SJ WorldNews - шаблон joomla Авто

ရိုးမကိုအလှဆင် ရွှေဖြူပင်ဖြစ်ထွန်းရေး

Thursday, 12 July 2018 08:17 font size decrease font size decrease font size increase font size increase font size

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် နေ့စဉ်အစုန်အဆန် သွားလာနေကြသောမော်တော်ယာဉ်စီးရေသည် တစ်နေ့လျှင်နှစ်သောင်းခန့်ရှိကြရာ ခရီးသည်တင် မှန်လုံယာဉ်ကြီးများ၊ အိမ်စီးယာဉ်ငယ်များ အရွယ်အစားနှင့် အရောင်စုံလင်လှသည်။ ယခုမိုးတွင်းကာလတွင် လမ်းလယ်ကျွန်းများ၌ အလှစိုက်ထားသော ပန်းပင်ကလေး များကလည်း ရောင်စုံပွင့် အမြင်တင့်နေကြသည်။ အခြားပန်းများနှယ် ရနံ့မကြွယ်ရှာဘဲ အမြဲမြင်နေကြရသည့် ရာသီမရွေးပွင့်သော ရောင်စုံစက္ကူပန်းကလေးများ၏ သစ္စာတရားက ထူးခြားသည်ဟု ဆိုနိုင်သည်။ ပူပြင်းခြောက်သွေ့သော နွေကာလတွင် မိုးမစိုရေမဖျန်းဘဲ ပွင့်လန်းကြသည့်ငုဝါပန်းကလေးများ မိုးတွင်းကာလမှာ မပွင့်ရှာကြတော့ပေ။

အမြန်လမ်းမကြီးပေါ် သွားလာနေကြသော မော်တော်ယာဉ်များ ခေတ္တရပ်နားကြသည့် ၁၁၅ မိုင်စခန်းမှ မိုင်တိုင်အမှတ် ၃ဝ ခန့်အထိ လမ်းဘေးဝဲ/ယာ၌ ပဲခူးရိုးမကို ရွှေဖြူလွှမ်းရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးထားသည့် စိမ်းစိမ်းစိုစို ရော်ဘာပင်များကို မြင်တွေ့ကြရသည်။ရော်ဘာပင်မှထွက်သော အစေးသည် ပြည်ပဈေးကွက်၌ အရောင်းတွင်သော စက်မှုကုန်ကြမ်း တစ်မျိုးဖြစ်သဖြင့် ရော်ဘာပင်စိုက်ပျိုးရေးကို ရွှေဖြူထုတ်လုပ်ရေး လုပ်ငန်းဟုခေါ်ကြသည်မှာ ကမ္ဘာ့ဈေးကွက်ဝင်ရေနံကို ရွှေမည်းဟု တင်စားကြသည်နှင့် သဏ္ဌာန်တူ တင်စား ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးရေးကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့၌ စီးပွားဖြစ်စိုက်ပျိုးကြသည့် စုစုပေါင်းဧက ၁၆ သိန်းကျော် ရှိသော်လည်း ဧက ၇၅ဝဝဝဝ သာ အစေးထုတ်ယူနိုင်သည်။ မြန်မာနိုင်ငံ ရော်ဘာစိုက်ခင်းများမှ ထုတ်ယူရရှိသော ရော်ဘာစေးကိုပြည်တွင်းစက်မှု လုပ်ငန်းများအတွက် သုံးစွဲမှုအနည်းငယ်သာ ရှိပြီး အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ၇ဝ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများဖြစ်ကြသည့် စင်ကာပူ၊ အင်ဒိုနီးရှား၊မလေးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်နှင့်ဂျာမနီနိုင်ငံ တို့သို့လည်း တင်ပို့ကြောင်း သိရသည်။

ပြည်ပသို့ရော်ဘာစေးတင်ပို့ရာတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့၏ စီးပွားရေး အခြေအနေ၊ ကမ္ဘာ့ရေနံဈေးနှုန်း၊ အမေရိကန်ဒေါ်လာငွေလဲနှုန်း၊ နိုင်ငံရေး လှုပ်ခတ်မှုတို့အပေါ် မူတည်၍ ယခုနှစ်ဈေးနှုန်း ကျဆင်းရခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်က ယခုအချိန်တွင် ရော်ဘာဈေးတစ်ပေါင်လျှင် ငွေကျပ် ၈ဝဝ ပေါက်ဈေးရှိသော်လည်း ယခုပေါက်ဈေးမှာ ငွေကျပ် ၆၈ဝ အထိကျဆင်းသွားရာမှ ဒေါ်လာဈေးတက်သဖြင့် ရော်ဘာဈေး အနည်းငယ်ပြန်တက် လာကြောင်း သိရသည်။

ရော်ဘာဈေးတက်လာသည့် တိုင်အောင် စိုက်ပျိုး ထုတ်လုပ်သူများအတွက် သွင်းအားစု ဈေးကြီးမြင့်ခြင်းနှင့် လုပ်သားခ မြင့်တက်လာခြင်းတို့ကြောင့် အကျိုးအမြတ်မရှိ ဖြစ်နေကြရသည်။ လတ်တလောရော်ဘာစေး ဈေးနှုန်းကျဆင်းရသည့် အကြောင်းရင်းမှာ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ ကုန်သွယ်ရေးစစ်ပွဲ ဂယက်ကြောင့်ဖြစ်ကြောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းဝင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ရော်ဘာစိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းဖွံ့ဖြိုးရေးနှင့် ဈေးကွက် ရရှိရေးအတွက်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဝန်ကြီး ဌာနများနှင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့မှ တာဝန်ရှိသူများ ပူးပေါင်းညှိနှိုင်း၍ ဥပဒေမူကြမ်း ရေးဆွဲလျက်ရှိရာ ၈ဝ ရာခိုင်နှုန်း ရေးဆွဲပြီးဖြစ်သဖြင့် ၂ဝ၁၈ ခုနှစ်အတွင်း ဥပဒေအကျိုး သက်ရောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥပဒေမူကြမ်းရေးဆွဲရာတွင် မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ပြဋ္ဌာန်းထားသော ဥပဒေများကို လေ့လာဆန်းစစ်၍မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီစေရန် ပြုစုထားခြင်းဖြစ်သည်။ ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးရေးသည် မြန်မာနိုင်ငံ ပို့ကုန်မဟာဗျူဟာတွင် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ရှိရာ အဆိုပါဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက စိုက်ပျိုးထုတ်လုပ်သူများအတွက် အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်သည်။

''ရွှေပင်ငွေခက်တောမှထွက်၏''ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်အတွက် ပြည်ပပို့ကုန် ထုတ်လုပ်ပေးသော ရော်ဘာစိုက်ခင်းများသည် မော်တော်ယာဉ်များက ထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူ၍ အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးသဖြင့် လေထုညစ်ညမ်းမှု သက်သာစေသည့်အပြင် လူတို့အတွက် ကျန်းမာရေး ကောင်းမွန်အောင် အထောက်အကူပြုပေးလျက်ရှိရာ ပဲခူးရိုးမကို အလှဆင်ရန် ရွှေဖြူပင်ဟု တင်စားထားကြသော ရော်ဘာပင်များ ဖြစ်ထွန်းရှင်သန်ရေး ဝိုင်းဝန်းထိန်းသိမ်းကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။    

Read 15 times Last modified on Thursday, 12 July 2018 08:19