SJ WorldNews - шаблон joomla Авто

သကြားချိုချို ဝေဒနာခါးခါး သတိနှင့်စား

Thursday, 09 November 2017 10:21 font size decrease font size decrease font size increase font size increase font size

အသက်ရှည်ကျန်းမာသော လူ့ဘဝကို ရယူပိုင်ဆိုင်နိုင်ကြစေလိုသော ရည်ရွယ်ချက်ဖြင့် ရောဂါဘယ ကင်းဝေးရေး၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော ရောဂါဝေဒနာ ပျောက်ကင်းသက်သာရေး တို့ကို ကျန်းမာရေး ပညာရှင်များက စဉ်ဆက်မပြတ် သုတေသနပြု၍ လေ့လာဖော်ထုတ် နေကြရာ တူရကီနိုင်ငံမှ သုတေသီများသည် ကော်ဖီသောက်သုံးခြင်းဖြင့် ကျန်းမာရေးအတွက် ဆေးတစ်ခွက်ဖြစ်ကြောင်း တွေ့ရှိ ထားကြသည်။

တူရကီနိုင်ငံမှ သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ နာတာရှည် ကျောက်ကပ်ရောဂါဝေဒနာ ခံစားနေရသူများသည် တစ်နေ့လျှင် ကော်ဖီသုံးခွက် သောက်သုံးခြင်းဖြင့် လူ့သက်တမ်း လေးပုံတစ်ပုံ ပို၍ရှည်ကြာစွာ နေရနိုင်ကြောင်း တွေ့ရှိထားကြသည်။ သုတေသီများသည် လူနာပေါင်း ၂၃ဝဝဝ တို့ကို ၁၂ နှစ်ကြာ လေ့လာခဲ့ကြရာ တစ်နေ့လျှင် ကော်ဖီသုံးခွက် သောက်သူက လူ့သက်တမ်း ပို၍ရှည်ကြာစေသကဲ့သို့ တစ်နေ့လျှင် ကော်ဖီတစ်ခွက် သို့မဟုတ် နှစ်ခွက်သောက်သူက ကော်ဖီလုံးဝ မသောက်သူများထက် ပို၍ အသက်ရှည်နိုင်သည့် အခွင့်အလမ်း ၁၂ ရာခိုင်နှုန်းနှင့် ၂၂ ရာခိုင်နှုန်းပိုကြောင်း တွေ့ရသဖြင့် နာတာရှည် ကျောက်ကပ်ရောဂါ ဝေဒနာခံစားနေရသူများ အနေဖြင့် ကော်ဖီသောက်သုံးသင့်ကြောင်း မြောက်ပိုင်းလစ္စဘွန်း ဆေးရုံမှ သုတေသီတစ်ဦးက တိုက်တွန်းထားသည်။

ကျောက်ကပ်ရောဂါ ဝေဒနာသည် သက်ကြီးရွယ်အိုများတွင် အဖြစ်များပြီး ဗြိတိန်နိုင်ငံ၌ လူဦးရေနှစ်သန်းနီးပါးခန့်နှင့် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေငါးသန်းခန့် ခံစားနေကြရသည်။ ကျောက်ကပ်ရောဂါဝေဒနာ ခံစားရသူများအတွက် နောက်ဆက်တွဲ ခံစားရနိုင်ခြေရှိသော ရောဂါဝေဒနာအဖြစ် နှလုံးရောဂါ သို့မဟုတ် လေဖြတ်ရောဂါဝေဒနာဖြစ်ကြောင်း သိရသည်။ ကျောက်ကပ် ပျက်စီးခြင်းကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်သော ရောဂါဝေဒနာတွေများသဖြင့် ကျောက်ကပ်ရောဂါဝေဒနာကို အသံတိတ် လူသတ်သမား (Silent  Killer) ဟု အမည်ပေးထားကြသည်။  လူတို့၏ခန္ဓာကိုယ် အတွင်း ကဖိန်းဓာတ် များသည်နှင့်အမျှ အသက်ရှည်ကြာစွာ နေထိုင်ရမည့် အခွင့်အလမ်း ပို၍ရနိုင်သည်ဆိုရာဝယ်  လူမှုရေးပထဝီဝင် အချက်အလက်များဖြစ်သော မျိုးရိုး၊ မိသားစုဝင်ငွေ၊ အသက်အရွယ်၊ ကျားနှင့်မ၊ ပညာအရည်အချင်း၊ သွေးတိုးရောဂါရှိ၊ မရှိ၊ ဆေးလိပ်နှင့်အရက် သောက်သုံးမှု၊ နှလုံးရောဂါ သို့မဟုတ် လေဖြတ်ရောဂါ ခံစားရဖူးခြင်းရှိ၊ မရှိနှင့် နေ့စဉ်စားသောက်မှု ပုံစံတို့အပေါ် မူတည်လျက်ရှိကြောင်း သတိပေးထားသည်။ ဥရောပနိုင်ငံများမှ ကျန်းမာရေး ပညာရှင်များက လူလတ်ပိုင်းတစ်ဦး တစ်နေ့အတွက် ကဖိန်းစားသုံးမှုသည် မီလီဂရမ် ၄ဝဝ ထက် မပိုသင့်ပါဟု ဆိုထားသည်။

