SJ WorldNews - шаблон joomla Авто

ဥရောပအတွက် ဘေးဒုက္ခဆိုးကြီး တစ်ခုအဖြစ် ထွက်ပေါ်လာ နိုင်သည့်ကာတာလိုနီးယား ခွဲထွက်မှု

Sunday, 08 October 2017 11:23 font size decrease font size decrease font size increase font size increase font size

ကာတာ လိုနီးယား ဒေသက  စပိန်နိုင်ငံမှခွဲထွက်ရန်  ကြိုးပမ်းချက် တစ်ရပ်အဖြစ် ဒေသတွင်း၌ ခွဲထွက်ရေး အတွက် လူထုဆန္ဒခံယူပွဲတစ်ရပ်ကို ကျင်းပပြီးနောက် ထိုသို့ လုပ်ဆောင်ခြင်းသည် ဥရောပအတွက် ဘေးဒုက္ခကြီး တစ်ခုအဖြစ် ထွက်ပေါ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ထောက်ပြထားသည်။ အကယ်၍ ကာတာလိုနီးယား ဒေသအနေဖြင့်  စပိန်မှ ခွဲထွက်နိုင်မည် ဆိုပါက ဥရောပအတွက် ဘဏ္ဍာရေးနှင့် စီးပွားရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ အကျပ်အတည်းများ   ဖြစ်ပေါ်စေမည်ဖြစ်ပြီး  ယင်းပြဿနာရပ် များသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီး ချိန်မှစ၍ နှစ်ပေါင်းများစွာကြာ မဖြစ်ပွားဖူးသေးသည့် ပြဿနာရပ်များ အဖြစ် ထွက်ပေါ်လာနိုင်သည်ဟု ဗြိတိန် ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ ဒေါက်တာ ရပ်ဆဲလ်ဖော့စတားက ထောက်ပြထားသည်။

ထို့ပြင် ကာတာလို နီးယားက စပိန်မှ ခွဲထွက်မည်ဆိုပါက စပိန်အနေဖြင့် စီးပွားရေးအရ ပြင်းထန်သည့် အကျပ်အတည်းနှင့် ရင်ဆိုင်ရ ဖွယ်ရှိသည်ဟု ၎င်းကပြောသည်။ အကြောင်းမှာ ကာတာ လိုနီးယားဒေသသည် စပိန်နိုင်ငံအတွင်းရှိ စီးပွားရေး အင်အား တောင့်တင်းသည့် ဒေသကြီး တစ်ခုဖြစ်ပြီး ယင်းဒေသတစ်ခုတည်းကပင် စပိန်တစ်နိုင်ငံလုံး ဂျီဒီပီ၏ ၁၉ ရာခိုင်နှုန်းကို  ပြီးခဲ့သည့်နှစ်က ထုတ်လုပ်ပေးခဲ့သည်ကို တွေ့ရသည်။

တစ်ချိန်တည်းမှာပင် ကာတာလိုနီးယားဒေသက စပိန်မှခွဲထွက်ခြင်းသည် ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ခြင်းထက်  ပိုမိုဆိုးရွားသည့်အခြေအနေများ ထွက်ပေါ်လာစေနိုင်သည်ဟု ဥရောပသမဂ္ဂ လွှတ်တော် အမတ် ဖိလစ်လန်း ဘတ်က ပြောကြား ထားသည်။ အလားတူပင် ကာတာလိုနီးယားဒေသ၏ ကြိုးပမ်းမှုသာ အောင်မြင်မည်ဆိုပါက ပြင်သစ်နှင့် ဂျာမနီ တို့၌လည်း အလားတူဖြစ်စဉ်မျိုး ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိသည်။

ယခုအခါ ကာတာလိုနီးယားဒေသမှ တာဝန်ရှိသူများသည် စပိန်အစိုးရ၏သတိပေး ချက်ကို ဖီဆန်၍ မကြာမီ စပိန်နိုင်ငံမှ ခွဲထွက်၍ လွတ်လပ်ရေးကို ကြေညာမည်ဟု ယင်းဒေသခေါင်းဆောင် ချားလ်ပွီဒီမွန်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြောကြားလိုက်သည်။ ထို့ပြင် သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်လွှတ်တော် ရွေးကောက် ပွဲများကိုလည်း ဆက်လက်ကျင်းပရန် စီစဉ်ထားသောကြောင့် ယင်းအခြေအနေများသည် ဥရောပသမဂ္ဂ၏ အဓိက အဖွဲ့ဝင်နိုင်ငံ တချို့အား ရတက်မအေးဖြစ်စေသည်။

စပိန်မှ ခွဲထွက်ရေးနှင့်စပ်လျဉ်း၍ အောက်တိုဘာ ၁ရက်ကကျင်းပသည့် လူထုဆန္ဒခံယူပွဲတွင် ဒေသတွင်းရှိ ပြည်သူ ၉ဝ ဒသမ ၁၈ ရာခိုင်နှုန်းကျော်က တစ်ခဲနက်ထောက်ခံခဲ့ကြသည်။  သို့သော်  လူထုဆန္ဒခံယူပွဲမှ ထွက်ပေါ်လာ သည့် ရလဒ်ကို  စပိန်အစိုးရက လက်မခံဘဲ ပယ်ချထားပြီး ဥရောပ သမဂ္ဂအနေဖြင့် လက်ရှိ စပိန်ဗဟို အစိုးရကိုသာ ထောက်ခံလျက်ရှိသော်လည်း ကာတာလိုနီးယားဒေသမှ တာဝန်ရှိသူများ အနေဖြင့် ဤ အခြေအနေ အထိ ရောက်ရှိပြီးမှ နောက်ပြန်လှည့်မည့်လက္ခဏာပြသထားခြင်းမရှိပေ။ ခွဲထွက်ရေးအစီအစဉ်ကို ပြင်သစ် အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများက ဆန့်ကျင်ဝေဖန်ထားပြီး စပိန်နိုင်ငံ၏ စည်းလုံး ညီညွတ်မှုနှင့် ပေါင်းစည်း မှုကို ထောက်ခံကြောင်း ပြသခဲ့သော်လည်း အဆိုပါခွဲထွက်ရေး ကြိုးပမ်းမှု၏ နောက်ဆက်တွဲ အခြေ အနေ များကို ပြင်သစ်နှင့် တခြား ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံကြီးများက စိတ်ဝင်တစား စောင့်ကြည့် နေမည် ဖြစ်သည်။

ဇေယျဘုန်း

Read 92 times Last modified on Sunday, 08 October 2017 11:25