SJ WorldNews - шаблон joomla Авто

ပို့ကုန်အရည်အသွေး မြင့်မားရေး ဦးစားပေး

Saturday, 11 November 2017 09:48 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် သြဂုတ်လနှင့် စက်တင်ဘာလတို့အတွင်း ခွင့်ပြုပေးခဲ့သည့်  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှစ်ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁ဝ ခုတို့ကို ထုတ်ပြန်ကြေညာ ထားသည်။

နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စက်မှုလက်မှု၊ လျှပ်စစ်ဓာတ်အား၊ အိမ်ရာအဆောက်အအုံ၊ ဟိုတယ်နှင့်ခရီးသွား၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများပါဝင်ကြသည်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အိမ်ရာအဆောက်အအုံ၊ စက်မှုနှင့်စက်မှုဇုန် တည်ထောင်ရေး၊ ဟိုတယ်နှင့်ခရီးသွား၊ ဆောက်လုပ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား၊ လယ်ယာနှင့် အခြားလုပ်ငန်းများ ပါဝင်ကြသည်။

ပြည်တွင်းအလုပ်သမားများအတွက်  အလုပ်အကိုင် အခွင့်အလမ်း တိုးချဲ့ဖန်တီးမှု အခြေအနေမှာ လယ်ယာ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စက်မှု၊ လျှပ်စစ်ဓာတ်အား၊ ဟိုတယ်နှင့် ခရီးသွား၊ အိမ်ရာနှင့်အဆောက်အအုံ၊ အခြားဝန်ဆောင်မှု ကဏ္ဍအသီးသီး၌ သြဂုတ်နှင့် စက်တင်ဘာလတို့အတွင်း  အလုပ်အကိုင် အခွင့်အလမ်း  ၁၆၉၉ဝ  ဖန်တီးပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။

ယနေ့ ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်း အားထုတ်ကြရာတွင် ကုန်သွယ်မှုကဏ္ဍကို ဦးဆောင်ကဏ္ဍအဖြစ် သတ်မှတ် ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးလျက်ရှိရာ ၂ဝ၁၃ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်မှု အခွင့်အလမ်း ပိုမိုရရှိလာချိန်တွင်   ပို့ကုန်ဦးဆောင်သည့်  စီးပွားရေး တိုးတက်မှုပုံစံ ပြောင်းလဲရန် ပို့ကုန်များ၏ အရည်အသွေးနှင့် အရေအတွက် တိုးတက်ရေး၊ ပို့ကုန်အမယ်သစ်များ ထုတ်လုပ်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး၊ ဈေးကွက်သစ် ရရှိရေး တို့ကို  အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ အထက်ပါလုပ်ငန်းများကို အကောင်အထည် ဖော်ရန်အတွက် လက်တွေ့ကျသည့် ပို့ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားရေးတို့အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ(NES)ကို ရေးဆွဲ အကောင်အထည် ဖော်လျက်ရှိသည်။

အမျိုးသားပို့ကုန် မဟာဗျူဟာ၏  အဓိကမျှော်မှန်းချက်မှာ  ထွန်းသစ်စမြန်မာနိုင်ငံအတွက် ပို့ကုန်ဦးဆောင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုနှင့် ကြွယ်ဝမှုရရှိရေးဖြစ်သည်။ဤဦးတည်ချက်များသည် နိုင်ငံသားများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ခြင်းနှင့် ပို့ကုန်ဦးဆောင်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး၊ ကမ္ဘာ့နိုင်ငံများနှင့် စီးပွားရေးပေါင်းစည်းမှု၊ အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှု၊  နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊  ပို့ကုန်လုပ်ငန်းရှင် အဖွဲ့အစည်းများ အားကောင်းရေး၊ ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးနှင့် စွမ်းရည်တိုးမြှင့်ရေး စသည်တို့ အကျုံးဝင်လျက်ရှိရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် ကျယ်ပြန့်သည့် ဦးတည်ချက်များဖြစ်သည်။

အမျိုးသားပို့ကုန် မဟာဗျူဟာ အကောင်အထည်ဖော်ရန် နိုင်ငံတော်အစိုးရ ဌာနဆိုင်ရာများ၊  ပုဂ္ဂလိက အဖွဲ့အစည်းများ၊  အရပ်ဘက် အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်း အဖွဲ့အစည်းများမှ  ပညာရှင်များ ပါဝင်သည့် ဆွေးနွေးပွဲများတွင် သဘောတူ ရွေးချယ်ထားသည့် ဦးစားပေးပို့ကုန်များမှာ ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ အထည်အလိပ်နှင့် ချုပ်ပြီးအထည်၊ သစ်နှင့်သစ်တောထွက်ပစ္စည်း၊  ဝန်ဆောင်မှုပို့ကုန် တစ်မျိုးဖြစ်သည့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတို့ကို ရွေးချယ်ထားပြီး အလားအလာကောင်းသည့် ပို့ကုန်အဖြစ် ရော်ဘာကို ရွေးချယ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ပို့ကုန် ပဲမျိုးစုံ စိုက်ပျိုးရေးသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကြောင့် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ကမ္ဘာ့နိုင်ငံများ၏ ပဲမျိုးစုံဈေးကွက်မှာ ကနေဒါနိုင်ငံပြီးလျှင် မြန်မာနိုင်ငံက ဒုတိယအများဆုံး တင်ပို့သော နိုင်ငံဖြစ်သည့်အပြင် အာရှနိုင်ငံများတွင် ပဲအများဆုံး တင်ပို့သောနိုင်ငံဖြစ်သည်။ ယနေ့အချိန်တွင် ကနေဒါနိုင်ငံမှ ပဲများက အိန္ဒိယဈေးကွက်သို့ ဈေးနှုန်းအနိမ့်ဖြင့် ဝင်ရောက်လျက်ရှိရာ မြန်မာနိုင်ငံမှပဲများက အရည်အသွေးနှင့် ဈေးနှုန်းပါ မယှဉ်နိုင်သောကြောင့် မြန်မာ့ပဲဈေးကွက် ဝေစု တဖြည်းဖြည်း ကျဆင်းလာကြောင်း သိရသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ အမျိုးသားပို့ကုန် မဟာဗျူဟာကို ထိရောက်စွာ အကောင်အထည်ဖော်ကြရာတွင် မြန်မာ့ပို့ကုန် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေး ဦးစားပေးဆောင်ရွက်ခြင်းဖြင့် တောင်သူလယ်သမားများ ဘဝမြှင့်တင်ပေးသင့်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။     

Read 21 times Last modified on Saturday, 11 November 2017 09:49