SJ WorldNews - шаблон joomla Авто

ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ထပ်မံဖြစ်ပွားမည့်အနေအထားသို့ ရောက်လုနီးပါးဖြစ်လာသည့် ဆီးရီးယား

Sunday, 13 May 2018 11:33 font size decrease font size decrease font size increase font size increase font size

အစ္စရေး လေတပ်သည် ဆီးရီးယားနိုင်ငံအပေါ် မေ ၁ဝ ရက်က နာရီအတော်များများ လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက်တွင် ဆီးရီးယားနှင့် စပ်လျဉ်း၍ နောက်ထပ်ထိပ်တိုက် တွေ့ဆုံမှု တစ်ခု ထပ်မံဖြစ်ပွားမည့် အနေအထားသို့ ရောက်လုနီးပါး ဖြစ်လာသည်ကို တွေ့ရသည်။ အီရန်တပ်များသည် အစ္စရေးတို့ ထိန်းချုပ်ထားသည့် ဂိုလန်ကုန်းမြင့်ဒေသသို့ ဒုံးကျည်အစင်း ၂ဝ ခန့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် အစ္စရေးစစ်ဘက်က ဆီးရီးယား အတွင်းရှိ အီရန်တပ်များ၏ အခြေစိုက် စခန်းများ အပေါ် တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ပြောကြားထား သော်လည်း တကယ်တမ်း မြေပြင်၌ တိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ အီရန် စစ်သည် များ မဟုတ်ဘဲ ဆီးရီးယား တပ်ဖွဲ့ဝင်များသာဖြစ်သည်ဟု မျက်မြင်သက်သေများနှင့် ဆီးရီး ယား အစိုးရက တုံ့ပြန်ပြောကြား ထားသည်။

အစ္စရေး လေတပ်သည် ဒမတ်စကပ်မြို့အနီးရှိ လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုနှင့် ရေဒါ စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုသည် အီရန်ကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ဆီးရီးယား စစ်သည်များကိုသာ ပစ်မှတ်ထားခြင်းဖြစ်သည်ဟူသော ပြောဆိုသံများ ထွက်ပေါ် လာသည်။ ဆီးရီးယား၌ အီရန်တပ်များက အခြေစိုက်စခန်းများ ဖွင့်လှစ်ထားခြင်းမရှိဘဲ ဆီးရီး ယား စစ်သည်များအား အကြမ်းဖက် အဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင် အကြံဉာဏ် ပေးအပ်မည့် စစ်ရေးအကြံပေးများ သာရှိကြောင်း ဆီးရီးယားက ဆိုထားသည်။ အီရန်နိုင်ငံ သည် ဆီးရီးယားအတွင်း ၎င်းတို့၏ နျူကလီးယား အစီအစဉ်ကို လျှို့ဝှက် လုပ်ဆောင်နေ သည်ဟု အစ္စရေးတို့က ယူဆနေခြင်းကြောင့် ယခုကဲ့သို့ အီရန်၏ ပစ်မှတ်များ ရှိသည်ဟု ထင်မှတ်သည့် နေရာများအပေါ် လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်သည်။

သို့ရာတွင် ခုတ်ရာနှင့် ရှရာက တခြားစီဖြစ်နေသည်။ အစ္စရေးနှင့် ဆီးရီးယား တို့ကြားဖြစ်ပွား သည့် တိုက်ခိုက်မှု သမိုင်းကို ပြန်ကြည့်မည်ဆိုပါက ဆီးရီးယား အစိုးရသည် ၁၉၇၃ ခုနှစ် ကဖြစ်ပွားသည့် အာရပ်-အစ္စရေး စစ်ပွဲပြီးဆုံးချိန်မှစ၍ အစ္စရေးအပေါ် လေကြောင်းမှ တိုက်ခိုက်ခြင်း မရှိသော်လည်း အစ္စရေးစစ်ဘက်က ဆီးရီးယားအပေါ် စွပ်စွဲချက် အမျိုးမျိုး လုပ်ဆောင်ကာ တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အစ္စရေး၏ လုပ် ဆောင်ချက်များနှင့် စပ်လျဉ်း၍ အီရန်က ပြင်းပြင်းထန်ထန် သတိပေးထားသည်။ အနောက် နိုင်ငံများက ဖိအားပေးလျက်ရှိသော်လည်း အီရန်အနေဖြင့် ၎င်းတို့ ဒုံးကျည်များ၏ ပစ်ခတ်နိုင် သည့် အကွာအဝေးကို ထပ်မံတိုးမြှင့်မည်ဖြစ်သည်ဟု အီရန်က ဆိုသည်။

အကယ်၍ အစ္စရေး အစိုးရအနေဖြင့် ဆင်ဆင်ခြင်ခြင် လုပ်ဆောင်ခြင်းမရှိပါက တဲအဗစ်နှင့် ဟိုင်ဖာ ကဲ့သို့သော အစ္စရေးမြို့ကြီးများကို လုံးဝပျက်စီး သွားအောင်တိုက်ခိုက် ဖျက်ဆီး ပစ်မည်ဟု အီရန်က ခြိမ်းခြောက်လျက်ရှိသည်။ ထို့ကြောင့် အီရန်၏ ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်အပေါ် စိုးရိမ်မကင်းဖြစ်နေသည့် အစ္စရေးက ဆီးရီးယားအပေါ် အကြောင်းပြချက် အမျိုးမျိုးဖြင့် လေကြောင်းမှ တိုက်ခိုက်ခြင်းသည် ယခုအခါ အပြက်ပြက်ဖြင့် နှာခေါင်း သွေးထွက်မည့် အခြေအနေသို့ ဆိုက်ရောက် လာနိုင်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် သက်ဆိုင်ရာ နိုင်ငံများ အနေဖြင့် ဆင်ဆင်ခြင်ခြင် လုပ်ဆောင်ရန် လိုအပ်နေ ပြီဖြစ် သည်။ သို့မဟုတ်ပါက ပြည်တွင်းစစ်၊ စစ်သွေးကြွ အဖွဲ့ပေါင်း သောင်းခြောက်ထောင်၏ တိုက်ခိုက်မှုကို နှစ်ပေါင်းများစွာ ကြာတွေ့ကြုံရသည့် ဆီးရီးယား၌ နောက်ထပ်ရေကုန် ရေခန်း တိုက်ခိုက်မည့် ဒေသတွင်း စစ်ပွဲတစ်ပွဲ၏ ဒဏ်ကို ထပ်မံခံစား ရမည်ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ပါသည်။

Read 53 times Last modified on Sunday, 13 May 2018 11:34