SJ WorldNews - шаблон joomla Авто

အမိကမ္ဘာ စခန်းသာ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး အားလုံးပါဝင်

Tuesday, 10 July 2018 09:09 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်မကြီးနှင့် နှစ်မိုင်ခန့်ကွာဝေးသော သံဘိုရွာသစ်ကျေးရွာအနီးမှ ကိုးကွေ့သစ်တောကြိုးဝိုင်း အတွင်း၌   အရှည်ပေ ၁၄ဝ၊ လုံးပတ် ၁၃ ပေခန့်နှင့် သက်တမ်း နှစ်သန်းပေါင်း ၁ဝဝ မှ ၂၅ဝ ခန့်ရှိနိုင်သည့် အင်ကြင်းကျောက်ဖြစ် ရုပ်ကြွင်းတွေ့ရှိထားကြောင်း ပုပ္ပားတောင်ချစ်သူများ အသင်းထံမှ သိရသည်။ ဤဒေသမှ ယခင်တွေ့ခဲ့ဖူးသော အင်ကြင်းကျောက်ဖြစ် ရုပ်ကြွင်းများမှာ အရှည် ၇၂ ပေနှင့် ၁၂၅ ပေ အသီးသီး ရှိကြသဖြင့် ယခုတွေ့ရသော အင်ကြင်းကျောက်ဖြစ် ရုပ်ကြွင်းသည် အကြီးဆုံးဖြစ်သည်။

ပုပ္ပားတောင်သည် မြန်မာနိုင်ငံ ကျောက်ခေတ်ဦး အညာသားယဉ်ကျေးမှု ထွန်းကားခဲ့သည့် ချောက်၊ ရေနံချောင်း၊ ညောင်ဦးတို့နှင့် တစ်ဆက်တည်းရှိသောကြောင့် ကျောက်ကြမ်းခေတ် လူသားများ နေထိုင်ခဲ့သည့် ဒေသဖြစ်ဖွယ် ရှိကြောင်း၊ လွန်ခဲ့သော နှစ်တစ်သန်းက ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းသည် ပုပ္ပားတောင်နေရာ ဖြစ်နိုင်ကြောင်း သမိုင်းပညာရှင်တို့ ခန့်မှန်းထားကြသည်။ အမေရိကန် ပြည်ထောင်စုမှ ရှေးဟောင်းသုတေသီ ဒေါက်တာ မိုးဗီးယပ်စ်က ဆီလီကာကြွယ်ဝသော မီးတောင်ကျောက်ဖြင့်ပြုလုပ်ထားသည့် ကျောက်လက်နက်များကို ပုပ္ပားတောင်ခြေ ဆည်ပေါက်ကျေးရွာမှရရှိခဲ့ဖူးသည့် အတွက် ပုပ္ပားဒေသတွင် ကျောက်ခေတ်လူသားများ နေထိုင်ခဲ့ဖူးသည်ဟု ရေးသားထားကြောင်း သိရသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၄၉၈၁ ပေမြင့်သည့် ပုပ္ပားတောင်မကြီးဟု လူသိများသော မှန်ပြတောင်ကို စပါးပုံတောင်၊ ရေတွင်းတောင်၊ မောင်းတောင်၊ ငုတ်တိုတောင်၊ လပို့တောင်၊ မှန်တောင်၊ ဆေးပွင့်တောင်၊ စိန်တောင်၊ မာလာတောင်၊ ကင်ပွန်းတောင်ဟူသော တောင်စွယ်များက ဝန်းရံထားကြသည်။

ပုပ္ပားတောင်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝဝဝဝ က မီးတောင်ရှင်တစ်ခုဖြစ်ခဲ့ပြီး မီးတောင်ပေါက်ကွဲပြီးနောက်တွင်  မီးတောင်သေတစ်ခုအဖြစ် ကျန်ရှိခဲ့ကြောင်း ပညာရှင်များကယူဆထားကြသည်။ မီးတောင်ဒေသထိပ်ဝသည် တစ်မိုင်ကျယ်ဝန်းပြီး အနက်ပေ ၂၆၅ဝ ရှိသည့် ချောက်ကမ်းပါးကြီးတစ်ခု တည်ရှိနေသည်ကို ချုံးမတွင်းချောက်ဟု ခေါ်ကြသည်။ မီးတောင်ပေါက်ကွဲစဉ်က လွင့်စဉ်ခဲ့သောချော်ရည်များသည် ပုပ္ပားတောင်မကြီး၏ မြောက်ဘက် ၁ဝ စတုရန်းမိုင်အထိ ဖုံးလွှမ်းခဲ့ရာ ချော်တုံးအပိုင်းအစများကို ယနေ့တိုင်တွေ့မြင်ကြရသည်။ သံဘိုရွာသစ်ကျေးရွာနှင့် ဆည်ပေါက်ချောင်းစီးဆင်းရာဝန်းကျင်ရှိ ယာခင်းများတွင် အင်ကြင်းကျောက် အပိုင်းအစများနှင့် သက်နု သလင်းကျောက်နှင့်သဏ္ဌာန်တူသော အပိုင်းအစများ ရှိကြောင်း တွေ့ခဲ့ရဖူးသည်။