လူတို့အာဟာရအတွက် လက်ဖက်ရည် ကော်ဖီအပါအဝင် အဖျော်ယမကာ သောက်သုံးကြရာတွင် အဖျော် ယမကာတွင် ဖော်စပ်ပါဝင်သည့် ပစ္စည်းများကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်တတ်ခြင်းသည် ရက်သတ္တ တစ်ပတ်အတွင်း ဆော်ဒါတစ်ဘူးသောက်လျှင် သွေးတိုးဝေဒနာ ခံစားရတတ်ပြီး နှစ်ဘူးသောက်လျှင် ဆီးချိုသွေးချို၊ နှလုံးရောဂါနှင့် လေဖြတ်သည့်ဝေဒနာ ခံစားရနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက လေ့လာတွေ့ ရှိထားကြသည်။

ကျန်းမာရေးပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ၁၂ အောင်စရှိသော ဆော်ဒါတစ်ဘူးသည် လူတစ်ဦး အတွက် လိုအပ်သော သကြားဓာတ်ပမာဏထက် ၁၄ ဂရမ်ပိုထည့်ထားသဖြင့် သောက်သုံးသူအတွက် သွေးတိုးစေနိုင်သည်။ သကြားဓာတ်ပါဝင်မှု ပမာဏများသော အဖျော်ယမကာများကို စားသုံးခြင်းသည် အဝလွန်ခြင်းမှစ၍ နာတာရှည်ရောဂါဝေဒနာများ ဖြစ်စေတတ်သည်။   မျက်မှောက်ကာလ   ကမ္ဘာ့ပြည်သူများသည် ဆော်ဒါသောက်သုံးမှု အလေ့အထ အရွယ်သုံးပါးအတွင်း ပျံ့နှံ့လျက်ရှိခြင်းအပေါ် ကျန်းမာရေး ပညာရှင်များက စိုးရိမ်မကင်းဖြစ်နေကြသည်။

အမေရိကန်ပြည်ထောင်စုမှ သုတေသီများသည် ဈေးကွက်အတွင်း ရောင်းချနေသော စားသောက်ကုန်အမျိုး အစားပေါင်း ၈၅၄၅၁ မျိုးတို့ကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ ၇၄ ရာခိုင်နှုန်းတွင် သကြားဓာတ်ပါဝင်မှု လွန်ကဲကြောင်း တွေ့ရသည့်အနက် ၁၂ အောင်စဝင် ကိုကာကိုလာအချိုရည် တစ်ဘူး၌ သကြား ၃၉ ဂရမ်ပါဝင်သည်မှာ လူတစ်ဦး နေ့စဉ်စားသုံးသင့်သော ပမာဏထက် ၁၄ ဂရမ် ပိုမိုပါဝင်သည်ဟု ဆိုသည်။ အချို့သော ကျန်းမာရေးပညာရှင်များ၏ လေ့လာတွေ့ရှိချက်မှာ သကြားပါဝင်မှု လွန်ကဲသော အဖျော်ယမကာ စားသုံးခြင်းသည် ဇီဝဖြစ်စဉ်များ အတွက် အထောက်အကူပေးနေသော အင်ဆူလင်ကို အခြေပျက်စေသဖြင့် ဆီးချိုသွေးချိုရောဂါ အမှတ်(၂)ဖြစ်နိုင်ခြေ ပိုများတတ်ကြောင်း သိရသည်။ ထို့ပြင် ဆော်ဒါကို အဆက်မပြတ် သောက်သုံးသူများသည် သွေးတိုးရောဂါ၊ နှလုံးသွေးကြောနှင့် ဆိုင်သောရောဂါများဖြစ်နိုင်ကြောင်း သတိပေးထားသည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးသည် လွန်ခဲ့သောခြောက်နှစ်မှစ၍ ကမ္ဘာ့ပြည်သူများ ကျန်းမာရေးသတိရှိကြရန် ထုတ်ပြန်ကြေညာထားရာ နာတာရှည်ရောဂါသည် ကူးစက်တတ်သော ရောဂါများထက်ပို၍ ဒုက္ခပေးတတ်ကြောင်း၊ ဇီဝဖြစ်စဉ်များ ပုံမမှန်ခြင်းနှင့် ဆီးချိုသွေးချိုရောဂါတို့ကြောင့် နှစ်စဉ်လူ ၁၉ သန်းသေဆုံးနေကြောင်း ဖော်ပြထားသည်။

သို့ဖြစ်၍ အသံချဲ့စက်ဆို နှစ်မိုင်ဝေးက ကြားရမှ၊ လက်ဖက်ရည်ဆို ချိုမှ (ကျောက်ပန်းတောင်း)ဆိုသည် တို့ကို ရှောင်ကြဉ်၍ ဆော်ဒါနှင့်ရေခဲ ရောတတ်သည့် အလေ့အထကိုလည်း ချင့်ချင့်ချိန်ချိန် သုခမိန်ဖြစ်သင့်ကြောင်း မြဝတီက စေတနာကောင်းဖြင့် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  

Read 20 times Last modified on Thursday, 09 November 2017 10:23