝ)

Read 34 times Last modified on Sunday, 14 January 2018 08:51