SJ WorldNews - шаблон joomla Авто

စွန့်ဦးတီထွင် နည်းပညာရှင် အားပေးကြစေချင်

Wednesday, 11 July 2018 10:18 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့နိုင်ငံများ၌ လောင်စာစွမ်းအင်ချွေတာရေးနှင့် လေထုညစ်ညမ်းမှု သက်သာရေး အလေးထား ဆောင်ရွက်နေကြသော ယနေ့ကာလတွင် မြန်မာနိုင်ငံ၌ ဆိုလာစနစ်သုံး မော်တော်ယာဉ်စမ်းသပ် မောင်းနှင်မှု အောင်မြင်ကြောင်း သတင်းကောင်း ကြားရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၁၂)ရပ်ကွက်ရှိ မော်တော်ကားပြင် အလုပ်ရုံပိုင်ရှင် သားအဖနှင့် လားရှိုးနည်းပညာတက္ကသိုလ်မှ ကျောင်းသားများ ပူးပေါင်း၍ ကျောင်းပရောဂျက်တွင် ပြသနိုင်ရန် ဆိုလာစနစ်သုံး မော်တော်ယာဉ်ကို ထုတ်လုပ်ခဲ့ကြကြောင်း သိရသည်။ ဆိုလာစနစ်သုံး မော်တော်ယာဉ်သည် အလျား ၇ ပေ၊ အနံ ၂ ပေ အရွယ်အစားရှိသည့် ဆိုလာပြားနှစ်ချပ်နှင့် ဘက်ထရီငါးလုံး တပ်ဆင်ထားသည်။ အဝေးထိန်းစနစ်ဖြင့် အင်ဂျင်စက်နှိုးကာ ၇ မိုင်ခရီးကို စမ်းသပ်မောင်းနှင် အောင်မြင်ခဲ့ပြီးဖြစ်သည်။

မော်တော်ယာဉ်တည်ဆောက်ရန် အချိန်ရက်သတ္တ သုံးပတ်ကြာပြီး ပစ္စည်းတန်ဖိုးနှင့် လက်ခအပါအဝင် စုစုပေါင်းငွေကျပ် ၂၅ သိန်း ကုန်ကျသည်။ ကမ္ဘာ့လောင်စာ စွမ်းအင်ဈေးနှုန်းသည် အတက်ဘက်သို့ ဦးတည်စေသည့် လတ်တလော အကြောင်းရင်းမှာ အရှေ့အလယ်ပိုင်းဒေသမှ ရေနံရောင်းနိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုတို့၏ ပါးကိုက်လျှင်နားကိုက်မည့် ဆိုသည့်သဘော သက်ရောက်သည့် ဆက်ဆံရေးကြောင့်ဖြစ်သည်။ ယခုနှစ် နိုဝင်ဘာလမှစ၍ အီရန်နိုင်ငံမှ ပေးပို့သောရေနံကို တင်သွင်းခွင့်မပြုကြရန် အမေရိကန်ပြည်ထောင်စုက ၎င်း၏မဟာမိတ်နိုင်ငံများအား ဖိအားပေးလိုက်ပြီး မလိုက်နာသည့် နိုင်ငံကို အရေးယူ ပိတ်ဆို့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

ကမ္ဘာ့ရေနံဈေးနှုန်းသည် အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်သည့် အချိန်မှစ၍ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံ အပေါ်ချမှတ်သော အရေးယူ ပိတ်ဆို့မှုများတွင် အီရန်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများထံမှ အမေရိကန်ဒေါ်လာ ဝယ်ယူခွင့်နှင့် အခြားနည်းရယူခွင့်များကို တားမြစ်ခြင်းအပြင် အီရန်နိုင်ငံမှ ရေနံစိမ်းများကို ဝယ်ယူခွင့်နှင့် အီရန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ကြရန် တားမြစ်ခြင်းတို့ ပါဝင်သည်။ ယခုလတ်တလော အခြေအနေမှာ အီရန်နိုင်ငံသည် တစ်ရက်လျှင် ရေနံစိမ်းစည်နှစ်သန်းခွဲ တင်ပို့လျက်ရှိရာမှ လေးသန်းအထိ တိုးမြှင့်တင်ပို့မည်ဆိုလျှင် အမေရိကန်ပြည်ထောင်စု၏ ကြိုးပမ်းမှုကြောင့် အီရန်နိုင်ငံ၏ ရေနံလုပ်ငန်းအတွက် ထိခိုက်မည်မဟုတ်ကြောင်း အီရန်နိုင်ငံ ရေနံဝန်ကြီးက ပြောကြားသည်။

