SJ WorldNews - шаблон joomla Авто

အမြန်လိုလျှင် အနှေးဖြစ်တတ်သည်ကို သတိပြု

Tuesday, 14 November 2017 09:48 font size decrease font size decrease font size increase font size increase font size

နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် လမ်းခရီးဆက်သွယ်မှု ကောင်းမွန်စေရန် ပြည်ထောင်စုကြီး၏ တစ်နံတစ်လျားတွင် မော်တော်ကားလမ်းများကို ကွန်ရက်သဖွယ် ဖောက်လုပ်ပေးထားသဖြင့် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့ခြင်းနှင့် အတူ  ယာဉ်မတော်တဆဖြစ်သည့် သတင်းများကိုလည်း နေ့စဉ်တွေ့မြင် ကြားသိနေရသည်။

ယာဉ်မတော်တဆမှုများမှာ ကျေးလက်နှင့်မြို့ပြနေရာ အနှံ့ဖြစ်နေကြရာ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် အမြင့်ကျေးရွာရှိ လူနေအိမ် တစ်အိမ်ရှေ့၌ လမ်းပေါ်၌ရပ်ထားသော ထော်လာဂျီယာဉ်ကို နောက်ဆုတ်လိုက်ချိန်တွင် ထော်လာဂျီနောက်မှ ခိုစီးလိုက်လာသော သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးအား ကြိတ်မိသဖြင့် ကလေးငယ်သေဆုံးသွားသော ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် မန်လွယ်ကျေးရွာအနီး၌ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် မူဆယ်ဘက်မှ ဆင်းလာသော ၂၂ ဘီးတွဲယာဉ်နှင့် မူဆယ်ဘက်သို့ တက်လာသော ယာဉ်ငယ်တစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိသဖြင့် ယာဉ်ငယ်ပေါ်လိုက်ပါလာသူ ငါးဦးသေဆုံးသွားသည်။ မူဆယ်ဘက်မှ ဆင်းလာသော  တွဲယာဉ်နှင့်  မူဆယ်ဘက်သို့တက်လာသော ယာဉ်ငယ်တို့  ဆုံတွေ့သည့်နေရာ လမ်းဘေး၌ လမ်းကြိတ်စက်တစ်စီး ရပ်ထားသဖြင့် တွဲယာဉ်နှင့် လမ်းကြိတ်စက်ကြားတွင် ယာဉ်ငယ်ကို အတိုက်ခံရပြီး လမ်းကြိတ်စက်နှင့် ထပ်မံတိုက်မိခြင်း ဖြစ်ကြောင်း ကွတ်ခိုင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပျော်ဘွယ်မြို့နယ်အတွင်း မိုင်တိုင်အမှတ်(၂၅၆/၆)အနီး၌ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ အထည်အလိပ်များ တင်ဆောင်မောင်းနှင်လာသော အီစူဇူးခြောက်ဘီးယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကာရံထားသည့် အလူမီနီယံတန်းအား တိုက်မိတိမ်းမှောက်သွားသော ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၉ ရက် ည ၁၁ နာရီကဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်ကြောင့် ယာဉ်မောင်း အနည်းငယ် ထိခိုက်ဒဏ်ရာရရှိပြီး ယာဉ်ပျက်စီးမှု တန်ဖိုး ငွေကျပ်ခုနစ်သိန်းခန့် ရှိကြောင်းသိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်း  ကော့ကရိတ်-မြဝတီလမ်းမကြီး  နတ်စင်ကွေ့၌ စက်ပျက်သဖြင့် ရပ်ထားသော ခြောက်ဘီးယာဉ်တစ်စီးကို ဂက်စ်အိုးအလုံး ၄ဝဝ တင်ဆောင်မောင်းနှင်လာသော ၂၂ ဘီးယာဉ်က နောက်မှဝင်တိုက်ပြီး လမ်းယာဘက်ဘေးရှိ ရေမြောင်းထဲသို့ ယာဉ်ခေါင်းပိုင်း ထိုးကျသွားသည့်ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၉ ရက် ညနေပိုင်းကဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ် ပေါင်မြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၅၉/၂) ရင်းငြိမ်ကျေးရွာအနီး၌ သထုံမှမော်လမြိုင်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးသည် ၎င်း၏ရှေ့မှယာဉ်ကို ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြော မျက်နှာချင်းဆိုင်ဘက်မှ လာသော မော်တော်ဆိုင်ကယ်ကို ဝင်တိုက်မိသဖြင့် မော်တော်ဆိုင်ကယ် မောင်းနှင်လာသူ အခင်းဖြစ်နေရာ၌ သေဆုံးသွားသော ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၁ဝ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ပုသိမ်-မုံရွာကားလမ်းရှိ ဆင်လူးကျေးရွာအနီးတွင် ဆီဘောက်ဆာ ခြောက်ဘီးယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းသို့ ထိုးကျသွားပြီး ကုက္ကိုပင်ကို ဝင်တိုက်မိသဖြင့် လူနှစ်ဦးသေဆုံးသော ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၅ ရက် ည ၈ နာရီတွင်ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့အတွင်း ပြည်လမ်းတွင် မြေနီကုန်းဘက်မှ မောင်းနှင်လာသော ဝိုင်ဘီအက်စ် ၃၅ လိုင်းမှ မော်တော်ယာဉ်တစ်စီးသည် အလုံမီးပွိုင့် အရောက်တွင် ဘရိတ်ပေါက်သွားသဖြင့် မီးပွိုင့်၌ စောင့်ဆိုင်းနေသော ယာဉ်များအား ဝင်တိုက်မိရာမှ   ယာဉ်ကိုးစီး ဆင့်တိုက်သည့် ဖြစ်စဉ်တစ်ခု နိုဝင်ဘာ၁ဝ ရက် မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိဘဲ ယာဉ်များ၌သာ ပျက်စီးမှုရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေထူထပ်သော ဒေသဖြစ်သည့် အားလျော်စွာ မော်တော်ယာဉ်သွားလာမှုများပြားသဖြင့် ယာဉ်မတော်တဆမှု ဖြစ်ပွားသည့် အကြိမ်ရေများပြားသည်။ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ ၁ဝ လတာအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မော်တော်ယာဉ် မတော်တဆမှု ၂၁၄၅ မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၅ဝ၈ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၇၁ဝ ဦးအထိ ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များအား ပြန်လည်သုံးသပ်ပါက ယာဉ်မောင်းသူများသည် ယာဉ်ပေါ်မတက်မီ မိမိယာဉ်ကို တစ်ပတ်လှည့်ကြည့်ကြရန် လိုသည်။ ယခင်ကဖြစ်စဉ်များမှာလည်း ယာဉ်အောက် ဝင်အိပ်နေသော ယာဉ်နောက်လိုက်ကို ယာဉ်ထွက်ခွာစဉ် နောက်ဘီးနှင့် တက်နင်းမိသဖြင့် သေဆုံးသောဖြစ်စဉ်များ ရှိခဲ့ဖူးသည်။

မည်သည့်အကြောင်းကြောင့်ရပ်ရပ်  လမ်းဘေးချရပ်ဆိုသည်ကို   လိုက်နာသည့်တိုင်အောင် အချိန်ကြာကြာ ရပ်မည်ဆိုလျှင်  အခြားယာဉ်မောင်းများ   မြင်သာသော အမှတ်အသားတစ်ခုခုတော့ ပြထားရမည်ဖြစ်သည်။ မြန်မြန်ရောက်ချင်လို့  မော်တော်ကားနှင့် သွားခြင်းဖြစ်သည်။ နှေးနှေးသွားလိုလျှင် နွားလှည်းနှင့် သွားမည်ဟု ပြောကြသံကြားရဖူးသည်။  သို့သော် အမြန်လိုလျှင် အနှေးဖြစ်တတ်သည်ကို သတိရှိကြရန် လိုကြောင်း မြဝတီက စိတ်စေတနာကောင်းဖြင့် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

Read 23 times Last modified on Tuesday, 14 November 2017 09:49