SJ WorldNews - шаблон joomla Авто

မြန်မာကင်းထောက်အစ ရမည်းသင်း အထက်တန်းကျောင်းက

Tuesday, 10 October 2017 08:41 font size decrease font size decrease font size increase font size increase font size

 

မြန်မာနိုင်ငံ ကိုလိုနီခေတ် ၁၈၈၇ ခုနှစ်တွင် ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်တို့ကို ရမည်းသင်းခရိုင်အဖြစ် သတ်မှတ်ဖွဲ့စည်းသည်။

ထိုအချိန်က ရမည်းသင်းမြို့တွင်သာ အထက်တန်းကျောင်း ရှိသဖြင့် ကျန်ရှိသည့် မြို့နယ်များမှ အထက်တန်းပညာ သင်ယူလိုသော ကျောင်းသားများမှာ ရမည်းသင်းမြို့သို့ လာရောက်သင်ယူကြရသည်။ ရမည်းသင်းမြို့ အထက်တန်းကျောင်းအုပ် ဆရာကြီး ဦးစီကာသည် ကျောင်းသားများကို စုစည်း၍ ၁၉၃၄ ခုနှစ်တွင် ကင်းထောက်အဖွဲ့ကို ဖွဲ့စည်းပြီး အဆောက်အအုံတစ်ခု ဆောက်လုပ်ပြီး ထိုအဆောက်အအုံတွင် လူငယ်များကို ကင်းထောက်ပညာရပ်များ သင်ကြားပေးခဲ့သည်။

ကင်းထောက်လူငယ်များကို ပြုစုပျိုးထောင်ပေးရာတွင် စာဖတ်ခြင်း၊ အားကစား လေ့ကျင့်ခြင်းနှင့် ပရဟိတ လုပ်ငန်းများကို စိတ်ဝင်စားပြီး အများအကျိုးဆောင်ရွက်လိုသော စိတ်ဓာတ်ခိုင်မာလာစေရန် ဆရာ၊ ဆရာမများက သင်ကြားပေးကြခြင်းဖြင့် မြန်မာနိုင်ငံ ကင်းထောက်သမိုင်းကို စတင်ခဲ့ကြသည်။ ကင်းထောက်အဖွဲ့များ ဖွဲ့စည်းခြင်းကို ၁၉၂ဝ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ကင်းထောက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခဲ့ရာ ထိုအချိန်က နိုင်ငံတော်သမ္မတနှင့် ဝန်ကြီးချုပ်များ ကိုယ်တိုင် ကင်းထောက်အဖွဲ့ အကြီးအကဲများအဖြစ် ဂုဏ်ပြုချီးမြှင့် ထမ်းဆောင်ခဲ့ကြသည်ကို သမိုင်းမှတ်တမ်းများ၌ တွေ့ရသည်။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရလက်ထက်တွင် ၂ဝ၁၂ ခုနှစ်မှစ၍ မြန်မာကင်းထောက်အဖွဲ့ကို နိုင်ငံတကာ ကင်းထောက်ကျင့်ထုံး ပြန်လည်ဖွဲ့စည်းပြီး ကင်းထောက်လုပ်ငန်း များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ ၂ဝ၁၄ ခုနှစ်ကုန်အထိ ကင်းထောက်လူငယ် မောင်မယ်ဦးရေ တစ်သိန်းခန့်ရှိကြောင်း သိရသည်။

ကင်းထောက်လုပ်ငန်းသည် နိုင်ငံရေးနှင့်စစ်ရေး မစွက်ဖက်သည့် မွန်မြတ်သော နိုင်ငံ့သားကောင်းများ ပြုစုပျိုးထောင်ရေး လုပ်ငန်းသက်သက်ဖြစ်သဖြင့် ကင်းထောက်ဆောင်ပုဒ် ''သူတစ်ပါးကို ကူညီဖို့အသင့် ရှိရမည်''(Be prepared) ဟုဖော်ညွှန်းထားသည်။ မွန်မြတ်သော ကင်းထောက်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြသည့် ကင်းထောက်လူငယ် မောင်မယ်များသည် မိမိကိုယ်တိုင် ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်ရေး၊ နိုင်ငံတော်ကိုချစ်မြတ်နိုးပြီး သစ္စာစောင့်သိရေး၊ လူမှုရေးကိစ္စများတွင် ပရဟိတစိတ်ဓာတ်ဖြင့် ကူညီရေး စသည့် အခြေခံကောင်းများ စွဲမြဲရေးတို့ဖြစ်သည်။

