SJ WorldNews - шаблон joomla Авто

တရုတ်-ဂျပန်-တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ခွင့်အတွက် ညှိနှိုင်းမှုများ တိုးမြှင့်လုပ်ဆောင်ရန် လီခချန် တောင်းဆို

Wednesday, 15 November 2017 09:50 font size decrease font size decrease font size increase font size increase font size

မနီလာ  နိုဝင်ဘာ  ၁၄

တရုတ်ဝန်ကြီးချုပ် လီခချန်သည် တရုတ်-ဂျပန်-တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက် (PTA)နှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုများကို တိုးမြှင့်ဆောင်ရွက်ရန် နိုဝင်ဘာ ၁၄ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

တရုတ်အစိုးရ အနေဖြင့် FTA နှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုများကို တိုးမြှင့်ဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ ဒေသတွင်း ကျယ်ပြန့်သော မိတ်ဖက်စီးပွားရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးညှိနှိုင်းမှုများကို တိုးမြှင့်ရန်နှင့် အာရှ-ပစိဖိတ် လွတ်လပ်စွာ ကုန်သွယ်ခွင့် (FTAAP)နှင့် ပတ်သက်၍ ကာလရှည်ကြာ ကြိုးပမ်းဆောင်ရွက်နေသည့် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးတို့ အတွက် လည်း တက်ကြွစွာ ပါဝင်မည်ဖြစ်ကြောင်း လီက ဆိုသည်။

လီသည်  ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသော အကြိမ်(၂ဝ)မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား(၁ဝ+၃) ခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ထိုကဲ့သို့ မှတ်ချက်ပြုပြောခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါဆွေးနွေးပွဲ၏ မဟာဗျူဟာမြောက် ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် အရှေ့အာရှစီးပွားရေး အဖွဲ့အစည်း ထူထောင်နိုင်ရန် ကုန်သွယ်ရေး လွတ်လပ်ခွင့်နှင့် လွယ်ကူချောမွေ့စေရေး တို့အတွက် ဆောင်ရွက်မှုများ တိုးမြှင့်ရန် ၎င်းက ဆက်လက် တိုက်တွန်းထားသည်။

တရုတ်-ဂျပန်-တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေး ဆွေးနွေးပွဲများကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ကျင်းပခဲ့ပြီး  ၎င်းဆွေးနွေးပွဲ၏ (၁၂)ကြိမ်မြောက် ဆွေးနွေးပွဲကို ယခုနှစ် ဧပြီလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပကြောင်း သိရသည်။

Read 10 times Last modified on Wednesday, 15 November 2017 09:51