SJ WorldNews - шаблон joomla Авто

လူ့ဘဝ လမ်းစဉ်မှာ ခွင်တစ်ခါ ခွေတစ်လှည့်

Thursday, 12 October 2017 09:00 font size decrease font size decrease font size increase font size increase font size

လူသားအားလုံးသည် မိမိတို့ မျိုးနွယ်အလိုက် စောင့်ထိန်းအပ်သည့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် ကိုယ်ကျင့်တရား များ အသီးသီး ရှိကြပြီးဖြစ်သည်။ ယဉ်ကျေးမှု ထွန်းကားလာသောအခါ လူသားမျိုးနွယ်များ စုပေါင်းနေထိုင်ကြသည့် နိုင်ငံအလိုက် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ ပြဋ္ဌာန်း၍ ထိန်းကျောင်း စည်းနှောင်မှုများ ရှိလာကြသည်။ လူ့အဖွဲ့ အစည်းအတွင်း ကိုယ်ကျင့်တရား စောင့်ထိန်း၍ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာသူများ၊ ကိုယ်ကျင့် တရားစောင့်ထိန်းမှု လျော့ပါး၍ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း မလိုက်နာသူများဟူ၍ ရှိကြသော သဘာဝကြောင့် ရာဇသတ်၊ ဓမ္မသတ်များမှစ၍ တရားမဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေ စသည်တို့ ပြဋ္ဌာန်း၍ တရားစီရင်ရေး ကိစ္စရပ်များ ကျယ်ပြန့်လာသည်။

ကမ္ဘာ့ပြည်သူများ ယုံကြည် ကိုးကွယ်ကြသည့် ဘာသာတရားတိုင်းသည် အဂတိတရား ကင်းရှင်းအောင် ရှောင်ရှား၍ သန့်ရှင်းစင်ကြယ်သော လူသားအဖြစ် နေထိုင်ကျင့်ကြံကြရန် ဆုံးမသွန်သင်ထားသည်။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုး ကွယ်ကြသော မြန်မာ့ လူ့အဖွဲ့အစည်းတွင် လူတိုင်းခါးဝတ် ပုဆိုးကဲ့သို့ မြဲအောင်စောင့်ထိန်း လိုက်နာရမည့် ငါးပါးသီ လနှင့်အညီ ကျင့်ကြံနေထိုင်ကြရန် ဆုံးမ သွန်သင်ထားပြီးဖြစ်သည်။ ဗုဒ္ဓဘာသာ ပေါ်ထွန်းသည်မှာ နှစ်ပေါင်း ၂၆ဝဝ ကျော်ပြီဖြစ်သည်။ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုကို ပျူခေတ်မှစ၍ ကိုးကွယ်ကြသည့် အထောက်အထားများ တွေ့ရေ သ်ာငြား ပုဂံခေတ်တွင် စတင်ထွန်းကားခဲ့ကြောင်း အမှတ်အသား ပြုထားကြသည်။ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း ဘာသာတရား၏ အဆုံးအမများအား ကိုယ်တိုင် စောင့်ထိန်းလိုက်နာမှုအတွက် စံပြုထိုက်သည့်ပုဂ္ဂိုလ်၊ ကိုယ်တိုင်စောင့်ထိန်း လိုက်နာမှုရှိသည့်အပြင် အခြားသူများ စောင့်ထိန်းလိုက် နာစေရန် ဟောပြောဆုံးမ သွန်သင်မှု တွင်ပါ စံပြုထိုက်သည့်ပုဂ္ဂိုလ်တို့ အသီးသီး ပေါ်ထွန်းခဲ့ကြသည်မှာလည်း ယနေ့တိုင်ဖြစ်သည်။