မြန်မာကင်းထောက်အဖွဲ့ချုပ်ကို  မြန်မာကင်းထောက် (အမျိုးသား)နှင့် မြန်မာကင်းထောက် (အမျိုးသမီး) ဟူ၍ အဖွဲ့နှစ်ဖွဲ့ဖြင့် ဖွဲ့စည်းလေ့ကျင့် ပေးခဲ့သည်။ ထိုအချိန်က ကင်းထောက်အဖွဲ့ချုပ်တွင် ယခင်ကင်းထောက်ဟောင်းကြီးများ ပါဝင်ကြသည်။ ကင်းထောက်ဟောင်းကြီးများသည် ပြည်ထောင်စုအဆင့် တာဝန်ထမ်းဆောင် နေကြသည့်ပုဂ္ဂိုလ်ကြီးများ ဖြစ်နေသဖြင့် နိုင်ငံရေး သဝန်ကြောင်သူအချို့က ကင်းထောက်ဆောင်ပုဒ်နှင့် မွန်မြတ်သော ကင်းထောက်လုပ်ငန်း ရည်ရွယ်ချက်များကိုမေ့လျော့၍ ထေ့ငေါ့စကားဆိုသံ ကြားရသည်။ ကင်းထောက် ဟောင်းကြီးများသည် ဂေါတမမြတ်စွာဘုရားက ဓာတုစယတက္က တွန်းအား အာရုံခြောက်ပါး အစွဲမထားရန် ဟောကြားခဲ့သည့် ဒိဋ္ဌေဒိဋ္ဌမတ္တံတရားတော်ကို နှလုံးသွင်းလျက် ဆက်လက်ဆောင်ရွက်ကြသည်။

တိုးတက်မှုအနေဖြင့် ၂ဝ၁၄ ခုနှစ်တွင် မြန်မာကင်းထောက် (အမျိုးသမီး)အဖွဲ့က ကမ္ဘာ့ကင်းထောက်အဖွဲ့၏ တွဲဖက်အဖွဲ့ဝင်ဖြစ်လာသည်။ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁ဝ ရက်မှ ၁၅ ရက်အထိ ဖိလစ်ပိုင်သမ္မတနိုင်ငံ၌ ကျင်းပသော အာဆီယံဒေသတွင်း ကင်းထောက်များ ပူးပေါင်းဆောင်ရွက်ရေး ကွန်ဖရင့်၊ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ ၈ ရက်အထိ ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပသော အာရှ-ပစိဖိတ် ကင်းထောက်အဖွဲ့ချုပ်များ၏

(၂၅)ကြိမ်မြောက် ကွန်ဖရင့်များသို့ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်၍ ကမ္ဘာ့ကင်းထောက် လှုပ်ရှားမှုများတွင် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် ပါဝင်ရေးကြိုးပမ်းခဲ့ကြသည်။ မြန်မာ ကင်းထောက်အဖွဲ့သည် ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာ့ကင်းထောက်အဖွဲ့၏ (၁၆၄)နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင်ညို၏ ပြောပြချက်အရ သိရသည်။

ယခုအချိန်တွင် မြန်မာကင်းထောက် ရာပြည့်အခမ်းအနား အောင်မြင်မှု အထိမ်းအမှတ် ဂီတပွဲတော်ကို ရန်ကုန်မြို့  အမျိုးသားအားကစားရုံ(၁) သုဝဏ္ဏ၌ နိုဝင်ဘာ ၁၂ ရက် ည  ၆ နာရီမှ ည ၁ဝ နာရီအထိ ကျင်းပမည့် အစီအစဉ်တွင် အခြေခံပညာကျောင်းများမှ ကင်းထောက်များ၊ တက္ကသိုလ်ကျောင်းများမှ ကင်းထောက်များနှင့် အနုပညာရှင်များ ပါဝင်သီဆိုဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ နိုင်ငံရေးနှင့်စစ်ရေး မစွက်ဖက်ဘဲ မွန်မြတ်သော နိုင်ငံ့သားကောင်းများ ပြုစုပျိုးထောင်ရေး သက်သက်ရည်ရွယ်သော ရမည်းသင်းမြို့ အစိုးရအထက်တန်းကျောင်းက စခဲ့သည့် ကင်းထောက်ဆောင်ပုဒ်ကို နားလည်တန်ဖိုးထားသော လူငယ်များပေါ်ထွန်းရေး အလေးထားဆောင်ရွက်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။  

 

Read 63 times Last modified on Tuesday, 10 October 2017 08:42