အမေရိကန်နိုင်ငံ၏ ပိတ်ဆို့မှုကြောင့် ဇူလိုင်အစောပိုင်း ကာလမှစ၍ ရေနံဈေးနှုန်းမြင့်တက်လာခဲ့ရာ ဇူလိုင် ၉ ရက် ရေနံစိမ်းတစ်စည်ပေါက်ဈေး အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၅၅ ရှိသည်။ အီရန်နိုင်ငံက ရေနံတင်ပို့မှုလျှော့ချပါက ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉ဝ အထိ ဈေးနှုန်းမြင့်တက် လာနိုင်သည်ဟု ခန့်မှန်းသူများလည်းရှိသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းမြင့်တက်ချိန်တွင် ၎င်းတို့အတွက် မဟာဗျူဟာမြောက် သိမ်းဆည်းထားသော အရန်ရေနံများကို  ဈေးကွက်အတွင်း ထုတ်ရောင်းခွင့်ပြုမည် မဟုတ်ဘဲ အရန်ရေနံများသည် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အချိန်တွင်သာ အသုံးပြုရန်ဖြစ်သည်ဟု ဆိုသည်။ ကမ္ဘာ့ရေနံဈေးကွက် လိုအပ်ချက်ကိုဖြည့်ဆည်းရန် ဆော်ဒီအာရေဗျနိုင်ငံက တစ်ရက်လျှင် ရေနံစိမ်းစည် ၁၁ သန်း ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ရုရှားနိုင်ငံကလည်း ရေနံတင်ပို့နိုင်မည်ဟု အမေရိကန် ပြည်ထောင်စုက ယုံကြည်ထားသည်။ အမေရိကန်သမ္မတနှင့် ဆော်ဒီဘုရင်တို့ ယခုလအစောပိုင်းက တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားစဉ် ရေနံတိုးထုတ်လုပ်ရေးကို ဆော်ဒီဘုရင်က သဘောတူကြောင်း အမေရိကန်သမ္မတက ပြောသော်လည်း SPA သတင်းဌာနက နောက်ပိုင်းထုတ်ပြန်သော သတင်း၌ ဆော်ဒီဘုရင်က သဘောမတူကြောင်း ဖော်ပြထားသည်ဟု Sputnik က ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံများသည် ရုပ်ကြွင်းလောင်စာ တဖြည်းဖြည်း ရှားပါးလာသည့်ပြဿနာကို ဖြေရှင်းနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုရေးကို ကြိုးစားနေကြသည်။ မြန်မာနိုင်ငံတွင်လည်း ဈေးနှုန်းသက်သာသော သဘာဝဓာတ်ငွေ့ (Gas) ဖြင့် မောင်းနှင်နိုင်သော မော်တော်ယာဉ်များကို အသုံးပြုလျက်ရှိရာမှ ရေနံဓာတ်ငွေ့ရည် (LPG) ဖြင့် မောင်းနှင်နိုင်သော မော်တော်ယာဉ်များကို အသုံးပြုရန် စီမံနေကြပြီဖြစ်သည်။

သို့ဖြစ်၍  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆိုလာစနစ်ဖြင့် မောင်းနှင်နိုင်သော မော်တော်ယာဉ်များကို ထုတ်လုပ်၍ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ကြသော်  ကမ္ဘာ့ရေနံဈေးနှုန်း၏ ရိုက်ခတ်မှု လျော့နည်း သက်သာစေမည့်အပြင်  လေထုညစ်ညမ်းမှုကိုပါ သက်သာစေမည် ဖြစ်ခြင်းကြောင့်  လားရှိုးမြို့မှ လူငယ်တို့၏  နည်းပညာတီထွင်မှုကို အားပေးကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  

Read 14 times Last modified on Wednesday, 11 July 2018 10:19