SJ WorldNews - шаблон joomla Авто

အစ္စရေး၏နျူကလီးယားအစီအစဉ်က ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေဟု အီရန်ဆို

Sunday, 26 November 2017 08:54 font size decrease font size decrease font size increase font size increase font size

တီဟီရန်  နိုဝင်ဘာ  ၂၅

အစ္စရေး၏နျူကလီးယားအစီအစဉ်နှင့်အဏုမြူလက်နက်ထုတ်လုပ်မှုသည် အရှေ့အလယ်ပိုင်းဒေသ၏လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း အီရန်နိုင်ငံမှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်ဟု ရုပ်သံသတင်းဌာနတစ်ခုက နိုဝင်ဘာ ၂၅ ရက်တွင်ပြောသည်။

ထို့ပြင် အနောက်နိုင်ငံများ၏လုပ်ဆောင်မှုအချို့သည် အစ္စရေး၏နျူကလီးယားအစီအစဉ်ကို တိုးတက်စေရန် ပံ့ပိုးနေခြင်းဖြစ်ကြောင်း     နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) မှ အီရန်သံအမတ် ရီက နာဂျာဖီက ရှုတ်ချပြောဆိုသည်။

အစ္စရေးက လုပ်ဆောင်လျက်ရှိသော နျူကလီးယားအစီအစဉ်နှင့် အဏုမြူလက်နက် ထုတ်လုပ်မှုသည် နျူကလီးယားလက်နက်မပြန့်ပွားရေးသဘောတူစာချုပ် (NPT)ကို ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်နေခြင်းပင်ဖြစ်ကြောင်း အီရန်သံအမတ်က ဗီယင်နာမြို့၌ကျင်းပသော  IAEA ၏ အုပ်ချုပ်သူများဘုတ်အဖွဲ့ဆွေးနွေးပွဲတွင် ပြောသည်။

အစ္စရေးအစိုးရအနေဖြင့် နျူကလီးယားလက်နက်မပြန့်ပွားရေးသဘောတူစာချုပ် (NPT) တွင်ပါဝင်သင့်ကြောင်းနှင့် နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ IAEA ၏ထိန်းသိမ်းမှုအောက်တွင် ပြုလုပ်သင့်ကြောင်း ၄င်းက တိုက်တွန်းထားသည်။

အစ္စရေးအစိုးရသည် လွန်ခဲ့သောနှစ်များစွာကတည်းက နိုင်ငံတကာအသိုင်းအဝိုင်း၏ တရားဝင်တောင်းဆိုမှုများကို လျစ်လျူရှုကာအနောက်နိုင်ငံအချို့၏ စုံလုံးကန်း ထောက်ခံမှုများဖြင့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်၍ နျူကလီးယား အစီအစဉ်ကိုဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ၄င်းကဆိုသည်။

အစ္စရေး၏ နျူကလီးယားလှုပ်ရှားမှုများသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ဒေသတွင်း နိုင်ငံများအကြား အဓိကစိတ်ပူပန်စရာကိစ္စဖြစ်လာသည်ဟု နာဂျာဖီကဆက်လက် ပြောဆိုပြီး အစ္စရေးနှင့်နျူကလီးယားကိစ္စပူးပေါင်းသည့် မည်သည့်ကိစ္စကိုမဆို နိုင်ငံတကာက တားမြစ်သင့်ကြောင်း တိုက်တွန်းထားသည်ဟုသိရသည်။

Ref: Xinhua

Read 30 times Last modified on Sunday, 26 November 2017 09:00