SJ WorldNews - шаблон joomla Авто

တတ်သိပညာ မျှဝေပါ တို့ပြည်သာရေး ဝိုင်းကူပေး

Sunday, 13 August 2017 07:20 font size decrease font size decrease font size increase font size increase font size

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားရေးအတွက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စဉ်ဆက်မပြတ် ကြိုးပမ်းရှာဖွေလျက် ရှိရာ ၂ဝ၁၇ ခုနှစ် ဇူလိုင်လအတွင်း ပြည်ပသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်သူ ၁၄ဝဝဝ ကျော်နှင့် ပြည်တွင်း အလုပ်နေရာ ၁၈ဝဝဝ ကျော် ခန့်ထားနိုင် ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရန် စေလွှတ်သည့် နိုင်ငံများမှာ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ယူအေအီး နိုင်ငံနှင့် ကာတာနိုင်ငံတို့ ဖြစ်ပြီး ဝန်ကြီးဌာနက ဇူလိုင်လအတွင်း တရားဝင် စေလွှတ်သူဦးရေ စုစုပေါင်း ၁၄၂၉၃ ဦးဖြစ်သည်။ ပြည်တွင်း အလုပ်အကိုင် ရရှိမှု အခြေအနေမှာ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးရှိ အစိုးရဌာန ဆိုင်ရာများနှင့် ပုဂ္ဂလိက လုပ်ငန်းတို့တွင် စုစုပေါင်း ၁၈၅၉၂ ဦးတို့ကို အလုပ်အကိုင် ခန့်ထားပေးခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသော မြန်မာနိုင်ငံသား များမှ အထောက်အထား မပြည့်စုံသူများနှင့် အထောက်အထား လုံးဝမရှိသူ များသည် ဇွန် ၂၉ ရက်မှစ၍ မြန်မာနိုင်ငံသို့ မြဝတီမြို့(၉၉၉) ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက် လာကြရာ နေ့စဉ်ထောင်ဂဏန်း အထိ ရှိပြီး ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ရေလမ်းခရီးဖြင့် ဇွန် ၁ ရက်တွင် ကော့သောင်းနယ်စပ် ဂိတ်သို့ ပထမ အသုတ်အဖြစ် ပြန်လည် ဝင်ရောက်လာသူ ၇၂ ဦးရှိသည်။ ယခုအချိန်အထိ ကော့သောင်း နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လျက် ရှိရာ သြဂုတ် ၁ဝ ရက် ညနေပိုင်းတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၁ဝ ဦးနှင့် ကလေးငယ် တစ်ဦး စုစုပေါင်း ၄၂ ဦး တို့သည် ပဲ့ချိတ် လှေနှစ်စင်းဖြင့် (၁၇)ကြိမ်မြောက် ပြန်လည် ဝင်ရောက်လာသည့် အသုတ်အဖြစ် ရောက်ရှိလာကြသည်။   ပြန်လည်ဝင်ရောက် လာကြသည့် အလုပ်သမားများ၏ နေရပ်ဒေသများမှာ မြိတ်၊ ထားဝယ်၊ မော်လမြိုင်မြို့တို့၊ ရန်ကုန်၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပါဝင်ကြသကဲ့သို့ ရခိုင်ပြည်နယ်လည်း ပါဝင်ကြရာ ကော့သောင်းမြို့မှ အိမ်ပြန်ရောက်သည် အထိ ခရီးစရိတ်နှင့် စားသောက်စရိတ် တို့ကို ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များက ထောက်ပံ့ပေး ကြသည်။ ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေ စတင် အာဏာတည်သည့် ဇွန် ၂၂ ရက်နောက်ပိုင်း  ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံမှ အလုပ်သမားများအား စနစ်တကျ မှတ်ပုံတင်၍ တရားဝင်ရွှေ့ပြောင်း အလုပ်သမား ဖြစ်စေရေး၊ ထိုင်းနိုင်ငံက သတ်မှတ်ထားသော လုပ်ခလစာ အပြည့်အဝ ရရှိစေရေးနှင့် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ အထောက်အထား (CI) လက်မှတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်များအား ဆက်လက် ဆောင်ရွက်နိုင်ရေးတို့ကို မြန်မာနိုင်ငံမှ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးတို့ ဇွန် ၃ဝ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးဖြစ်သည်။ အဆိုပါ ကိစ္စများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ ဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လည်း မြန်မာနိုင်ငံ အစိုးရက အကြောင်းကြား နှိုးဆော်ထားသည်။ ယခုအချိန်အထိ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသော အလုပ်သမားများ ရှိသကဲ့သို့ ထိုင်းနိုင်ငံအတွင်း ဆက်လက် နေထိုင်လုပ်ကိုင် နေကြသော မြန်မာလုပ်သား လေးသိန်းကျော်ရှိကြောင်း မီဒီယာများက ဖော်ပြသော သတင်းများအရ သိရသည်။

မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြရာတွင် အိမ်နီးချင်း နိုင်ငံများ၊  ဒေသတွင်း နိုင်ငံများနှင့် အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများ အထိ သွားရောက် လုပ်ကိုင်ကြသည်။ မည်သည့်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သည် ဖြစ်စေ တရားဝင် သွားရောက် လုပ်ကိုင်ခြင်းကသာ မိမိအတွက် လုံခြုံမှု ရှိမည်ဖြစ်သည်။ တရားမဝင် သွားရောက် လုပ်ကိုင်သူများသည် တာဝန်ယူမှု မရှိသော ကုမ္ပဏီများနှင့် ဆက်သွယ်၍ ငွေကြေး အမြောက်အမြားပေးရကာ သက်ဆိုင်ရာ နိုင်ငံများသို့ ရောက်သွားသည့် တိုင်အောင် ညှာတာမှု ကင်းမဲ့သော ကိုယ်ကျိုးရှာ တာဝန်ရှိသူများနှင့် တွေ့ဆုံရသောအခါ ကျားသနားမှ နွားချမ်းသာ ရတော့မည့် ဒုက္ခနှင့် ကြုံရသည့် သာဓကများစွာ ရှိသည်ကို သင်ခန်းစာ ယူတတ်ရန်လိုသည်။ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင် ကြသူများတွင် အများစုမှာ အခြေခံပညာ အားနည်းခြင်းနှင့် ပြင်ပဗဟုသုတ အတွေ့အကြုံ မရှိသူက အများစု ပါဝင်ကြလေရာ ရှင်ကြီး ကျားထက်ဆိုးသည့် အခြေအနေ သတင်းများ မကြာခဏ ကြားသိနေကြရသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းများအရ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုအတွင်း လူကုန်ကူးခံရသူ ၃၄၈၉ ဦးရှိကြောင်း သိရသည်။ လူကုန်ကူး ခံရခြင်း၏ အဓိက အကြောင်းရင်းများမှာ အကြွေးထူခြင်း၊ အခြေခံပညာ နည်းပါးခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း တို့ကြောင့်ဖြစ်သည်ဟု အရပ်ဘက် အဖွဲ့အစည်း များက သုံးသပ်ကြသည်။ နိုင်ငံတော် အစိုးရသည် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ပြည်ပသို့ တရားဝင် စေလွှတ်ခြင်းနှင့် ပြည်တွင်း၌ ခန့်ထားခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက် လာကြောင်း သိရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ သို့ဖြစ်၍ ပြည်ပမှ ပြန်လည်ရောက်ရှိ လာကြသူများသည် မိမိတို့ အတွေ့အကြုံများမှ ကောင်းဆိုးနှစ်တန်ကို ဝေဖန်ထောက်ရှု အသုံးချ မျှဝေရန် ပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသို့ ဝင်ရောက် လုပ်ကိုင်ကြပါက အားလုံးအတွက် အကျိုးရှိနိုင်ကြောင်း မြဝတီက သုံးသပ်ရပါသည်။

Read 158 times Last modified on Friday, 18 August 2017 11:41