ပုပ္ပားတောင်ဝန်းကျင်ဒေသသည် အခြောက်ထဲကအစိုဟု တင်စားထားသည့် အားလျော်စွာ အပန်းဖြေခရီးသွားများအပြင် ရှေးဟောင်းသုတေသန၊ ဘူမိဗေဒ၊ ရုက္ခဗေဒ၊ သစ်တော၊ သမိုင်းကြောင်း စသည့် ပညာရပ် ဆိုင်ရာသုတေသီများ စိတ်ဝင်စားကြသည့် ဒေသဖြစ်သည်။   ဘူမိဆိုင်ရာ ကျောက်ဖွဲ့စည်းပုံကို လေ့လာကြသူများ၊ မျောက်၊ ငှက်၊ လိပ်ပြာ စသည့် ဇီဝမျိုးစိတ်များကို လေ့လာကြသူများ၊ ပရဆေးပင်များနှင့် သစ်ခွအပါအဝင် အပင်မျိုးစိတ်များကို လေ့လာသုတေသန ပြုသူများ ပုပ္ပားဒေသသို့ လာရောက်ကြသည်။ အကျယ်အဝန်းအားဖြင့် ၄၉ ဒသမ ၆၃ စတုရန်းမိုင်ကျယ်ဝန်းသော ပုပ္ပားတောင်ဥယျာဉ်ကို ၁၉၈၃ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ဆေးဖက်ဝင်အပင်ပေါင်း ၃၅ဝ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။ ဒေသခံငှက်မျိုးစိတ် ၇ဝ ကျော်အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၁၃ဝ ကျော်၊ မျောက်နှင့်တောကြောင် အပါအဝင်  နို့တိုက်သတ္တဝါမျိုးစိတ် ၁ဝ မျိုး၊ ပရဆေးပင်ပေါင်း ၃၆ဝ နှင့် သစ်ခွ ၈၄ မျိုး စိုက်ပျိုးထားကြောင်း သိရသည်။ အခြားသတ္တဝါများမှာ တောဝက်၊ ချေနှင့်စိုင်တို့ ကျက်စားနေထိုင်ကြသည်။  မျောက်ညိုနှင့် မျောက်မျက်ကွင်းဖြူများ ကျက်စားလျက်ရှိကြရာ ပုပ္ပားဒေသတွင် တောရိုင်းတိရစ္ဆာန်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းကို တားမြစ်ထားသည့်အပြင် ထင်းခုတ်ခြင်းကိုပါ တားမြစ်ထားသဖြင့် ဂေဟစနစ်များ ကောင်းမွန်လျက်ရှိသည်။

ပုပ္ပားတောင်မကြီးမှ အနောက်ဘက်သို့ နိမ့်ဆင်းသွားသော ဆင်ခြေလျှောတွင် တောင်ထွတ်တစ်ခုသည် မြေပြင်မှချွန်ထွက်လျက်ရှိရာ ကလပ်ပုံနှင့်တူသဖြင့် တောင်ကလပ်ဟုခေါ်ကြပြီး အမြင့် ၂၄၁၇ ပေမြင့်ကြောင်း သိရသည်။ တောင်ကလပ်ပေါ်သို့ရောက်ရန် စောင်းတန်းများ၏အရိပ်ကိုခို၍ လှေကားထစ်များမှတက်သွားပြီး စေတီများကို ဖူးမြော်ကြည်ညိုရင်း ပုပ္ပားတောင်၏ မြောက်ဘက်နှင့် အနောက်ဘက်ရှိ သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်ကြသည်။

မြန်မာနိုင်ငံတွင် ဘူမိပထဝီဝင် ဥယျာဉ်များကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အသီးသီး ရှိကြသည်။ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ဝန်းကျင် ဒေသသည် သဘာဝတောတောင်ရေမြေနှင့် ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိပြီး အနိမ့်ထဲကအမြင့်၊ အခြောက်ထဲကအစို ဟူသော သဘာဝထူးခြားမှုကြောင့် အမျိုးသားအဆင့် ဘူမိပထဝီဝင်ဥယျာဉ်(ွ Geo Park) တည်ထောင်ရေးကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက ကြီးမှူးကြိုးပမ်းနေကြပြီး ''အမိကမ္ဘာစခန်းသာ''ဟုအမည်ပေးထားကြသည်။

သို့ဖြစ်၍ ပုပ္ပားတောင်ဝန်းကျင်ဒေသရှိ  သဘာဝသယံဇာတများနှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်း စောင့်ရှောက်ရေးတွင် ဒေသခံပြည်သူ အားလုံးတို့ အနေဖြင့် လည်းကောင်း အပန်းဖြေခရီး ဖြစ်စေ၊ သုတေသနအတွက်  ခရီးသွားသည်ဖြစ်စေ အမိကမ္ဘာစခန်းသာ လူတိုင်းပါဝင်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  

Read 21 times Last modified on Tuesday, 10 July 2018 09:10