အပြုနှင့်အဖျက်၊ အကောင်းနှင့်အဆိုးတို့ ရှိကြသည့် လောက သဘာဝအတိုင်း ကိုယ်ကျင့်တရား စောင့်ထိန်းလိုက်နာမှု လျော့ပါးလာသူများ ရှိကြသဖြင့် အဂတိလိုက်စားမှု တည်းဟူသော လူမှုရေး ရောဂါဆိုးကြီးကလည်း ခေတ်အဆက် ဆက်ပေါ်ပေါက်ခဲ့ရာ ယနေ့တိုင်ဖြစ်သည်။ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ကို ဥပဒေ ပညာရှင်များက အဓိပ္ပာယ် ဖွင့် ဆိုကြရာတွင် မြန်မာနိုင်ငံ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁ ကိုလည်းကောင်း၊ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တို့ကို လည်းကောင်း၊ နိုင်ငံတကာမှ စွယ်စုံကျမ်း နှင့် အဘိဓာန် တို့ကို လည်းကောင်း ရည်ညွှန်း၍ နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာကြစေရန် ဖော်ပြအသိပေး ထားကြသည်။ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ အဂတိ လိုက်စားမှုဟူသည် လာဘ် ငွေ၊ ပစ္စည်း၊ မူးယစ်ဆေးဝါး၊ ငွေကြေးအကျိုးအမြတ် တစ်စုံတစ်ရာကို လက်ခံရယူခြင်း ကိုသာ ဆိုလိုသည် မဟုတ်ဘဲ ယင်းတို့အပြင် ပြည်သူ့ဝန်ထမ်းက မိမိ သို့မဟုတ် အထက်အရာရှိက ဆောင်ရွက်ခဲ့သည့် သို့မဟုတ် ဆောင်ရွက်နေသည့် သို့မဟုတ် ဆောင်ရွက်ရန် ရှိနိုင်သည့် အလုပ်တစ်ခုခုအတွက် မတရား ဆောင်ရွက်ပေးခြင်း၊ မဆောင်ရွက်ဘဲနေခြင်း၊ မျက်နှာသာပေးခြင်း၊ နှိမ့်ချခြင်းတို့ ပါဝင်ကြသည်။ ထို့ပြင် အစိုးရ လျှို့ဝှက်ချက်များကို အသိပေးအကြောင်း ကြားခြင်း၊ အသုံးပြုခြင်း၊ ဥပဒေနှင့်အညီ မဟုတ်ဘဲ ထိန်းသိမ်းထားခြင်း၊ ပေါ့လျော့ခြင်း၊ အခွင့်မရှိဘဲ ဘဏ်လျှို့ဝှက် ချက်များကို ပေါက်ကြားခြင်းတို့သည်လည်း အဂတိ လိုက်စားမှုဖြစ်သည်။ ထိုနည်းအတူ အစိုးရပစ္စည်းကို ခိုးယူခြင်း၊ အလွဲသုံးစားပြုခြင်း၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်ခြင်း၊ ထိမ်ချန်ခြင်း၊ ဖျက်ဆီးခြင်း၊ ထိခိုက်နစ်နာစေခြင်းတို့သည် လည်း အကျင့်ပျက်ခြစားမှု သို့မဟုတ် အဂတိ လိုက်စားမှုဖြစ်သည်။

ပြည်သူ့ဝန်ထမ်းတို့ ရှောင်ကြဉ်အပ်သော တံစိုးသုံးပါးနှင့် အဂတိတရား လေးပါးတို့ကို ဥပဒေပညာရှင်များက သတိပေး ထားကြရာ တံစိုးသုံးပါးဟူသည် မေတ္တာတံစိုး၊ မျက်နှာတံစိုး၊ ဥစ္စာတံစိုးတို့ဖြစ်သည်။ အဆိုပါ တံစိုးသုံးပါးကို အကြောင်း ပြု၍ လက်ဆောင် ရယူခြင်းသည် တံစိုးလက်ဆောင် ဖြစ်လာပြီး လာဘ်လာဘ ရယူခြင်းဖြစ်သည်။ အဂတိတရား လေးပါးဟူသည် ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိ တို့ဖြစ်သည်။ အဆိုပါ အဂတိတရား လေးပါးကို အကြောင်းပြု၍ ပြုမူဆောင်ရွက်ချက်များသည် အဂတိ လိုက်စားခြင်းဖြစ်သည်။ ဂေါတမမြတ်စွာဘုရား သာသနာတော်သည် နှစ်ပေါင်း ၂၆ဝဝ ကျော် သက်တမ်းရှိသည့် တိုင်အောင် ငါးပါးသီလ မမြဲကြသည်ကို ထောက်၍ လည်းကောင်း၊ မျက်မှောက်ကာလ လူမျိုးမရွေး၊ ဘာသာမရွေး အားပေးနှစ်သက်ကြသော ကမ္ဘာ့ဘောလုံး လောကနှင့် အပြည်ပြည် ဆိုင်ရာအိုလံပစ် ကော်မတီ အရှုပ်တော်ပုံများကို ထောက်၍ လည်းကောင်း ခေတ်စနစ်၏ ဖန်တီးမှုကြောင့် အဂတိ လိုက်စားမှုဖြစ်ရသည်ဟူ၍ အတိအကျပြောရန် သင့်၊ မသင့်စဉ်းစားချင့်ချိန်ရန်လိုသည်။ အဂတိ လိုက်စားမှုတည်းဟူသော လူမှုရေးရောဂါ ဆိုးကြီးသည် လူ့ဘဝလမ်းစဉ် တစ်လျှောက် အခါအခွင့်သင့်၍ ခွင်တည့်သည့်အချိန် စံစားခွင့် ရနိုင်သကဲ့သို့ အခါအခွင့်မသင့်သည့် အချိန်တွင် ဖြေလျှော့ခွေ ဖြစ်တတ်သည်ကို အစဉ်အမြဲ သတိရှိကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။

Read 12 times Last modified on Thursday, 12 October 2017 09:04